Posts

Showing posts from January, 2020

ဥသြငှက်များရောက်ရှိလာခြင်း

Image
ဥဩငှက်များရောက်ရှိလာခြင်း ဒီဇင်ဘာနှောင်းပိုင်းရက်တွေကတည်းက ရုတ်တရက်ပျောက်ဆုံးသွားခဲ့တဲ့ အအေးဓာတ်ဟာ ရုတ်တရက်ပဲ ရန်ကုန်ကို ပြန်လည်ရောက်ရှိလာခဲ့ပြန်တယ်။ ဒါရဲ့နောက်ဆက်တွဲအနေနဲ့ သိပ်နောက်မကျသေးတဲ့ ညဘက်တွေဆိုရင် လမ်းပေါ်မှာ ကြက်တောင်ရိုက်နေတဲ့သူတွေကို ပြန်တွေ့လာရတယ်။ ဇန်နဝါရီရဲ့ နောက်ဆုံးရက်သတ္တပတ်ထဲက မနက်ခင်းတစ်ခုမှာတော့ ကျနော်အိပ်ယာနိုးလာတယ်။ နားထဲမှာကြားနေရတဲ့ ဥဩငှက်ရဲ့အသံဟာ ကြည်လင်ချိုမြနေတယ်။ ထုံးစံအတိုင်း ဘယ်အရပ်ကနေ အဲ့အသံရောက်လာတယ်ဆိုတာကို ကျနော်အခုထိ မခွဲတတ်သေးဘူး။ ဘာပဲဖြစ်ဖြစ် ဥဩသံကြားတော့ နွေဦးရောက်ပြီလား လို့ စိတ်ထဲက တွေးနေမိတယ်။ နွေလို့ပြောလိုက်ရင် ကျနော့်စိတ်ထဲရောက်လာတာ ငယ်ငယ်တုန်းက ခေါင်းရွက်မုန့်သည်တွေ။ ငယ်ငယ်က တအားပူလွန်းတဲ့နွေရက်တွေကျရင် အမေက ကျနော့်ကိုအပြင်ပေးမထွက်တော့ဘူး။ ဘယ်ကလေးမှလည်း အပြင်မထွက်ကြပါဘူး။ အဲ့တော့ အဖေဆိုင်ထွက်နေတဲ့အချိန် အိမ်မှာကျန်နေခဲ့တဲ့ကျနော်တို့သားအမိနှစ်ယောက်အတွက်လုပ်စရာက အချင်းချင်းစကားပြောရင်ပြော၊ အမေအိပ်နေတုန်း  ကျနော်က ငှားထားတဲ့စာအုပ်တွေဖတ်ရင်ဖတ်၊ နေ့ခင်းဘက် ရပ်ကွက်ထဲရောက်လာမယ့်မုန့်သည်ကို စောင့်ရင်စောင့် ဒါပဲရှိတယ်။ မုန့်သည်တွေ...

ဂရေ့စ်

Image
ဂရေ့စ် သေတဲ့သူက တစ်ခါပဲသေတယ် ရှင်သန်သူကတော့ သတိရတိုင်းသေဆုံးနေရတယ် (ဒါမှမဟုတ်လည်း) သတိရရင်း ရှင်သန်နေရတယ်။ ဒီနှစ်ပိုင်းတွေမှာ ငါ့ခေါင်းကိုသူတို့ရိုက်ခဲ့တယ် ငါ့နားထင်ကို သေနတ်နဲ့တေ့ထားခဲ့တယ်  ငါ့လည်မျိုကိုဓားနဲ့ထောက်ထားခဲ့တယ် ငါမငိုဘူး ငါ့အသံတုန်မနေဘူး။  ငါ့အမြဲစိတ်ကူးက လူတွေရှေ့ ငိုချဖို့ထက် လူတွေရှေ့ သေပြဖို့ပဲ ဒါပေမယ့် မင်းဆုံးတဲ့ညက ငါမျက်ရည်ကျတယ် မျက်ရည်ဟာ ကျဖို့ထိုက်တန်တဲ့သူအတွက်ဖြစ်ခဲ့ရင် ဘယ်တော့မှပျော့ညံ့ခြင်းမဖြစ်။ ငါကယောကျာ်းဆိုတော့ တစ်ကိုယ်တည်းရှိတော့မှ မင်းနာမည်ကိုရေရွတ်ရတယ် "ကြားလား ဂရေ့စ်" မင်းကိုပစ်တဲ့ကျည်ဆန်ဟာ ငါ့ကိုလည်းထိခဲ့တယ် ငါ့မှတ်ဥာဏ်မှာ စိုက်နေတယ် မြင်းမွေးပြီး မင်းနာမည်ပေးတယ် အပင်တစ်ပင်စိုက်ပြီး မင်းနာမည်ပေးတယ် ငါရှင်သန်နေသရွေ့တော့ မင်းလည်း ဘယ်တော့မှမသေဆုံးပါဘူး ငါ့စိတ်ထဲမှာ အမြဲတမ်း မသေသရွေ့တော့ ရှင်သန်နေရုံပေါ့ ငါသေဆုံးသွားတဲ့နေ့ကျမှ ဘဝတစ်ပါးမှာ ဆေးလိပ်အတူခဲရင်း မင်းနှုတ်ခမ်းကို အရင်လာနမ်းဦးမယ် အချစ်ရယ်။ *Via Peaky Fooking Blinder -ဆပ်ရိပ် ၁၉.၁.၂၀၁၉

