အချစ်အကြောင်းစဥ်းစားတော့
ဒီတစ်ယောက်ကို ချစ်နေတယ်ဆိုတဲ့အကြောင်းကို ရုတ်တရက်စဥ်းစားမိလိုက်တဲ့အချိန်မှာ ကျနော်လန့်သွားတယ်။ အဲ့ညက ကျနော်အိမ်ပြန်နောက်ကျပြီး လမ်းပေါ်တစ်ယောက်တည်း လျှောက်နေတုန်း။ လမ်းမပေါ်မှာ လူသူအရိပ်အယောင်တောင် မတွေ့ရတော့ပဲ အရှိန်ပြင်းပြင်းမောင်းသွားတဲ့ကားတစ်စီးတစ်လေပဲရှိနေတယ်။ လန့်တယ်ဆိုတာ စကားအဖြစ်ပြောတာမဟုတ်ဘူး။ တစ်ခုခုရောက်လာတော့မယ့် ကြောက်စရာအငွေ့အသက်ကို ခံစားမိလိုက်တာမျိုး။ အဲ့အတွေး စိတ်ထဲဝင်လာတော့ အယောင်ယောင်အမှားမှားနဲ့ ခေါင်းတစ်ချက်ရမ်းလိုက်မိတယ်ထင်တယ်။ ကိုယ့်နာရေးသတင်းကို သတင်းစာမှာ ဖျတ်ခနဲမြင်လိုက်ရသလိုမျိူးပဲ။ ညကပိုမှောင်သွားတယ်။
ချစ်ခြင်းဟာ လူ့အသက်ရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာ ကျနော်သိပါတယ်။ ယောကျာ်းလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ချစ်တယ်ဆိုတာ ထူးဆန်းတဲ့ကိစ္စတစ်ခုရယ်လို့မဟုတ်။ ဒါပေမယ့် ကျနော့်အတွက်ကတော့ ထိတ်လန့်ဖွယ်ရာပဲ။ ဘယ်အထိနစ်သွားမယ်မသိတဲ့ တွင်းအနက်ကြီးတစ်ခုပဲ။ ကျနော့်ရဲ့ လူတစ်ယောက်ကိုချစ်ခဲ့ပါတယ်ဆိုတဲ့ နောက်ဆုံးအကြိမ်ဟာ ဘယ်နှခုနှစ်ကမှန်းတောင် ကျနော်မပြောပြတတ်တော့ဘူး။ နောက်ကိုနည်းနည်းပြန်ကြည့်ရင် ဘယ်သူဘယ်ဝါရယ်လို့ စိတ်ထဲလေးလေးနက်နက်မရှိပဲ နေလာခဲ့တဲ့နှစ်တွေနဲ့ အဝင်ကောပဲ ရှိနေတဲ့ဖုန်းတစ်လုံးကိုသာ မြင်ရဖို့ရှိတယ်။
ဒီလိုဖြစ်လာအောင် ဘယ်သူကလုပ်ခဲ့လဲလို့မေးရင်လည်း ကျနော်ကိုယ်တိုင်ပါပဲ။ ဆယ်ကျော်သက်ဘဝမှာ ကျနော်ချစ်ခဲ့ဖူးပုံဟာ ဆယ်ကျော်သက်တစ်ဦးလို ရူးရူးမူးမူးပါပဲ။ စကားအမြဲပြောနေချင်၊ ဂျေဝင်ချင်၊ ရရှိသမျှ အသေးအဖွဲကအစ ပျော်ရွှင်စွာခံစားချင် စသဖြင့်ပေါ့။ ခက်တာက ကျနော်ချစ်လိုက်တဲ့သူဟာ လူသတ်သမားတစ်ဦးဖြစ်နေတယ်။ သူသတိရတိုင်း ကျနော်သေမသေလာလာကြည့်တယ်။ သူ့ခြေရာလက်ရာတွေထပ်ထားခဲ့တယ်။ ဖတ်ဖူးတဲ့ ကိုချောနကျယ်ရဲ့စာအတိုင်းဖော်ပြရရင် နိုင်မှန်းသိလို့ အပျင်းပြေ လက်လာလာသွေးနေတဲ့ လူမိုက်တစ်ဦးကို ကျနော်ချစ်ခဲ့ဖူးတယ်။ ခုထိလည်း စိတ်ထဲကျန်နေတယ်။
