လူကူးတံတားပေါ် ညစာစားခြင်း



ည ၁၀နာရီကြီး လူကူးတံတားပေါ်မှာ ဟမ်ဘာဂါတစ်လုံးကိုင်ပြီး ရပ်နေတဲ့မိန်းမတစ်ယောက်ကို လူတွေဘယ်လိုမြင်ကြမလဲ။ ကျွန်မနောက်က လျှောက်သွားတဲ့လူတွေ ကျွန်မကိုကြည့်ပြီး ဘယ်လိုတွေးကြမလဲ။ ဒါတွေ ကျွန်မ မစဥ်းစားအားဘူး။ စဥ်းစားချင်စိတ်လည်းမရှိဘူး။ ပထမအချက်က ကျွန်မဗိုက်ဆာနေတယ်။ နောက်တစ်ခုက ကျွန်မအနေနဲ့ ဘာအကြောင်းကိုမှ စဥ်းစားချင်စိတ်မရှိလောက်အောင် စိတ်ရောလူရော ပင်ပန်းနေခဲ့လို့ပဲ။

လူတွေနဲ့ကျွန်မအကြောင်းပြောရအောင်။ လူတွေနဲ့ ကျွန်မက ကမ္ဘာတစ်ခုဆီက လူတွေလိုမျိုး ဘာသာစကားတစ်ခုခုခြားနေတယ်။ ဆက်သွယ်ရခက်ခဲလွန်းတယ်။ သူတို့ကိုနားလည်ဖို့ ကျွန်မမှာ ဘာလိုအပ်နေတယ်မသိဘူး။ ဥပမာ တစ်ယောက်ယောက်က A လို့ပြောလိုက်တဲ့အခါ အဲ့ဒါဟာ A ပဲလို့မဆိုလိုဘူး။ A ရဲ့ အဓိပ္ပါယ်ဟာ B+C လို့ ပြောတာလည်းဖြစ်နိုင်တယ်။ D လို့ တိုက်ရိုက်မပြောချင်လို့ အလိမ္မာသုံးပြီး A နဲ့အချိုသပ်တာလည်းဖြစ်နိုင်တယ်။ ဝါကျတစ်ကြောင်းဟာ မဆုံးနိုင်တဲ့ပဟေဠိတွေ၊ ဝှက်ထားတဲ့ပုစ္ဆာတွေ၊ သံသယအတွေးတွေနဲ့ ဆုံးသွားတတ်တာမျိုးကို မကြာခဏကြုံလာရတဲ့အခါ ကျွန်မတစ်ကိုယ်လုံးဟာ ဒီလူတွေဆီကနေ ကြုံ့ဝင်လာခဲ့ရတယ်။ လူရှုပ်တဲ့နေရာတစ်ခုမှာ အမေနဲ့လူကွဲသွားတဲ့ ကလေးတစ်ယောက်ဟာ ရုတ်တရက်ကြီး အရွယ်ရောက်ခဲ့တာမျိုးပဲ။ ကျွန်မအဆင်သင့်မဖြစ်သေးဘူးထင်တယ်။

ပြီးတော့ ညစာ။ ဟုတ်တာပေါ့။ ညစာဆိုတာ ကောင်းကောင်းစားရမယ့်အရာပဲလေ။ နေရာကောင်းကောင်း မဟုတ်တောင် အစားအသောက်ကောင်းကောင်းပေါ့။ အငွေ့တထောင်းထောင်းနဲ့ မုန့်ဟင်းခါးအိုး၊ ဝက်သားပြားကြီးတွေမြင်နေရတဲ့ ရေမန်ခေါက်ဆွဲ၊ ချိစ်တွေအများကြီးနဲ့ ပီဇာ၊ ဟော့ပေါ့အိုးထဲက ဝက်မှိုလုံး စသဖြင့် စားလို့ကောင်းတာတစ်ခုခုပေါ့။ နေရာဆိုရင်လည်း စားသောက်ဆိုင်ကောင်းကောင်းမဟုတ်တောင် သပ်သပ်ရပ်ရပ်လေးနဲ့ပေါ့။  ဆိုင်ထဲဝင်လိုက်တာနဲ့ ​အေးစိမ့်နေတဲ့ အခန်းတစ်ခုဟာ မီးရောင်ဝါဝါအောက်မှာ သပ်သပ်ရပ်ရပ်ရှိနေသင့်တာပေါ့။ အဲ့အခန်းထဲကို ကျွန်မက တစ်ယောက်ယောက်နဲ့ဝင်သွား၊ ထောင့်ဆုံးစားပွဲမှာ ထိုင်ပြီး စားပွဲထိုးကောင်မလေးကို ပြုံးပြရင်း menu တောင်းလိုက်မယ်။ ကျွန်မ​ဘာစားရမလည်း မသိတဲ့အခါကျ ကျွန်မနဲ့ပါလာတဲ့သူကို "ကြိုက်တာမှာလိုက်ဟာ၊ ငါစားမယ်" လို့ ပြောပြီး ဖန်ခွက်ထဲကရေကို အမောပြေသောက်မယ်။ ပြီးတော့ တစ်ကိုယ်လုံးနွေးသွားအောင် အရသာခံ စားသောက်ပြီး ဒီနေ့စားခဲ့တဲ့ဆိုင်အကြောင်း ရီမောပြောဆိုရင်း အတူလမ်းလျှောက်ပြန်လာကြမယ်။ လာစားဖြစ်တာက မိသားစုနဲ့ဆိုရင်လည်း နောက်တစ်ခါလာစားမယ့်အကြောင်းနဲ့ ဂွတ်နိုက်လို့ပြောပြီး အိပ်ရာဝင်လိုက်ကြမယ်။ ညစာဆိုတာ အစားအသောက်ဆိုတာထက် ပိုတဲ့အရာလို့ ကျွန်မကတော့ အဲ့လိုထင်တယ်။ အဲ့လိုထင်တာ ကျွန်မတစ်ယောက်လည်းဖြစ်ရင်ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် အဲ့လိုထင်တဲ့ ကျွန်မကပဲ ခုလူကူးတံတားပေါ် ဟမ်ဘာဂါတစ်လုံးနဲ့ ရပ်လို့။