Adele သီချင်းနှစ်ပုဒ်နားထောင်ခြင်း

Image
ဒီရက်ပိုင်း တစ်ယောက်ယောက်ကို စကားတွေအများကြီးပြောချင်နေတယ်။ ဘဝရည်မှန်းချက်တွေဘာတွေအကြောင်းမဟုတ်ဘူး။ အဲ့အကြောင်းတွေပါရင်လည်းပါမှာပေါ့။ တကယ်တမ်းက ကိုယ့်စိတ်ထဲက စိတ်ကူးတည့်ရာတွေကို တဖြည်းဖြည်းပြောပြချင်မိတာပါ။ လမ်းထိပ်က ခွေးလေးအကြောင်းပြောချင်တယ်။ ညကအိပ်မက်က ဘယ်လောက်ကြောင်တောင်တောင်နိုင်ကြောင်းပြောချင်တယ်။ရွှေတိဂုံဘုရားစောင်းတန်းမှာ ရွှေဝါရောင်ကြောင်လေးရှိကြောင်းပြောချင်တယ်။ ဒါလေးတွေပါပဲ။ ဒါပေမယ့် ဘယ်သူ့ကိုမှဘာမှတကယ်မပြောဖြစ်ခဲ့ဘူး။ ရပ်နေတဲ့ကားတန်း၊ ပြည့်ကျပ်နေတဲ့လူတွေ၊ ပလက်ဖောင်းပေါ်ကစျေးဆိုင်တွေနဲ့ မြို့ပြက ပိုပိုပြီးကျဥ်းမြောင်းလာနေတယ်။ ညနေဘက်တွေအိမ်ပြန်တဲ့အခါ ကားပြတင်းပေါက်ခုံမှာ နားကျပ်တပ်သေဆုံးရင်းပဲ  တစ်ရက်ပြီးတစ်ရက်အချိန်ကုန်နေခဲ့တယ်။ ပြီးတေ့ာ နားထောင်နေကျ သီချင်းတွေကိုလည်း ရိုးအီနေသလိုခံစားရတယ်။ စိတ်ထဲမှာ ဖွင့်ထုတ်အော်ဟစ်မှုတစ်ခုခုကို တောင့်တနေမိတယ်။ အသက်ရှူလမ်းကြောင်းထဲမှာ ဂွမ်းစတွေရောက်နေသလိုမျိူး အထီးကျန်မှုဟာ လူကိုမွန်းကျပ်စေတာပဲ။ လက်က သီချင်းရှာရင်း Adele ရဲ့ When we were young ဆီရောက်သွားတယ်။ တစ်ခါမှနားမထောင်ဖူးပေမယ့် မကျော်ဖြစ်ဘူး။ အဆုံးထိ ငြိမ်ပြီးနားထောင်...

Anyway, life goes on

Image
Anyway, life goes on. အနှစ်ငါးဆယ်လောက် သူပေါင်းသင်းလာခဲ့တဲ့ခင်ပွန်း ရုတ်တရက်ကွယ်လွန်သွားတော့လည်း စားနေကျဒီမုန့်ဟင်းခါးဆိုင်မှာ သူလာစားဖြစ်ခဲ့တာပဲ။ အတိအကျပြောရရင် သူတို့အိမ်ထောင်သက်က ၅၅နှစ်။ သူတို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် လက်နဲ့တောင်မရွယ်ဖူး။ အချေအတင်ရယ်လို့ ကြီးကြီးမားမားမဖြစ်ဖူး။ တစ်ယောက်က စိတ်မကြည်ရင် တစ်ယောက်က ဘာသိဘာသာနေလိုက်ခြင်းနဲ့ပဲ အဆင်ပြေနေခဲ့တာ။ သူ့ယောကျာ်းဆုံးတော့ မနှစ်က ဧပြီလထဲမှာပေါ့။ အပြင်လက်ဖက်ရည်ဆိုင်က ပြန်လာပြီး အခန်းထဲခဏဝင်အိပ်ရင်း ဆုံးသွားခဲ့တာပဲ။ အတူရှိခဲ့​​ကြတဲ့နှစ်ပေါင်းများစွာအတွက် နှုတ်ဆက်စကားတစ်ခွန်းတောင် မပြောခဲ့ရှာဘူး။ သူအခန်းထဲရောက်တော့ သူ့ယောကျာ်းအသက်မရှိတော့ဘူး။ အခုသူ့အသက် ၇၅နှစ်။ သူ့ယောကျာ်းက သူ့ထက် နှစ်နှစ်ကြီးတယ်။ မိသားစုကိုချစ်မြတ်နိုးသူတစ်ယောက် မိသားစုကိုခွဲခွာသွားခဲ့တယ်။ အစပိုင်းကာလများမှာတော့ သူ့အတွက် နေရထိုင်ရတာကြောင်တောင်တောင်နိုင်တယ်။ အင်းလေ။ ၅၅နှစ်ဆိုတဲ့ကာလဟာ နည်းနည်းလေးမှ မဟုတ်ပဲ။ မနက် ၆နာရီဆို သူအမြဲတမ်းကော်ဖီနှစ်ခွက်ဖျော်တယ်။ ဒီအကျင့်က သူတို့အိမ်ထောင်စကျကတည်းကပဲ။ သူ့ယောကျာ်းက ကော်ဖီအတော်သောက်နိုင်တဲ့သူတစ်ယောက်။ ဆိုတော့ မနက်၆...

