ဆေးလိပ်



ဆေးလိပ်တိုတွေကြား အိပ်ပျော်နေတဲ့ကျနော့်ကိုမြင်တော့ အဖေအံ့သြမင်သက်သွားမှာ သေချာပါတယ်။ ကျနော့်အိပ်ယာဘေးမှာ ဆေးလိပ်ပြာခွက်တစ်ခုတောင်ရှိမနေဘူး။ အဲ့အစား ဆေးလိပ်ဖင်စီခံတွေနဲ့ ပြာမှုန့်တွေဟာ ရှုပ်ပွနေတဲ့အိပ်ယာနဲ့ စာအုပ်တွေကြား ပြန့်ကြဲနေတယ်။ ကျနော်နိုးတော့ အဖေက အခန်းတံခါးဝမှာ ကျနော့်ကိုငေးကြည့်လို့။ သူ့လက်ကလည်း တံခါးလက်ကိုင်ဘုကို ဆုပ်ကိုင်လျက်သား။ သူကြည့်နေတာ ဘယ်လောက်ကြာပြီလဲ ကျနော်မသိဘူး။ ဘာအသံမှလည်း မပေးဘူး။ ဒါပေမယ့် တစ်ယောက်ယောက်က ခပ်ဆတ်ဆတ်လှုပ်နိုးလိုက်သလိုမျိူး ကျနော်နိုးလာခဲ့တယ်။ ကျနော့်မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့ တံခါးဝကအဖေ့ကိုတွေ့ရတော့တာပဲ။

အဖေ့မျက်လုံးတွေက တစ်ခုခုကိုပြောချင်နေတယ်ဆိုတာ ကျနော်ခံစားမိလိုက်တယ်။ အဲ့ဒါဘာလဲဆိုတာကိုတော့ ကျနော်မပြောနိုင်ပြန်ဘူး။ စိတ်ရှုပ်ထွေးနေမှု၊ အံ့သြမှု၊ အလိုမကျမှု၊ ဒေါသ အားလုံးကို သူ့အကြည့်တစ်ခုတည်းမှာ တွေ့လိုက်ရတာကြောင့်လည်းဖြစ်မယ်။ သူဘာ​ပြောမလဲကျနော်မသိဘူး။ ကျနော့်ဘက်ကပဲ တိတ်ဆိတ်နေတဲ့ ဒီအခြေအနေကိုဖြိုခွဲဖို့ စကားတစ်ခုခုစပြောလိုက်ရမလား။ ဟင့်အင်း။ ကျနော်လည်း ခေါင်းတွေအရမ်းနောက်ကျိနေတယ်။ အခုတွေးနေတာတွေကြောင့် ပိုပြီးတောင် ခေါင်းကိုက်လာသလိုပဲ။ နောက်တော့ ဆံပင်တွေကိုလက်နဲ့ထိုးဖွပြီး အဖေ့ကိုခဏမျက်နှာချင်းဆိုင်ကြည့်မိတယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ မျက်နှာလွှဲပြီး ပြတင်းပေါက်ကနေမြင်နေရတဲ့ အိမ်အပြင်ဘက်လမ်းမကို ငေးနေမိပြန်တယ်။ လမ်းပေါ်မှာ ဘယ်သူမှဖြတ်လျှောက်မနေဘူး။ ခြံတံခါးမှာ ထိုးထားတာကြာပြိီဖြစ်တဲ့သပြေပန်းတွေက ခြောက်ကပ်ညှိုးရော်နေတယ်။ 

" ဘယ်လောက်ကြာပြီလဲ " 

ဆေးလိပ်သောက်တတ်တာကို မေးတာဖြစ်မယ်။ ဒါမေးဖို့လိုလို့လား။ ကျနော့်အသက် ၂၁နှစ်ထဲမှာရောက်နေပြီ။ ဒီအရွယ်လူတစ်ယောက် ဆေးလိပ်သောက်တတ်နေနိုင်တာ ထူးဆန်းတယ်လို့မထင်ပါဘူး။ ကျနော့်ကို သူ ကလေးတစ်ယောက်လိုပဲ အမြဲမြင်နေခဲ့လို့လား။ ဘယ်လိုဖြစ်ဖြစ် အဖေ့အမေးကိုတော့ ကျနော်ရှောင်လို့မရ။ အိပ်ယာထကာစ ဆောင်းတွင်းမို့ အက်ကွဲနေတဲ့နှုတ်ခမ်းတွေကို ဖွင့်ဟဖို့ ခက်ခက်ခဲခဲကြိုးစားရတယ်။

