ကားမှတ်တိုင်မှာ အဘွားကြီးတစ်ယောက်ချော်လဲတဲ့ညက
မိုးသည်းကြီးမည်းကြီးရွာတဲ့ညက ကားမှတ်တိုင်တစ်ခုရှေ့မှာ အဘွားကြီးတစ်ယောက်ချော်လဲခဲ့တယ်။ အဘွားကြီးက တော်တော်အိုနေပြီ။ လမ်းလျှောက်တာ တုန်ချိတုန်ချိနဲ့။ မိုးသည်းထဲမှာ သူ့ဝတ်ထားတာကလည်း ခပ်နွမ်းနွမ်း၊ ခပ်စုတ်စုတ်။ သူချော်လဲတဲ့ကားမှတ်တိုင်မှာ "ချွေးဓာတ်ဆုံးရှုံး၊ Royal-D သာ အကောင်းဆုံး"ဆိုတဲ့ ကြော်ငြာဘုတ်ကြီးက လင်းထိန်လို့နေတယ်။ ဆိုင်းဘုတ်ကစာတွေကိုဖတ်ရင်း ချော်လဲသွားတယ်လို့ ရူးကြောင်ကြောင်တွေးမိလိုက်ပေမယ့် အဘွားကြီးက စာဖတ်နိုင်တော့မယ့်ပုံမဟုတ်ဖူး။ အဘွားကြီးတစ်ယောက်အနေနဲ့ ညဆယ်နာရီကြီး လူမရှိတဲ့ ကားမှတ်တိုင်က Royal-D ဆိုင်းဘုတ်ကို လာဖတ်တယ်လို့လည်း မဖြစ်နိုင်ဘူး။ သူချော်လဲသွားလို့ ချွေးဓာတ်ဆုံးရှုံးသွားတာလည်း မရှိနိုင်ဘူး။ ပြီးတော့ သူ့ပုံစံက Royal-D တွေဘာတွေ ဝယ်သောက်နိုင်မယ့်ပုံမပေါ်ဘူး။ ဝယ်သောက်နိုင်ရင်လည်း ဝယ်သောက်မယ့်ပုံမပေါ်ဘူး။ အဲ့အစား အဲ့ပိုက်ဆံကို ထမင်းတစ်ထုတ်ဝယ်စားပြီး မှတ်တိုင်နားမှာ ခွေခွေလေးအိပ်နေမယ်လို့ပဲ ထင်တယ်။ သူချော်လဲတဲ့အချိန်မှာ ကျနော်စီးလာတဲ့လိုင်းကားက မီးပ်ွိုင့်မိနေတယ်။ ကားပေါ်မှာလည်း ကျနော်နဲ့ အခြားငိုက်မျည်းနေတဲ့လူငါးယောက်လောက်ပဲရှိတယ်။ မိုးစရွာလာတဲ့အချိန်မှာ ကျနော်တို့ကားက မီးနီကြောင့် ရပ်သွားတယ်။ အဘွားကြီးကလည်း မှတ်တိုင်ဘက်ကို လမ်းလျှောက်လာနေတယ်။ မှတ်တိုင်ရှေ့တည့်တည့် ပလက်ဖောင်းနေရာကျတော့ အဘွားကြီးခမျာ ဘိုင်းကနဲ ချော်လဲသွားတော့တာပဲ။ ကျနော်သေချာမှတ်မိနေတာက တစ်ကားလုံးက ကားမှတ်တိုင်ကို ဝိုင်းကြည့်လိုက်ကြလို့ပါ။ မီးပွိုင့်မှာ ကျနော်တို့ကားတစ်စီးပဲရှိတော့တယ်။ အဘွားကြီးက ကားမှတ်တိုင်ရှေ့မှာ ချော်လဲသွားတယ်။ အဲ့ခဏမှာ အဘွားကြီးက ချော်လဲလျက်သားကြီး လှဲလျောင်းနေခဲ့တယ်။ သူ့မျက်နှာပေါ်ကို မိုးရေတွေ စက်သေနတ်ပစ်သလို တဖျောက်ဖျောက်ကျလာတာကို မြင်နေရတယ်။ ချော်လဲတာကိုတွေ့တော့ ကားပေါ်ကလူတွေက အဘွားကြီးကိုအရင်လှမ်းကြည့်လိုက်ကြတယ်။ တစ်ချို့လည်း ဖင်တကြွကြွဖြစ်ကုန်တယ်။ ဒါပေမယ့် ကားတံခါးက ပိတ်နေတယ်လေ။ ယာဉ်မောင်းကိုအော်ရင်လည်း မိုးသံလေသံတွေနဲ့ဆိုတော့ ကြားမှာမဟုတ်ဘူး။ ဘဲလ်လည်း တီးရဦးမယ်။ ကားမှတ်တိုင်ကိုလည်း ပြေးဆင်းရဦးမယ်။ ဆိုတော့ အဘွားကြီးကို ကြည့်ပဲကြည့်နေမိကြတယ်။ အဘွားကြီးကတော့ ချော်လဲပြီး သူ့ကျောသူပွတ်လို့ ထထိုင်တယ်။ သူ့နောက်က လင်းနေတဲ့မှတ်တိုင်ကြီးနဲ့ ပြဇာတ်စင်ပေါ်ရောက်နေသလိုပဲ။ အဲ့ဒီနောက် သူ့ဘေးဘီကိုကြည့်တယ်။ သူ့ကိုထူမယ့်သူမရှိသလို ရှိနေတဲ့ကျနော်တို့ကလည်း ကားပေါ်မှာလေ။ ပတ်ဝန်းကျင်ကို ကြည့်ပြီးတော့ သူမတ်တပ်ထလာမယ်ထင်လိုက်ပေမယ့် အဲ့လိုမဟုတ်ခဲ့ဘူး။ အဘွားကြီးက မိုးသည်းနေတဲ့ကောင်းကင်ကို ထိုင်လျက်သား သူမော့ကြည့်တယ်။ ပြီးတော့ သူ့ကိုယ်သူဖက်ထားသလို ကွေးကွေးလေးထိုင်လိုက်ပြီး ရှိုက်ကြီးတငင်ငိုတယ်။ ရှုံ့တွနေတဲ့သူ့အရေပြားတွေ ပိုပြီး ရှုံ့တွသွားအောင်ငိုတယ်။ မိုးရွာနေပေမယ့် မျက်ရည်ကျနေတာကို ဘယ်သူမှမမြင်ရဘူး။ ဒါပေမယ့် ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်ငိုနေတဲ့အသံကို ကားပေါ်ကနေ ကြားနေရတယ်။ ကျနော်လည်း အဘွားကြီးကိုကြည့်ရင်း မျက်ရည်ဝဲလာတယ်။ နောက်တော့ ငိုမိတယ်။ ကျနော့်ရှေ့ခုံက လူလည်းငိုတယ်။ ကားပေါ်ကလူအားလုံး အော်ဟစ်ငိုကြွေးနေတယ်။ ခဏနေတော့ မီးပွိုင့်စိမ်းသွားတယ်။ မီးရောင်ဝါဝါတွေနဲ့ ကုန်းတံတားပေါ် တက်သွားတဲ့ကားပေါ်မှာ ကျနော်တို့တွေ ငိုပြီးလိုက်လာကြတယ်။ မိုးကသည်းကြီးမည်းကြီးရွာနေတယ်။ အဘွားကြိီးလည်း လူမရှိတဲ့မှတ်တိုင်မှာ ငိုနေခဲ့တုန်းပဲ။ တစ်ယောက်တည်း။
-ဆပ်ရိပ်
၁၈.၁၂.၁၉
Comments
Post a Comment