ရှုခင်း

Image
ရှူခင်း ရှိသမျှအားလုံး ဖွင့်ထုတ်အော်ပစ်လိုက်ဖို့ တံတားပေါ်ကို တက်သွားခဲ့တာပဲ ဒါပေမယ့် နောက်ဆုံးကြားရတဲ့အသံဟာ တိတ်ဆိတ်ခြင်း လူတစ်ယောက်ဟာ လှေကားအတိုင်း ပြန်ဆင်းမလာတော့ဘူး ဘယ်တော့မှ..။ ဆပ်ရိပ် ၇.၁.၁၉

အချစ်အကြောင်းစဥ်းစားတော့

Image
ဒီတစ်ယောက်ကို ချစ်နေတယ်ဆိုတဲ့အကြောင်းကို ရုတ်တရက်စဥ်းစားမိလိုက်တဲ့အချိန်မှာ ကျနော်လန့်သွားတယ်။ အဲ့ညက ကျနော်အိမ်ပြန်နောက်ကျပြီး လမ်းပေါ်တစ်ယောက်တည်း လျှောက်နေတုန်း။ လမ်းမပေါ်မှာ လူသူအရိပ်အယောင်တောင် မတွေ့ရတော့ပဲ အရှိန်ပြင်းပြင်းမောင်းသွားတဲ့ကားတစ်စီးတစ်လေပဲရှိနေတယ်။ လန့်တယ်ဆိုတာ စကားအဖြစ်ပြောတာမဟုတ်ဘူး။ တစ်ခုခုရောက်လာတော့မယ့် ကြောက်စရာအငွေ့အသက်ကို ခံစားမိလိုက်တာမျိုး။ အဲ့အတွေး စိတ်ထဲဝင်လာတော့ အယောင်ယောင်အမှားမှားနဲ့ ခေါင်းတစ်ချက်ရမ်းလိုက်မိတယ်ထင်တယ်။ ကိုယ့်နာရေးသတင်းကို သတင်းစာမှာ ဖျတ်ခနဲမြင်လိုက်ရသလိုမျိူးပဲ။ ညကပိုမှောင်သွားတယ်။ ချစ်ခြင်းဟာ လူ့အသက်ရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာ ကျနော်သိပါတယ်။ ယောကျာ်းလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ချစ်တယ်ဆိုတာ ထူးဆန်းတဲ့ကိစ္စတစ်ခုရယ်လို့မဟုတ်။ ဒါပေမယ့် ကျနော့်အတွက်ကတော့ ထိတ်လန့်ဖွယ်ရာပဲ။  ဘယ်အထိနစ်သွားမယ်မသိတဲ့ တွင်းအနက်ကြီးတစ်ခုပဲ။ ကျနော့်ရဲ့ လူတစ်ယောက်ကိုချစ်ခဲ့ပါတယ်ဆိုတဲ့ နောက်ဆုံးအကြိမ်ဟာ ဘယ်နှခုနှစ်ကမှန်းတောင် ကျနော်မပြောပြတတ်တော့ဘူး။ နောက်ကိုနည်းနည်းပြန်ကြည့်ရင် ဘယ်သူဘယ်ဝါရယ်လို့ စိတ်ထဲလေးလေးနက်နက်မရှိပဲ နေလာခဲ့တဲ့နှစ်တွေနဲ့ အဝင်ကော...

ဆေးလိပ်

Image
ဆေးလိပ်တိုတွေကြား အိပ်ပျော်နေတဲ့ကျနော့်ကိုမြင်တော့ အဖေအံ့သြမင်သက်သွားမှာ သေချာပါတယ်။ ကျနော့်အိပ်ယာဘေးမှာ ဆေးလိပ်ပြာခွက်တစ်ခုတောင်ရှိမနေဘူး။ အဲ့အစား ဆေးလိပ်ဖင်စီခံတွေနဲ့ ပြာမှုန့်တွေဟာ ရှုပ်ပွနေတဲ့အိပ်ယာနဲ့ စာအုပ်တွေကြား ပြန့်ကြဲနေတယ်။ ကျနော်နိုးတော့ အဖေက အခန်းတံခါးဝမှာ ကျနော့်ကိုငေးကြည့်လို့။ သူ့လက်ကလည်း တံခါးလက်ကိုင်ဘုကို ဆုပ်ကိုင်လျက်သား။ သူကြည့်နေတာ ဘယ်လောက်ကြာပြီလဲ ကျနော်မသိဘူး။ ဘာအသံမှလည်း မပေးဘူး။ ဒါပေမယ့် တစ်ယောက်ယောက်က ခပ်ဆတ်ဆတ်လှုပ်နိုးလိုက်သလိုမျိူး ကျနော်နိုးလာခဲ့တယ်။ ကျနော့်မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့ တံခါးဝကအဖေ့ကိုတွေ့ရတော့တာပဲ။ အဖေ့မျက်လုံးတွေက တစ်ခုခုကိုပြောချင်နေတယ်ဆိုတာ ကျနော်ခံစားမိလိုက်တယ်။ အဲ့ဒါဘာလဲဆိုတာကိုတော့ ကျနော်မပြောနိုင်ပြန်ဘူး။ စိတ်ရှုပ်ထွေးနေမှု၊ အံ့သြမှု၊ အလိုမကျမှု၊ ဒေါသ အားလုံးကို သူ့အကြည့်တစ်ခုတည်းမှာ တွေ့လိုက်ရတာကြောင့်လည်းဖြစ်မယ်။ သူဘာ​ပြောမလဲကျနော်မသိဘူး။ ကျနော့်ဘက်ကပဲ တိတ်ဆိတ်နေတဲ့ ဒီအခြေအနေကိုဖြိုခွဲဖို့ စကားတစ်ခုခုစပြောလိုက်ရမလား။ ဟင့်အင်း။ ကျနော်လည်း ခေါင်းတွေအရမ်းနောက်ကျိနေတယ်။ အခုတွေးနေတာတွေကြောင့် ပိုပြီးတောင် ခေါင်းကိုက်လာသလ...

