ဒီဇင်ဘာညများ
အဲ့ဒီနောက် ရန်ကုန်ကို ဆောင်းဝင်လာခဲ့ပါတယ်။ အိမ်အပြင်ထွက်တဲ့အခါ အသက်ရှူလမ်းကြောင်းထဲကို လေအေးတွေ သိသိသာသာဝင်လာတယ်။ ညဦးပိုင်းရောက်တဲ့အခါ လူတွေဟာ ဗီရိုထဲခေါက်ထားတဲ့ အနွေးထည်ခေါက်တွေကို ဆွဲထုတ်ဝတ်ဆင်ပြီး ပျော်ပွဲရွှင်ပွဲတစ်ခုလို လမ်းပေါ်ထွက်လာခဲ့ကြတယ်။ တစ်ဖက်မှာလည်း လူကူးတံတားတွေပေါ်မှာ တစ်ကိုယ်လုံးနွေးအောင် ကွေးနိုင်သမျှကွေးကွေးလေး အိပ်စက်နေရတဲ့ လူသားပုစွန်တွေရှိနေတယ်။ အဲ့ညက ကျနော်အိမ်ပြန်နောက်ကျတယ်။ည၁၀နာရီခွဲထိ လှည်းတန်းလူကူးတံတားပေါ်မှာ ကားတွေကို ငေးနေခဲ့တယ်။ ခဏနေတော့ ရန်ကုန်အေးတဲ့အကြောင်း ရီစရာစဉ်းစားမိလို့ Facebook ပေါ် စတေးတပ်တင်တယ်။notification မှာ haha react တွေတက်လာတယ်။ အဲ့ဒီနောက် ကျနော့်ညာဘက်အစွန်နားမှာ စောင်မပါပဲ ကွေးပြီးအိပ်စက်နေတဲ့ လူသားပုစွန်တစ်ယောက််ကို ကြည့်နေမိပြန်တယ်။ သေလွန်ပြီးသား တစ္ဆေတစ်ကောင်ကိုမြင်နေသလိုမျိုးပဲ။ဒီအအေးဓာတ်နဲ့ သူအိပ်ပျော်နေမလားမပြောတတ်။ ကျနော်ကတော့ အနွေးထည်ထဲလက်ထည့်လို့။ ကျနော့်ဖုန်းထဲမှာလည်း ရန်ကုန်ဆောင်းအကြောင်း haha react တွေ။
ဒီရက်ပိုင်း စိတ်လိုလက်ရမရှိပဲ တစ်ယောက်တည်းလမ်းတွေလျှောက်နေမိတယ်။ အထူးသဖြင့် ညနေစောင်းတွေဟာ ဆောင်းဦးရာသီရဲ့ မြူခပ်ပါးပါးနဲ့ ရွှေရောင်သမ်းနေတဲ့ကောင်းကင်နဲ့။ ကျနော့်အမြင်အာရုံမှာ သိပ်ပြီးလှပနေတာပဲ။ နားကြပ်နှစ်ဖက်ကိုနားမှာ ဖိထည့်ပြီး ကျနော်ကြိုက်တဲ့သီချင်းတွေဖွင့်တယ်။ ရန်ကုန်လမ်းတွေပေါ် စိတ်လက်ပေါ့ပါးစွာလျှောက်ခဲ့တယ်။ ကုန်သည်လမ်း၊ ကျွန်းတောလမ်း၊ ဗားဂရာ၊ ညဈေး။ အဲ့ဒီနောက် မှတ်တိုင်တွေမှာလည်း ထိုင်ခုံရတဲ့ကားမလာမချင်း ဘယ်လောက်ကြာကြာ ထိုင်စောင့်နေမိတယ်။ မြေနီကုန်းမှတ်တိုင်နားမှာ သစ်ပင်ကြီးတစ်ပင်ရှိတယ်။ ညနေဘက်ရုံးဆင်းချိန်ဆိုရင် အိပ်တန်းတက်ခါနီး ငှက်တွေအများကြီးဟာ တဖွဲဖွဲလူးလာပျံသန်းနေတတ်ကြတယ်။ ကျနော်ကလည်း အဲ့ငှက်တွေကိုမြင်တိုင်း ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်။