"မနေ့ညကမှ"

အဖေမျက်မှောင်ကြုံ့လိုက်တယ်။ အကြည့်ကတော့ ခုနကလို အေးစက်စက်ကြီးပဲ။ ကျနော်ပြောတာကို ယုံတာလား၊ မယုံတာလား ကျနော်မခန့်မှန်းတတ်ဘူး။ အဖေက အမြဲတမ်း ဒီလိုလူပါပဲ။

မနေ့ညက စမ်းချောင်းက ဘားတစ်ခုမှာ ကျနော်ရှိနေခဲ့တယ်။ နီယွန်ဆိုင်းဘုတ်တွေနဲ့ လူတွေ မျက်စိနောက်လောက်အောင် ပြည့်နေတဲ့လမ်းထဲမှာရှိတဲ့ ဘားတစ်ခုပေါ့။ ဒီရက်ပိုင်း ကိစ္စတွေက အဆင်ပြေလှတယ်မဟုတ်ဘူး။ ဒိီကိုရောက်လာတာကတော့ အဲ့ကိစ္စတွေနဲ့မဆိုင်ပါဘူး။ စိတ်ညစ်လို့ သောက်တယ်ဆိုတာမျိုးက မြန်မာပေါကါးအရမ်းဆန်တယ်လို့ ကျနော်ထင််တယ်။ ခုက လူဆုံလို့ရော ၊ သောက်ချင်လို့ရော ရောက်လာခဲ့တာ။ ရောက်ရောက်ချင်း သူငယ်ချင်းစပ်ပေးတဲ့ ဗော်ကာတစ်ခွက်မော့ချလိုက်တယ်။ လည်ချောင်းတစ်လျှောက် ပူဆင်းသွားတာပဲ။ ခဏနေတော့ နည်းနည်းရီဝေဝေဖြစ်လာတယ်။ ကျနော်က အသောက်သမားရယ်လို့ ကိုယ့်ကိုယ်ကို မသတ်မှတ်ထားပါဘူး။ ကျနော်သောက်နိုင်တဲ့ Limit က နည်းနည်းပဲရှိတယ်။ နှစ်ခွက်သုံးခွက်ဆို ကျနော့်အတွက်လုံလောက်နေပြီ။ အဲ့ထက်လည်း ပိုမသောက်ခဲ့ဖူးဘူး။

နည်းနည်းမူးလာတော့ ဘားရဲ့အနောက်က ဆေးလိပ်သောက်ဖို့ကန့်သတ်ပေးထါးတဲ့ အခန်းကို ကျနော်သတိထားမိတယ်။ ကျနော့်ဘေးမှာ ဆေးလိပ်တစ်ဘူးနဲ့ မီးခြစ်တစ်လုံး။ ရုတ်တရက်ကြီး ဆေးလိပ်သောက်ချင်လာတယ်။ ငတ်ပြတ်နေတဲ့သူတစ်ယောက် ဟင်းနံ့ရသလိုကို ပြင်းပြင်းထန်ထန်တောင့်တမိလာတာ။ ဒါကိုသောက်ကိုသောက်ချင်တယ်ကွာလို့ စိတ်ထဲဖြစ်နေတယ်။ ဆေးလိပ်တစ်လိပ်မီးညှိပြီး သောက်လတ်စဖန်ခွက်ကို ကိုင်ရင်း နောက်ခန်းထဲဝင်လာခဲ့လိုက်တယ်။ အခန်းထဲမှာ မှန်အရှည်ကြီးတစ်ချပ်ရှိတယ်။ မှန်ရှေ့က ဆေးလိပ်ထိုင်သောက်ဖို့ထားတဲ့ခုံတစ်လုံးကို ကျနော်ရွေးထိုင်လိုက်တယ်။ မှန်ထဲက ကျနော့်ကို ကျနော်မြင်နေရတယ်။ အခန်းထဲမှာ မီးရောင်က အနီရောင်မှိန်မှိန်ပျပျလေး။ ဆေးလိပ်ကို နှုတ်ခမ်းတွေဆီ တေ့ပြီး တဖွာရှိုက်ကြည့်လိုက်တယ်။