တောင်ကြီး

Image
တောင်ကြီး ကိုယ့်မြို့ရဲ့ အိမ်အပြန်လမ်းမှာလည်း  ချယ်ရီပန်းတွေရှိနေရင်ကောင်းမှာပဲ။ အိမ်အပြန်လမ်းတစ်လျှောက် ချယ်ရီပန်းများအောက်  စက်ဘီးလေးကိုနင်းလို့ ပျော်ရွှင်နေသောအနွေးထည်ကိုဝတ်လို့လေ။ အဲ့ဒီစိတ်ကူးယဥ်မှုပြီးတဲ့နောက် ခရီးသွားသူကျနော်လည်း ဒိုင်နာကားလက်ရန်းတွေကို မီနေတယ် ခွဲခွာရမယ့်တောင်တန်းများ သိပ်လှတယ်။ တောင်ကြီးစျေးထဲရောက်တော့  ဒေသရောက်အလွမ်းသမား မှုန်ကုပ်ကုပ်ဆိုင်ထဲက ထောင့်ဆုံးခုံမှရွေးထိုင်ဖြစ် ခင်ဗျားတို့မြို့က သိပ်အေးတာပဲ တို့ဟူးနွေးတစ်ပွဲဖြစ်ဖြစ်ပေးပါဗျာ။ -ဆပ်ရိပ် ၃၁.၁၂.၁၉

ကလော

Image
ကလော အခုတော့ ငါတို့အတူတူ နွေးနွေးထွေးထွေး ဆောင်းက ထွေးပွေ့ထားလို့ ငြိမ်သက်နေတဲ့မြို့ကလေးရေ မယ်ရီခရစ်စမတ် ဘုရားကျောင်းက မီးရှူးမီးပန်းစတွေ ကြယ်တွေကြားထဲ မျောပါသွားခဲ့ပေါ့။  -ဆပ်ရိပ် ၂၅.၁၂.၁၉

ထုံကြီး

Image
ငါ့အမေက ငါ့ကို ပြန်မပြောနဲ့လို့ ပြောတော့ ငါခြောက်နှစ်သား။ ငါဘောလုံးကန်ချင်နေတယ်။ တစ်နေကုန်တိုက်ခန်းထဲမှာ နေရတာ ဘာမှစောက်အဓိပ္ပါယ်မရှိဘူး။ ငါတိုက်အောက်ကိုကြည့်လိုက်ရင် ငါ့ဘော်ဒါတွေ ဘောလုံးကန်နေတာမြင်ရတယ်။ ဒါပေမယ့် ငါ့အမေက ငါ့ကိုပြန်မပြောခိုင်းဘူးလေ။ ငါခေါင်းငြိမ့်ပြီး ဝရန်တာကိုထွက်လာတယ်။ အောက်ကကောင်တွေ ဘောလုံးပွဲမှာ ပွဲကြည့်ပရိသတ်လုပ်တယ်။ သူတို့က င့ါကိုတွေ့တော့ ဆင်းလာဖို့ လှမ်းခေါ်တယ်။ ငါပြန်မပြောပဲ ကြည့်ပဲကြည့်နေလိုက်တယ်။ သူတို့က င့ါကိုစောက်ရူးလို့ပြောပြီး ဘောလုံးဆက်ကန်နေကြတယ်။ ငါ့အမေက ထမင်းစားဖို့ လှမ်းခေါ်တယ်။ ငါဗိုက်မဆာသေးဘူး။ ဒါပေမယ့် ဘာမှပြန်မပြောပဲ ဝင်စားလိုက်တယ်။ ရင်ပြည့်တာလွန်သွားပြီး ထမင်းတွေပြန်အန်ထွက်လာတယ်။ ငါ့အမေက ငါနေချင်သလိုနေလို့ဖြစ်တာ ဆေးသောက်ရမယ်ဆိုလို့ ငါသောက်တာပဲ။ ငါဘာမှပြန်မပြောဘူးလေ။ နောက်တစ်နေ့မနက်ကျတော့ ငါမုန့်ဟင်းခါးစားချင်တယ်။ ငါ့အမေက ထမင်းကြော်ထားတယ်။ ငါမုန့်ဟင်းခါးစားချင်တယ်ပြောတော့ ငါ့အမေက ထမင်းကြော်ပဲ အာဟာရပြည့်တာတဲ့။ ငါလည်းပြန်မပြောပဲ ထမင်းကြော်စားတယ်။ ပြီးတော့ ကျောင်းသွားတယ်။ ကျောင်းမှာလည်း ငါဘယ်သူ့ကိုမှဘာမှပြန်မပြောဘူး။ ကျောင်းအပြန်လမ်းမှာ ကြ...