ကျနော်စီးလာတဲ့ကားက ဘုရင့်နောင်တံတားပေါ်အရှိန်ပြင်းပြင်းနဲ့မောင်းလာတဲ့ညမှာတော့ ကျနော်တစ်စုံတစ်ယောက်ကိုပြင်းပြင်းထန်ထန်သတိရမိလိုက်တယ်။ မိုးရာသီတုန်းက ကျနော်ထီးမပါတဲ့တစ်ရက်မှာ ကျနော်ဟာ လူတစ်ယောက်နဲ့ ထီးအတူဆောင်းခဲ့တယ်။ မှတ်တိုင်မှာကားရပ်တော့ ထီးဖွင့်မဆောင်းနိုင်ခင် အနီးဆုံးဆိုင်တစ်ဆိုင်ရဲ့ အမိုးအောက်ကို ပြေးကြတယ်။ မိုးနည်းနည်းစိုသွားတော့ ကျနော်တို့အတူရီဖြစ်ခဲ့တယ်။ ဒီနောက်ပိုင်းမှာ ဒီလိုရိုးရှင်းတဲ့ပျော်ရွှင်မှုတွေကိုပဲ ကျနော့်စိတ်က တောင့်တနေမိတယ်။ တစ်ဖက်မှာတော့အမှတ်တရတွေက ပိုပိုရှင်သန်နေပြီး ကျနော်ကတော့ ပိုပိုသေဆုံးနေခဲ့သလိုပဲ။ ကျနော့်အတွင်းပိုင်းမှာ ကျနော်ဆုံးရှုံးခဲ့သမျှအရာတွေဟာ ဗလာအပေါက်တွေဖြစ်သွားတယ်။ အဲ့ဒီဟင်းလင်းပြင်တွေကို အချိန်တိုင်း ကျနော့်လက်နဲ့စမ်းမိနေခဲ့တယ်။ တစ်ခြားတစ်ခုခုနဲ့ အစားထိုးဖို့ကြိုးစားနေတယ်။ သူငယ်ချင်းစုံတွဲတွေကို လမ်းမှာဆုံတဲ့အခါ ပျော်ရွှင်စွာနှုတ်ဆက်တယ်။ ကျနော့်မှာသူတို့လို ချစ်တတ်တဲ့စိတ်ရှိသေးရဲ့လားမပြောတတ်။ ၂၀၁၈ နှောင်းပိုင်းကတည်းက ကျနော်ဟာ ဖြစ်လာနိုင်တဲ့အရာအားလုံးကို တွေးပြီးကြောက်နေတယ်။ ကိုယ့်ကိုယ်ကိုရော လူတွေကိုရော မယုံသက်ာဖြစ်တယ်။ ကျနော့်ကိုချစ်တဲ့သူတွေကို တွန်းထုတ်ပြီးမှ တစ်နည်းနည်းနဲ့ ကျနော့်ဘေးမှာရှိနေစေချင်မိတယ်။အဲ့ဒီအကြောင်းကိုလည်း ပြောရမှာကြောက်နေတယ်။အချိန်နဲ့အမျှလည်း ကျနော်ဟာ တစ်ခုခုကိုပျောက်ဆုံးနေရတယ်။ Coco ရုပ်ရှင်ထဲက ဘာမှမလုပ်နိုင်ပဲ မှေးမှိန်ပျောက်ကွယ်သွားတဲ့အရိုးစုလို ကိုယ့်ကိုယ်ကို ခံစားလာခဲ့ရတယ်။