ပထမဆုံးအကြိမ် ဆေးလိပ်သောက်တာနဲ့ပတ်သတ်ရင် ငယ်ငယ်က ပေါ်လစီ ရုပ်ရှင်တစ်ခုကိုသတိရတယ်။ အဲ့ကားထဲမှာ စိုင်းစိုင်းခမ်းလှိုင်က ကျောင်းပြေးပြီး ဆေးလိပ်သောက်တယ်။ ပထမဆုံးရှိုက်သွင်းတဲ့အခါ သူသီးပြီး ချောင်းဆိုးသွားတယ်။ ကလေးတည်းက ကြည့်ဖူးတဲ့အဲ့ဇာတ်ဝင်ခန်းကို ဆေးလိပ်သောက်ဖို့ကြိုးစားတိုင်း ကျနော်သတိရမိတယ်။ ငါရော အဲ့လိုသီးမလားပေါ့လေ။

စိတ်လှုပ်ရှားရတဲ့ အခိုက်အတန့်လိုလိုပဲ။ တကယ်ရှိုက်ကြည့်လိုက်တော့ ရှောရှောရှူရှူပါ။  ကျနော်ဘာမှမဖြစ်။ ဇာတ်ဝင်ခန်းကို ပြန်စဥ်းစားရင်း တဖွာမှုတ်ထုတ်လိုက်တယ်။ လူတွေဆေးလိပ်ကို ဘာကြောင့်သောက်ကြတာလဲ။ ကျနော့်ပါးစပ်ထဲတော့ ဘာအရသာမှ မရှိ။ ဒါပေမယ့် ရှိုက်နေရတာကို ကျနော်သဘောကျနေတယ်။ မှန်ထဲက ကျနော်ဟာ ဖန်ခွက်တစ်ခွက်နဲ့ ဆေးလိပ်တစ်လိပ်နဲ့။ ငါတောင်စောက်အတတ်ကောင်းတွေတက်နေပြီပဲလို့ စဥ်းစားရင်းပြုံးလိုက်မိတယ်။ ငါအသက်ကြီးလာပြီပဲလို့လည်း တွေးနေမိတယ်။ 

အဲ့ဒီနောက် ဘယ်သူမှမတိုက်တွန်းပဲ မှန်ထဲကကျနော်နဲ့ လွန်ခဲ့တဲ့နှစ်များစွာက ကလေးတစ်ယောက်ကို ပြန်ပြီးမြင်ယောင်နေမိပြန််တယ်။ ပညာရည်ချွန်ဆုတွေနဲ့ ရီပို့ကဒ်မှာ ဘယ်တော့မှ အဆင့်တစ်ဆယ်အောက်မဆင်းတဲ့ ကလေးတစ်ယောက်လေ။ မိဘပြောသမျှ တသဝေမတိမ်းလိုက်နာသူ။ အရက်တို့ဆေးလိပ်တို့ဆိုတာ ငါနဲ့လားလားမှဆိုင်လာစရာမရှိဘူးလို့ သူငယ်ချင်းတွေကို ခဏခဏပြောခဲ့တဲ့သူပေါ့။ ခုတော့ ကြည့်စမ်းပါဦး။ 

မှန်ထဲက ကျနော်ဟာ နှုတ်ခမ်းမွေးတွေ ပါးသိုင်းမွေးတွေ မည်းနက်နေတယ်။ ကိစ္စတိုင်းကို လိုတာထက်ပိုပြီး စဥ်းစားလွန်းလို့လား၊ မျိူးရိုးဗီဇကြောင့်လားမသိ ရုပ်လည်းအများကြီးရင့်နေတယ်။ ကျနော့်မျက်နှာမှာ တစ်ချိန်က happy kid ဆိုတဲ့ ခြေရာလက်ရာတောင် မတွေ့မိဘူး။ အသက်လည်းတစ်နှစ်ပြီးတစ်နှစ်ကြီးလာတယ်။ ဒီနှစ်ပိုင်းတွေမှာ ဆုံးရှုံးမှုတွေအများကြီး။ သင်ယူခဲ့ရတာတွေလည်း အများကြီးပဲ။ လုပ်သမျှမဖြစ်ပဲ အရှုံးပေးလုနီးနီးအချိန်တွေရှိတယ်။ မထင်ထားတဲ့နေရာက ရခဲ့တဲ့လမ်းသစ်တွေလည်း ရှိတယ်။ ဆရာအောင်ချိမ့်ရဲ့ "မနက်ရေအေးအေး" ကဗျာထဲက "ငါတို့ဟာ တစ်ရက်ချင်းအသက်ရှင်ခဲ့တယ်" ဆိုတဲ့စာသားကို သတိရမိတယ်။ တစ်ချို့နေ့တွေက မျှော်လင့်ချက်မဲ့လွန်းလှတယ်။ ကိုယ်ဘာဖြစ်ချင်နေမှန်းရော ကိုယ်ဘာလုပ်နေမှန်းရော ကိုယ်ဘာဖြစ်​နေမှန်းရောမသိ။ နောက်တစ်နေ့မနက်ကျတော့လည်း ဘဝအတွက် ရည်မှန်းချက်တွေဘာတွေနဲ့ ကျနော်ဟာ တက်ကြွနေခဲ့ပြန်တယ်။