ကားမှတ်တိုင်မှာ အဘွားကြီးတစ်ယောက်ချော်လဲတဲ့ညက

Image
မိုးသည်းကြီးမည်းကြီးရွာတဲ့ညက ကားမှတ်တိုင်တစ်ခုရှေ့မှာ အဘွားကြီးတစ်ယောက်ချော်လဲခဲ့တယ်။ အဘွားကြီးက တော်တော်အိုနေပြီ။ လမ်းလျှောက်တာ တုန်ချိတုန်ချိနဲ့။ မိုးသည်းထဲမှာ သူ့ဝတ်ထားတာကလည်း ခပ်နွမ်းနွမ်း၊ ခပ်စုတ်စုတ်။ သူချော်လဲတဲ့ကားမှတ်တိုင်မှာ "ချွေးဓာတ်ဆုံးရှုံး၊ Royal-D သာ အကောင်းဆုံး"ဆိုတဲ့ ကြော်ငြာဘုတ်ကြီးက လင်းထိန်လို့နေတယ်။ ဆိုင်းဘုတ်ကစာတွေကိုဖတ်ရင်း ချော်လဲသွားတယ်လို့ ရူးကြောင်ကြောင်တွေးမိလိုက်ပေမယ့် အဘွားကြီးက စာဖတ်နိုင်တော့မယ့်ပုံမဟုတ်ဖူး။ အဘွားကြီးတစ်ယောက်အနေနဲ့ ညဆယ်နာရီကြီး လူမရှိတဲ့ ကားမှတ်တိုင်က Royal-D ဆိုင်းဘုတ်ကို လာဖတ်တယ်လို့လည်း မ​​ဖြစ်နိုင်ဘူး။ သူချော်လဲသွားလို့ ချွေးဓာတ်ဆုံးရှုံးသွားတာလည်း မရှိနိုင်ဘူး။ ပြီးတော့ သူ့ပုံစံက Royal-D တွေဘာတွေ ဝယ်သောက်နိုင်မယ့်ပုံမပေါ်ဘူး။ ဝယ်သောက်နိုင်ရင်လည်း ဝယ်သောက်မယ့်ပုံမပေါ်ဘူး။ အဲ့အစား အဲ့ပိုက်ဆံကို ထမင်းတစ်ထုတ်ဝယ်စားပြီး မှတ်တိုင်နားမှာ ခွေခွေလေးအိပ်နေမယ်လို့ပဲ ထင်တယ်။ သူချော်လဲတဲ့အချိန်မှာ ကျနော်စီးလာတဲ့လိုင်းကားက မီးပ်ွိုင့်မိနေတယ်။ ကားပေါ်မှာလည်း ကျနော်နဲ့ အခြားငိုက်မျည်းနေတဲ့လူငါးယောက်လောက်ပဲရှိတယ်။ မိုးစရွာလာတဲ့...

ဒီဇာတ်လမ်း

Image
ဒီဇာတ်လမ်း မင်းနောက်ကျောမှာ သေနတ်တစ်လက်ကိုင်ထားပြီး ငါ့နောက်ကျောမှာ စကားတစ်ခွန်းဖွက်ထားတယ် ငါ့​ခြေလှမ်းတွေလေးလံလာတော့  ငါ့မျက်တောင်တွေစိုစွတ်လာတာပေါ့။ ပြန်စဥ်းစားကြည့်တော့ ပျော်ရွှင်နေသောလများဆိုတာလည်း ငါ့လည်ပင်းက ကြိုးကွင်းကို မင်းလက်ထဲကကြိုးစင်မှာ အတူတကွ အချိန်ယူတပ်ဆင်နေခဲ့ကြခြင်းပဲ။ အဲ့ဒီနောက် ခရစ္စမတ်မှာ ကျတဲ့နှင်းတွေ လမ်းအလယ်မှာ ထရပ်ကားတစ်စီးပျက်လို့ ရုပ်ရှင်ပြီးတော့ ရန်ကုန်ရဲ့အမှောင်မှာ  ငါတစ်ယောက်တည်း ရပ်လို့။ (တစ်) နေရာယူ (နှစ်) အဆင်သင့် (သုံး) ​ခြေခုနှစ်လှမ်းဆုတ် (လေး) မင်း..ဝေး..ဝေး..ပြေး.. (ငါး) နှုတ်ဆက်ချိန်မှာ  လှည့်ကြည့်မိသူ အရှုံးပဲ -ဆပ်ရိပ် ၁၇.၁၂.၁၉