ဒီဟမ်ဘာဂါကို စျေးထဲက ကုန်စုံဆိုင်တစ်ခုကဝယ်လာတာ။ မှန်ဗီရိုထဲ အလင်းရောင်ပြထားတဲ့ မုန့်တွေထဲက တစ်ခုပဲ။ မုန့်ပုံစံက မက်မက်စက်စက်စားချင်စရာမရှိပေမယ့်လို့ ဗီရိုရှေ့ဖြတ်လျှောက်သွားတော့ သူ့ရဲ့အသားပြားနီနီက ကျွန်မကို ဆွဲဆောင်လိုက်တယ်။ တစ်နေကုန်ခြေကုန်လက်ပန်းကျပြီး ခပ်လေးလေးလျှောက်ရင်း စျေးပိတ်ချိန်မှ ဖြတ်လျှောက်မိလာတာ။ မှန်ပုံးထဲမှာ ဘာဂါတစ်ခုပဲရှိတော့တယ်။ ဆိုင်ရှင်က ဆိုင်တံခါးတစ်ချပ်ပိတ်ပြီးနေပြီ။ နွားနို့ပူပူလေးနဲ့ စားလိုက်ရင် ကောင်းမယ်လို့စဥ်းစားမိပေမယ့် ဒီအချိန်မှာ ကံကောင်းထောက်မစွာ ရတဲ့ဘာဂါပဲ ဝယ်ခဲ့တယ်။ ဆိုင်ရှင်က သမီးကံကောင်းသွားတယ် ၊ ဆိုင်ပိတ်တော့မှာတဲ့။ ဟမ်ဘာဂါတစ်လုံးကို ညစာအဖြစ်ရတာဟာ တကယ်ပဲ ကံကောင်းတာလား။ ခုလူကူးတံတားပေါ် ရောက်နေတယ်။

မီးပွိုင့်က ဝါလိုက်၊စိမ်းလိုက်၊နီလိုက် တလှည့်ဆီ။ လမ်းပေါ်မှာ ကားတွေ ခပ်ကျဲကျဲပဲ ရှိတော့တယ်။ ဘာဂါကို ကြွတ်ကြွတ်အိတ်ထဲက ထုတ်ပြီး တံတားပေါ်က ပစ်ချလိုက်တယ်။ ကြွတ်ကြွတ်အိတ်ဟာ လေနဲ့လွင့်ပြီး ပလက်ဖောင်းပေါ်တင်နေတယ်။ သူ့အပေါ်မှာ မီးပွိုင့်ကအရောင်တွေ အရောင်ပြန်နေခဲ့တယ်။ ဘာဂါပေါ်က နှမ်းစေ့လေးတွေကို လက်နဲ့စမ်းနေမိတယ်။ ဘာဂါကို တစ်ကိုက်ကိုက်လိုက်တော့ ချိစ်ရည်တွေ ကျွန်မပါးစပ်ထဲ ပြည့်သွားတယ်။ စိမ့်နေတာပဲ။ အသားပြားရဲ့ အချိုဓာတ်ကိုတောင် ဖုံးသွားတယ်။ ကျွန်မနှုတ်ခမ်းမှာ ချိစ်တစ်ချို့ပေကုန်တယ်။ ဒါပေမယ့် ဘယ်သူမှမရှိဘူးလေ။ နင်က စောက်စားပဲစားနေတာပဲဆိုတဲ့ ရည်းစားဟောင်းကို ရုတ်တရက်သတိရတယ်။ ကျွန်မတစ်ခြားဘာလုပ်ရဦးမလဲ။ နောက်တစ်ကိုက်။  စောက်ရေးမပါတဲ့လူတွေ။နောက်ထပ်တစ်ကိုက်။ ကျွန်မကိုယ်ထဲစွဲနေတဲ့ ဗလာဟင်းလင်းခံစားမှုကြီး။ ဆလပ်ရွက်ကို ကျွန်မသွားတွေနဲ့ ဝါးချေလိုက်တယ်။ ပါးစပ်ထဲမှာ ပလုပ်ပလောင်းနဲ့။ နောက်ထပ်တစ်ကိုက် ။ စောက်ရေးမပါတဲ့မိသားစု။ လူကူးတံတားအောက်မှာ ကားတွေ ခပ်ကျဲကျဲဖြတ်သွားနေတုန်းပဲ။ တိုက်ခန်းတစ်ခုက မီးပိတ်လိုက်တယ်။ ကျွန်မကတော့ လူကူးတံတားပေါ် ညစာစားနေတုန်းပဲ။ တစ်ယောက်တည်း။

-ဆပ်ရိပ်
၁၄.၁၂.၁၉

Photo: Nyi ma Shoon Lai Wai

Comments