မှန်ရှေ့မှာ ဆေးလိပ်ထိုင်သောက်နေမိတာ တော်တော်ကြာသွားတယ်။ ကျနော့်စိတ်ထဲမှာ ဆေးလိပ်ကနေ ဘာအရသာမှမရဘူး။ ဒါပေမယ့် ဒီအခိုက်အတန့်ကိုပဲ ကျနော်ကြိုက်နေခဲ့တာ။ မီးရောင်နီဆွေးဆွေး၊ လောင်ကျွမ်းနေတဲ့ဆေးလိပ်၊ လောင်ကျွမ်းနေတဲ့လူတစ်ယောက်။ တစ်လိပ်ပြီးတစ်လိပ်။ ကျနော်မရေထားမိဘူး။ တစ်လိပ်ကုန်သွားတိုင်း ပြာခွက်ထဲ ဖိချေနေမိတယ်။ တော်တော်ပြင်းပြင်းကိုဖိချေတာ။

အိမ်ပြန်ဖို့နှုတ်ဆက်ပြီးတော့ လမ်းက mini mart တစ်ခုမှာ ဆေးလိပ်တစ်ဘူး နဲ့ မီးခြစ်တစ်လုံးဝင်ဝယ်ခဲ့လိုက်တယ်။ အဖေက အဲ့အချိန်ထိအလုပ်ကပြန်မရောက်သေးတော့ ကိုယ့်ဘာသာသော့ဖွင့်ပြီး ဝင်ရတယ်။ လူက တော်တော်မူးနေပြီ။ ဟန်ဆောင်စရာလူလည်းမရှိတော့ ယိုင်ထိုးပြီး အိပ်ယာထဲတန်းဝင်ခဲ့တယ်။ တံခါးတောင် လော့မချဖြစ်ဘူး။ အခန်းထဲရောက်တာနဲ့ အိပ်ယာပေါ်လှဲတယ်။ ဘေးကစာအုပ်ပုံကြီးကို တစ်ချက်ကြည့်မိတယ်။ ဆေးလိပ်ဘူးကိုဖွင့်တယ်။ တစ်လိပ်ထုတ်ပြီး မီးညှိတယ်။ တဖွာဖွာတယ်။ ကုန်သွားတော့ မီးသေအောင် ကြမ်းပြင်နဲ့ပဲ ဖိချေပစ်လိုက်တယ်။ မှတ်မှတ်ရရ ရှစ်လိပ်။ Beginner တစ်ယောက်အတွက်တော့ မနည်းတဲ့ပမာဏပဲ။ သောက်ပြီးတော့ အကြောင်းပြချက်မရှိပဲ ဆေးလိပ်ဖင်စီခံတွေကို နေရာအနှံ့လျှောက်ပစ်ချနေမိတယ်။  အပေအတေတစ်ယောက်လို၊ အရူးတစ်ယောက်လိုမျိူး။ ပြီးတော့ အိပ်ပျော်သွားတယ်။ နိုးလာတော့ အခန်းတံခါးဝမှာ ကျနော့်ကို ရပ်ကြည့်နေတဲ့အဖေ့ကိုတွေ့တာပဲ။ 