လူကူးတံတားပေါ် ညစာစားခြင်း

Image
ည ၁၀နာရီကြီး လူကူးတံတားပေါ်မှာ ဟမ်ဘာဂါတစ်လုံးကိုင်ပြီး ရပ်နေတဲ့မိန်းမတစ်ယောက်ကို လူတွေဘယ်လိုမြင်ကြမလဲ။ ကျွန်မနောက်က လျှောက်သွားတဲ့လူတွေ ကျွန်မကိုကြည့်ပြီး ဘယ်လိုတွေးကြမလဲ။ ဒါတွေ ကျွန်မ မစဥ်းစားအားဘူး။ စဥ်းစားချင်စိတ်လည်းမရှိဘူး။ ပထမအချက်က ကျွန်မဗိုက်ဆာနေတယ်။ နောက်တစ်ခုက ကျွန်မအနေနဲ့ ဘာအကြောင်းကိုမှ စဥ်းစားချင်စိတ်မရှိလောက်အောင် စိတ်ရောလူရော ပင်ပန်းနေခဲ့လို့ပဲ။ လူတွေနဲ့ကျွန်မအကြောင်းပြောရအောင်။ လူတွေနဲ့ ကျွန်မက ကမ္ဘာတစ်ခုဆီက လူတွေလိုမျိုး ဘာသာစကားတစ်ခုခုခြားနေတယ်။ ဆက်သွယ်ရခက်ခဲလွန်းတယ်။ သူတို့ကိုနားလည်ဖို့ ကျွန်မမှာ ဘာလိုအပ်နေတယ်မသိဘူး။ ဥပမာ တစ်ယောက်ယောက်က A လို့ပြောလိုက်တဲ့အခါ အဲ့ဒါဟာ A ပဲလို့မဆိုလိုဘူး။ A ရဲ့ အဓိပ္ပါယ်ဟာ B+C လို့ ပြောတာလည်းဖြစ်နိုင်တယ်။ D လို့ တိုက်ရိုက်မပြောချင်လို့ အလိမ္မာသုံးပြီး A နဲ့အချိုသပ်တာလည်းဖြစ်နိုင်တယ်။ ဝါကျတစ်ကြောင်းဟာ မဆုံးနိုင်တဲ့ပဟေဠိတွေ၊ ဝှက်ထားတဲ့ပုစ္ဆာတွေ၊ သံသယအတွေးတွေနဲ့ ဆုံးသွားတတ်တာမျိုးကို မကြာခဏကြုံလာရတဲ့အခါ ကျွန်မတစ်ကိုယ်လုံးဟာ ဒီလူတွေဆီကနေ ကြုံ့ဝင်လာခဲ့ရတယ်။ လူရှုပ်တဲ့နေရာတစ်ခုမှာ အမေနဲ့လူကွဲသွားတဲ့ ကလေးတစ်ယောက်ဟာ ရုတ်တရက်ကြီး အရွ...

ဒီဇင်ဘာညများ

Image
အဲ့ဒီနောက် ရန်ကုန်ကို ဆောင်းဝင်လာခဲ့ပါတယ်။ အိမ်အပြင်ထွက်တဲ့အခါ အသက်ရှူလမ်းကြောင်းထဲကို လေအေးတွေ သိသိသာသာဝင်လာတယ်။ ညဦးပိုင်းရောက်တဲ့အခါ လူတွေဟာ ဗီရိုထဲခေါက်ထားတဲ့ အနွေးထည်ခေါက်တွေကို ဆွဲထုတ်ဝတ်ဆင်ပြီး ပျော်ပွဲရွှင်ပွဲတစ်ခုလို လမ်းပေါ်ထွက်လာခဲ့ကြတယ်။ တစ်ဖက်မှာလည်း လူကူးတံတားတွေပေါ်မှာ တစ်ကိုယ်လုံးနွေးအောင် ကွေးနိုင်သမျှကွေးကွေးလေး အိပ်စက်နေရတဲ့ လူသားပုစွန်တွေရှိနေတယ်။ အဲ့ညက ကျနော်အိမ်ပြန်နောက်ကျတယ်။ည၁၀နာရီခွဲထိ လှည်းတန်းလူကူးတံတားပေါ်မှာ ကားတွေကို ငေးနေခဲ့တယ်။ ခဏနေတော့ ရန်ကုန်အေးတဲ့အကြောင်း ရီစရာစဉ်းစားမိလို့ Facebook ပေါ်  စတေးတပ်တင်တယ်။notification မှာ haha react တွေတက်လာတယ်။ အဲ့ဒီနောက် ကျနော့်ညာဘက်အစွန်နားမှာ စောင်မပါပဲ ကွေးပြီးအိပ်စက်နေတဲ့ လူသားပုစွန်တစ်ယောက််ကို ကြည့်နေမိပြန်တယ်။ သေလွန်ပြီးသား တစ္ဆေတစ်ကောင်ကိုမြင်နေသလိုမျိုးပဲ။ဒီအအေးဓာတ်နဲ့ သူအိပ်ပျော်နေမလားမပြောတတ်။ ကျနော်ကတော့ အနွေးထည်ထဲလက်ထည့်လို့။ ကျနော့်ဖုန်းထဲမှာလည်း ရန်ကုန်ဆောင်းအကြောင်း haha react တွေ။ ဒီရက်ပိုင်း စိတ်လိုလက်ရမရှိပဲ တစ်ယောက်တည်းလမ်းတွေလျှောက်နေမိတယ်။ အထူးသဖြင့် ညနေစောင်းတွေဟာ ဆောင်းဦးရာသီရဲ့ မ...