တစ်ယောက်တည်းနေတဲ့ဘဝက ဘယ်လိုများလဲလို့ တစ်ယောက်ယောက်ကမေးလာရင် မဆိုးပါဘူးလို့ပဲ ကျနော့်မှာဖြေစရာရှိတယ်။ ဘယ်သူ့ဆန္ဒမှမပါပဲ လွတ်လွတ်လပ်လပ်သွားနိုင်၊ လာနိုင်၊ အိပ်နိုင်၊ စားနိုင်ပေါ့လေ။ ဒါပေမယ့်လည်း တက့ယ်ကို တစ်ယောက်တည်းလို့ခံစားရစေတဲ့အချိန်တွေရှိတယ်။ တစ်ယောက်ယောက်ကို ဖုန်းဆက်ပြီး ဝမ်းပန်းတသာပြောပြဖို့၊ ဒါမှမဟုတ်လည်း ဆို့နင့်စွာပြောပြဖို့ တစ်နည်းပြောရရင် ကိုယ့်ရဲ့ခက်ခဲတဲ့အချိန်တွေနဲ့ ပျော်ရွှင်ဖွယ်အချိန်တွေကို မျှဝေဖို့ တစ်ယောက်ယောက်ကို စိတ်ထဲတောင့်တမိတဲ့အချိန်များပေါ့။
ဥပမာ ကျနော်စာအုပ်ထွက်မယ်လို့ စာအုပ်တိုက်တစ်ခုနဲ့ ဖုန်းဆက်တဲ့ညက ကျနော်တအားပျော်နေခဲ့တယ်။ ပထမဆုံးအဖေ့ကိုလှမ်းပြောတယ်။ အဖေကတော့ ထုံးစံအတိုင်း အေးစက်စက်နဲ့ ဝမ်းသာပေးပါတယ်။ နောက် contact ကိုကြည့်တော့ ဘယ်သူမှမရှိဘူး။ သူငယ်ချင်းတွေရှိပေမယ့် ကျနော်ဆိုလိုတာက ကိုယ့်ကိိုပိုတွန်းအားဖြစ်စေမယ့် ဆန့်ကျင်ဘက်လိင်ဆီက ရတဲ့ခံစားချက်မျိူးလေ။ ကျနော်ဖုန်းကိုခဏချလိုက်တယ်။ ဘယ်သူ့ကိုရယ်မဟုတ် တစ်ခုခုကိုသတိရနေမိတယ်။
ပုံမှန်အချိန်အားဖြင့်တော့ ကျနော့်စိတ်မှာ အလုပ်အကြောင်း၊ စာရေးဖို့အကြောင်းနဲ့ တခြားအကြောင်းအရာတွေရှိတယ်။ လူတစ်ယောက်အကြောင်းရယ်လို့မရှိဘူး။ လူတစ်ယောက်ကို ချစ်လိုက်တဲ့အခါကျ စိတ်ထဲ တစ်ခုခုပိုရောက်လာတယ်။ သူ့ကိုစဥ်းစားနေခြင်းပဲ။ ငါစာပို့ချင်တယ်၊ ငါသူ့ကိုတွေ့ချင်တယ်၊ ငါမဟုတ်တဲ့တခြားတယောက်နဲ့ သူတွေ့နေမှာလည်းသေချာတယ် စတဲ့အတွေးတွေပေါ့။ သူငယ်ချင်းတစ်ယောက်လေသံအတိုင်းဆို လောင်မြိုက်နေတာပဲပေါ့။ ရီရတဲ့အချက်က ဒီနှစ်ပိုင်းများမှာ ကျနော်က ကျနော့်ကိုယ်ကျနော် အမြဲလူကြီးဆန်တယ်၊ရင့်ကျက်တယ်လို့ အမြဲခံယူထားခဲ့တာ။ ဒီတစ်ယောက်ကို မထင်မှတ်ပဲချစ်သွားတော့ ကျနော်ဟာ အရင်က ကျနော်ပဲ။ ကိုယ့်ကိုယ်ကိုလှဲမယ့် သစ်ပင်ပဲ။ အခုတော့ စာပို့ခါနီးတိုင်း ငါသူ့အတွက်လူပိုဖြစ်နေလားဆိုတဲ့စိတ်ကစလို့ အားလုံးကို ကျနော်ကြောက်နေတယ်။ ပြီးတော့ လန့်လည်းလန့်နေတယ်။