မိဘတစ်ယောက်နေရာကနေ ကျနော်စဥ်းစားကြည့်မိတယ်။ ငယ်ငယ်က သားသမီးအိပ်မောကျနေတာကို ကြည်နူးပီတိနဲ့ တစ်နေရာက ငေးမောနေမယ့် မိဘတစ်ယောက်အဖြစ်​ကနေ ဆေးလိပ်တိုတွေနဲ့ အိပ်ပျော်နေတဲ့သားတစ်ယောက်ကို ရပ်ငေးနေရတဲ့အဖြစ်ဟာ တော်တော်ရင်နာစရာပဲလို့။ ပြီးတော့ အဖေဟာ ကျနော့်ကြောင့် အရက်ဖြတ်ခဲ့သူတစ်ယောက်။ အရက်တို့ဆေးလိပ်တို့ ကောင်းမကောင်းဆိုတာ ကျနော်တို့နှစ်ယောက်လုံး ကောင်းကောင်းသိကြပါတယ်။ အခုတော့ သူ အခန်းထဲဝင်မလာသေးဘူး။ တံခါးလက်ကိုင်ဘုကို ကိုင်လျက်သားပဲ။ မနေ့ညကမှ စသောက်တာဆိုတဲ့ ကျနော့်အဖြေကို သူလက်ခံရဲ့လားမသိ။ လက်ခံရင်ရော ဘာဖြစ်မှာလဲ။ လက်မခံရင်ရော ဘာဖြစ်မှာတဲ့လဲ။

အခုအခြေအနေကတော့ အတော်ကို စိတ်ကျဥ်းကျပ်စရာကောင်းတယ်။ အဖေဘာမှပြန်မပြောတော့ ကျနော့်မျက်စိက အခန်းထောင့်က ဓာတ်ပုံတစ်ပုံဆီရောက်သွားပြန်တယ်။ ကျနော်သုံးတန်းနှစ်က ထူးချွန်ဆုယူနေတဲ့ပုံကလေး။ ဆေးသားတွေတောင် မှိန်နေပါပြီ။ ကျနော်ရော ဆုပေးနေတဲ့ဆရာမရော ပြုံးနေတယ်။ အဖေလည်း စင်အောက်မှာ ပြုံးနေခဲ့မှာသေချာတယ်။ ဓာတ်ပုံကိုကြည့်ပြီးတော့ အဖေ့မျက်နှာကို ပြန်ကြည့်မိတယ်။ သူဘာပြောချင်တယ် ကျနော်တကယ်မသိသေးဘူး။ ညကသောက်ထားတဲ့ဆေးလိပ်တွေကြောင့် လူက အီပြီး ပါးစပ်ထဲမှာလည်း ဆေးလိပ်တွေဝါးစားထားသလို ညှီနေတဲ့အရသာကြီးကို စိတ်က ဆိုးဆိုးဝါးဝါး ခံစားနေရတယ်။ အဖေကတော့ ဘာတွေစဥ်းစားနေတယ်မသိ။ ကျနော့်မျက်နှာကိုပဲ ကြည့်နေတယ်။ ခဏနေမှ သူ့ဆီကအသံကြားရတယ်။

"ငါ့သားရာ" တဲ့။ အေးစက်စက်လေသံက စိတ်ဓာတ်ကျနေတဲ့အသံလား။ မချင့်မရဲဖြစ်နေတာလား မပြောတတ်။ ဒါပဲ ပြောပြီး တံခါးဘုကိုပိတ်လို့ အပြင်ပြန်ထွက်သွားတယ်။ တံခါးပိတ်တဲ့ဆီက လေကြောင့် နံရံက ဓာတ်ပုံလေး တစ်ချက်လှုပ်သွားတယ်။ ဒါပေမယ့် စိတ်ထဲပေါ့ပါးသွားတယ်လည်းမခံစားရဘူး။ စိတ်ထဲ ဘာဖြစ်နေမှန်းလည်း မသိဘူး။ ပြီးမှ ယောင်တောင်တောင်နဲ့ ဘေးကို ကြည့်မိတယ်။ ဆေးလိပ်ဘူးထဲကနေ အပြင်ထွက်နေတဲ့ဆေးလိပ်တစ်လိပ်။ ကျနော်မီးခြစ်ကိုကောက်ကိုင်ပြီး ကြမ်းပြင်ကို တတောက်တောက်နဲ့ခေါက်နေမိတယ်။ အဖေခြံတံခါးပိတ်သွားတဲ့အသံကြားရတယ်။ တစ်အိမ်လုံးပိုပြီး တိတ်ဆိတ်နေသလိုပဲ။

-ဆပ်ရိပ်
၃.၁.၂၀၁၉

Photo- Naung

Comments