Conversation (N)

Image
"ခုတလော နင်ဘာအကြောင်း စဉ်းစားဖြစ်နေလဲ" "တစ်ယောက်တည်းခရီးသွားဖို့" "ဘယ်ကိုလဲ" "ရာသီဥတုအေးတဲ့မြို့တစ်မြို့ပေါ့ ဒါပေမယ့်" "ဒါပေမယ့်" "ဒါပေမယ့် လူရှုပ်တဲ့ဒေသတွေမဟုတ်ဖူး။ အဓိကအားဖြင့် လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်နဲ့ တည်းခိုခန်းလေးတစ်ခန်းရှိတဲ့ တောင်ပေါ်မြို့လေးတစ်မြို့ကို စိတ်ကူးတယ်။ စိတ်ကူးရုံပါပဲ။ အဲ့လိုမြို့က မြန်မာနိုင်ငံရဲ့ ဘယ်နားမှာရှိနေလဲတောင် ငါမသိဘူး" "ဘာလို့ အဲ့လိုသွားချင်တာလဲ" "တစ်ယောက်တည်းလျှောက်သွားရတာ အရသာရှိမယ်ထင်လို့။တစ်ခါမှမသွားဖူးလို့ ငါမသိတဲ့ဒေသတစ်ခုမှာ ငါမသိတဲ့မျက်နှာတွေနဲ့ ငါ့ကိုဂရုတောင်မစိုက်ကြတဲ့လူတွေကြား ခဏလောက်နေချင်တယ်။ ရထားနဲ့သွားမယ်။ ဘယ်သူ့ကိုမှမပြောပဲ သွားမယ်။ အဲ့မြို့ကိုရောက်အောင် တောင်တွေကိုဖြတ်ပြီး ကားထပ်စီးရင်စီးရမယ်။ ငါရောက်သွားတဲ့အချိန်မှာ မြို့ရဲ့ညနေက အေးနေလိမ့်မယ်။ လမ်းကလူတစ်ယောက်ကို ငါတည်းလို့ရမယ့်နေရာတစ်ခုမေးမယ်။သူ့ကို ကျေးဇူးတင်ပါတယ်လို့ ပြောမယ်။ လူသူအရောက်နည်းတဲ့ဒေသဆိုရင် တည်းခိုခန်းတွေက ဈေးသိပ်မရှိဘူး။ ငါနေချင်သလောက် ရက်ယူထားလိုက်မယ်။ အခန်းထဲမှာ သရဲများခြောက်မလား ငါတ...

နိုဝင်ဘာဖုန်မှုန့်များ

Image
နိုဝင်ဘာဖုန်မှုန့်များ ပျော်ရွှင်နေရဲ့လား မိတ်ဆွေ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါဦး တကယ်ပျော်ရွှင်နေတာ​သေချာရင်  ကျနော်ဝမ်းသာပါတယ် ကျနော်တော့ မပျော်တာကြာပြီ။ အိမ်ပြန်လမ်းက ခွေးကလေးကို အစာပုံမှန်ကျွေး တံတားပေါ်ကနေ လူများလမ်းများကို ငေး ရုပ်ရှင်ရုံရောက်တိုင်း ထောင့်ဆုံးခုံပဲဝယ် မှာထားတဲ့လက်ဖက်ရည်လို လက်ဖဝါးများအေးစက် ကျနော်တော့ ပျော်သလိုနေနေတာ ကြာခဲ့ပါပြီ။ -ဆပ်ရိပ် ၂၂.၁၁.၂၀၁၉

ပိို့စ်ကဒ် (၂)

Image
ပို့စ်ကဒ် (၂) ဆေးလိပ်ငွေ့တွေ စက္ကန့်ပိုင်းအတွင်း စံပါယ်ပန်းနံ့လေး စက္ကန့်ပိုင်းအတွင်း အိမ်ပြန်နေတဲ့ငှက်ကလေး စက္ကန့်ပိုင်းအတွင်း နှုတ်ဆက်သွားတဲ့ကျောပြင်လေး စက္ကန့်ပိုင်းအတွင်း ကိုယ့်မျက်စိအောက်က ပျောက်သွားလို့ ကိုယ်​အာရုံဆီကနေ ဝေးသွားလို့။ တစ်ချို့လည်း ကိုယ့်မျက်စိရှေ့တင် တစ်ချို့လည်း မိုးကုတ်စက်ဝိုင်းတဆုံး တစ်ချို့လည်း တစ်ယောက်တစ်နေရာမှ။ Facebookက memory တွေပြန်ပြတယ် ကိုယ်တိုင်ကိုယ်ကျလည်းသတိရနေတယ် အမှတ်တရများရဲ့ နေထိုင်နိုင်မှုက နှစ်ပေါင်းများစွာ ရင်သပ်ရျုမောဖွယ်ရာပါပဲ။ -ဆပ်ရိပ် ၁၃.၁၁.၁၉