သူ့အကြောင်းပြောရရင် ဘာမှထူးထူးဆန်းဆန်းဆွဲဆောင်မှုရှိနေတာမျိူးမဟုတ်ဘူး။ အဲ့အချက်ကပဲ ကျနော့်အတွက် ဆွဲဆောင်မှုရှိနေခဲ့တာ။ ဘယ်အရာကိုချစ်ပါတယ်ဆိုတာထက် ဒီလောကကြီးမှာ သူတည်ရှိနေပုံကိုက ကျနော့်စိတ်ထဲမှာ နက်နက်နဲနဲစွဲလမ်းစရာဖြစ်သွားတာ။ သူ့ဆံနွယ်အရှည်ကြီးကို သူ့လက်နဲ့တစ်ချက်သပ်ချပြီး မပြုံးမရယ်နဲ့သူ့ရှေ့ကလူတွေကို အေးစက်စက်ကြည့်မယ်။ ပြီးမှတစ်ခုခုကြောင့် နည်းနည်းလေး ပြုံးလိုက်မယ်။ အဲ့အပြုံးက တကယ့်အနက်ကြီးပဲ။ အေးစက်စက်တော်တော်နိုင်ပေမယ့် တော်တော်လည်းချိုတယ်။ သူ့ဆီကစကားသံကြားရဖို့ဆိုတာကလည်း ပြတင်းတံခါးအဖွင့်မှာ သစ်ရွက်ကြွေတစ်ရွက် ဝင်လာတာထက်တောင် ဖြစ်နိုင်ချေနည်းသေးတယ်။ သူ့လိုအေးတိအေးစက်မိန်းမမျိုးဆီမှာမှ ကျနော်မောင်းလာတဲ့ရထားက တိကနဲထိုးရပ်သွားတာပဲ။ အကြောင်းပြချက်မရှိဘူး။
ကျနော်က ချစ်ဖို့ကိုကြောက်နေတာမဟုတ်ပဲ နောက်ထပ်ဘာရင်နာစရာမှ မလိုချင်တော့တာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုလိုအပ်ဖို့မလိုဘူး။ ကိုယ့်ကိုမလိုနေဘူးလို့ ကိုယ်တိုင် ခံစားလာရစေတာမျိူးကိုတော့ ပိုပြီးမလိုဘူး။ ဘယ်သူ့ဘဝထဲမှာမှ အားနာပါးနာပြန်ရတဲ့ reply တစ်ခုမဖြစ်ချင်။ ဘယ်သူ့ဘဝမှာမှ ဖြတ်လျှောက်တစ်ယောက်မဖြစ်ချင်။ ကျနော့်အာရုံမှာပေါ်နေတာ အမှိုက်ပုံးထဲက ဘယ်သူမှမယူတဲ့ ပန်းစည်းတွေ၊ တစ်ညလုံးအိပ်မက်ထဲမှာ စာတွေပို့နေခြင်းတွေ၊ စိတ်ပင်ပန်းကြီးစွာနဲ့ သူ့ကိုသယ်ဆောင်လာရခြင်းတွေ။
ချစ်ခြင်းဟာ ကျနော့်အတွက်တော့ ကိုယ့်နာရေးသတင်းကို ကြိုမြင်နေရခြင်းသာဖြစ်ခဲ့တယ်။ ချစ်ခြင်းမေတ္တာဟာ အေးချမ်းတယ်ဆိုရင်လည်း ကျနော်တစ်ယောက်ဟာ မချစ်တတ်သေးလို့ပါပဲ။ ဒါပေမယ့် ဒီစိတ်ရဲ့ သယ်ဆောင်ရာကနေ ထွက်ပြေးမရ၊ တားမရ၊ ဆီးမရ။ အဲ့ဒီနောက် မှတ်တိုင်တွေမှာ ထိုင်ခုံရတဲ့ကားမလာမချင်း ဘယ်လောက်ကြာကြာ ထိုင်စောင့်နေမိတယ်။ မြေနီကုန်းမှတ်တိုင်နားမှာ သစ်ပင်ကြီးတစ်ပင်ရှိတယ်။ ညနေဘက်ရုံးဆင်းချိန်ဆိုရင် အိပ်တန်းတက်ခါနီး ငှက်တွေအများကြီးဟာ တဖွဲဖွဲလူးလာပျံသန်းနေခဲ့တယ်။
-ဆပ်ရိပ်
၄.၁.၂၀၂၀
Comments
Post a Comment