a random story

Image
ကိုယ်ချစ်တဲ့သူအကြောင်းပြောတဲ့အခါ မျက်ဝန်းတွေ အ​ရောင်တောက်လာတတ်ကြတာပဲမှတ်လား။ အချစ်အကြောင်းပြောရင် အရက်မူးတိုင်း ချစ်ဦးသူအကြောင်းပြော​ပြတတ်တဲ့ အစ်ကိုတစ်ယောက်ကို သတိရတယ်။ သူဆိုနေကျသီချင်းတစ်ပုဒ်ကိုလည်း သတိရမိတယ်။ လွန်ခဲ့တဲ့နှစ်က ဒီလိုအချိန်မှာ ယာဥ်တိုက်မှုနဲ့ သူဆုံးပါးသွားခဲ့ရှာပါပြီ ။ မနက်က ဖိတ်စာပုံပြန်တွေ့တော့ သူ့ကိုသတိရသွားလို့။ ဆုံးသွားတဲ့အကြောင်းကတော့ ဇာတ်သိမ်းမှ မျက်ရည်ချူရေးတယ်ထင်မယ်စိုးလို့ ကြိုပြောပြထားတာ။ ကျနော်ကတော့ အခုခေတ် မြီးကောင်ပေါက်တွေ tag တွဲပြီးတင်ကြတဲ့ ချစ်တယ်ဆိုတဲ့ စတေးတပ်တွေတွေ့တိုင်း အဲ့အစ်ကိုကို ပြေးမြင်မိတာပဲ။ အဲ့အစ်ကိုကို ကျနော်တို့က ကိုလွန်းလို့ ခေါ်တယ်။ အရပ်ရှည်ရှည် ဒေါင်ကောင်းကောင်း ၊ မိန်းကလေးတွေ ကျလောက်တဲ့ရုပ်ရည်မျိုး။ ကျနော်တို့ထက် ဆယ်နှစ်လောက်ကြီးတယ်။ သူချစ်နေတယ်ဆိုတာကလည်း သူ့သူငယ်ချင်းမ အရင်းကြီးကို နှစ်ရှည်လများချစ်နေခဲ့တာ။ ကျနော့်အထင် ငါးနှစ်လောက်ရှိမယ်ထင်တယ်။ အဲ့အစ်မရဲ့နာမည်က ရည်ရွယ်လို့ ခေါ်တယ်။ ကိုလွန်းနဲ့ အဲ့အစ်မနဲ့က သင်တန်းတစ်ခုမှာသိတယ်။ သူငယ်ချင်းအရင်းကြီးတွေလို ရင်းနှီးသွားကြတယ်။ ကံဆိုးချင်တော့ ကိုလွန်းက ချစ်သွားတယ်ဆိုပါတော့။ အချစ်ဆိုတာ ဘာညာဘယ...

ပို့စ်ကဒ် (၁)

Image
ပို့စကဒ် (၁) I wish you were here ဒီနေရာမှာ ခင်ဗျားရှိနေစေချင်တယ် ဒီနေရာလေ ခင်ဗျားမရှိတော့တဲ့  ကျနော့်ဘဝထဲမှာလေ။ ကျနော့်ကို မြင်ရလား ကျနော့်အသံကို ကြားရလား ဝေးနေသမျှဟာ အနီးစပ်နိုင်ဆုံးပဲ အတိတ်ဟာ  ကျနော့် အကြိုက်ဆုံးရုပ်ရှင်ဖြစ်ခဲ့ရတယ်။ -ဆပ်ရိပ် ၃.၁၁.၁၉

Conversation (M)

Image
"ငါတို့အသက်ရှင်သန်နေတာ ဘာအတွက်လဲဟင်" "ငါလည်း သူများတွေကို အဲ့မေးခွန်းမေးဖူးတယ်" "အဲ့တော့.." "သူတို့လည်း စိတ်ထဲရှိတာဖြေကြတာပဲ။ ဘယ်သူ့အဖြေမှတော့ စိတ်ထဲကျေနပ်လောက်အောင် မရဖူးဘူး" "ခုငါနင့်ကို မေးနေပြီလေ။ နင်ဘာဖြေမလဲ" "ခဏ။ ဒါလေးကုန်အောင်သောက်ရင်း စဥ်းစားကြည့်ဦးမယ်" "အင်း" ကျနော့်စကားဆုံးတော့ သူက ဆိုင်အပြင်ဘက်လမ်းမပေါ်ကို ငေးနေတယ်။ ညနေစောင်းအချိန်ဖြစ်လို့ အပြင်မှာ သွားလို့လာလို့ကောင်းတဲ့အချိန်ပါပဲ။ ဒီဆိုင်က ဆူးလေရောက်တိုင်း ကျနော်တို့ထိုင်နေကျဆိုင်လေး။ စနေ၊တနဂ်နွေကလွဲလို့ ကျန်တဲ့ရက်တွေ လူသိပ်မကျတတ်။ ပေါ့ဆိမ့်ကောင်းကောင်းရတယ်။ ဒီနောက်ပိုင်း အလျှိုလျှိုပေါ်လာတဲ့ ဆိုင်ကြီးတွေက အရသာဘာလိုနေမှန်းမသိတဲ့ လက်ဖက်ရည်တွေလို လုံးဝမဖြစ်။ ဆိုင်က သိပ်မကျယ်ပေမယ့် စကားအေးဆေးလွတ်လွတ်လပ်လပ်ပြောလို့ရတယ်။ စိတ်ပါရင် ဆေးလိပ်လေးဖွာရင်း အပြင်ဘက်လမ်းပေါ်ကလူတွေကို ငေးလို့ရသေးတယ်။ "အဓိပ္ပါယ်ဆိုတာက ငါတို့ဘာကိုရှာသလဲ ဆိုတဲ့အပေါ် မူတည်တယ်ဟာ" လက်ကျန်ပေါ့ဆိမ့်ကိုဖြတ်ပြီး ပြောလိုက်တဲ့ ကျနော့်စကားသံ​ကြောင့် သူက စကားဝိုင်းဘက်ကို မျက်နှ...