ည၁၂ ကျော်လာတော့ ညကပိုအေးလာတယ်။ သူငယ်ချင်းတစ်ယောက်ရှဲထားလို့ အကောင့်တစ်ကောင့်ထဲ ဝင်ကြည့်ဖြစ်တယ်။ သတ်လတ်ပိုင်း facebook သိပ်မသုံးတတ်တဲ့လူတစ်ယောက်ရဲ့ အကောင့်ပါ။ သူ့ wall တစ်ခုလုံးက သူ့သားလေးပျောက်နေတဲ့အကြောင်းတွေချည်းပဲ။ သူနေ့တိုင်း သူ့သားလေးပုံတွေတင်တယ်။ သူလုပ်နိုင်သမျှ အကုန်လုပ်ခဲ့ပြီး အခုကူကယ်ရာအရမ်းမဲ့နေတာ သိသာလွန်းလှတယ်။ သူ့သားလေးပုံတင်တဲ့အခါ သူရေးထားတဲ့စာသားတွေက " ကျွန်တော့်သားလေးအသက်ရှင်လျက်ရှိနေသေးလားဗျာ။အဲဒါလေးတောင်သိခွင့်မရသေးပါဘူး။ဒါပေမယ့်ကျွန်တော်ရှာနေဆဲပါဘဲ" "၉,၁၂.၂၀၁၉နေ့အထိမတွေ့သေးပါခင်ဗျား။" စသဖြင့်စာသားတွေနဲ့ ဖုန်းကင်မရာနဲ့ရိုက်ထားတဲ့ သူ့သားပုံဝါးတားတားတွေချည်းပဲ။ တစ်ရက်ပို့စ်တင်တယ်။ နောက်တစ်နေ့မှာအဲ့ပို့စ်ကိုပြန်ရှဲတယ်။ နောက်တစ်နေ့မှာ ပို့အသစ်တင်ပြန်တယ်။ အဲ့ပို့စ်တွေအောက်မှာ သူကိုယ်တိုင်ပဲ ရှဲပေးကြပါ လို့ တစ်ယောက်တည်းမန့်နေခဲ့တယ်။ သူ့မန့်ကို ဘယ်သူမှမမြင်တာလည်းဖြစ်နိုင်တယ်။ မန့်တွေကို ဘယ်သူမှရီအက်ပေးမထား။ လမ်းဘေးမှာ ထိုင်နေတဲ့သူကို ဖြတ်သွားဖြတ်လာတွေ ဒီတိုင်းဖြတ်လျှောက်သွားခဲ့ကြသလိုပေါ့။သူ့လည်းနောက်တစ်နေ့မနက်နိုးလာတဲ့အခါ သူ့သားလေးပုံနဲ့ သားပျောက်စာတွေ တင်နေလိမ့်မယ်။ မျှော်လင့်ချက်အသေတွေနဲ့ ခြောက်ကပ်နေမယ့် သူ့အော်သံတွေကို ကျနော်ခံစားမိနေတယ်။လက်နက်ကြီးကျလို့ ဇနီးရော သားသမီးတွေရော ဆုံးပါးခဲ့ရတဲ့သူတစ်ယောက်ရဲ့ အင်တာဗျူးကိုလည်း ကြည့်မိတယ်။ စကားပြောနေတဲ့သူ့မျက်ဝန်းတွေ သေဆုံးလျက်။ ဆရာအောင့်ချိမ့်ရဲ့ ကဗျာထဲကလို "ကျနော်တို့ဟာ တစ်ရက်ချင်းအသက်ရှင်ခဲ့တယ်"။ဆောင်းညတွေဟာ သိပ်အေးလွန်းတာပဲ။
The Last Christmas ရုပ်ရှင်ကားရဲ့ နောက်ဆုံးမှာ Emilia Clarke ဟာ ခုံတန်းပေါ်တစ်ယောက်တည်းထိုင်နေခဲ့တုန်းပဲ နှင်းတွေတဖွဲဖွဲသူ့ခေါင်းပေါ် ကျဆင်းလာခဲ့တယ်။ ကင်မရာကနောက်ကိုဖြည်းဖြည်းချင်းရွေ့လာတယ်။ နှင်းထုထဲမှာ သူတစ်ယောက်တည်း မှောင်ရီအေးခဲစွာ ကျန်နေခဲ့မှာပဲ။ သက်သက်မဲ့ချန်နေခဲ့တာလည်း ဖြစ်နိုင်တယ်။ "ကျွန်မနှုတ်ခမ်းတွေကို ရှင်ဘယ်တုန်းကမှ မနမ်းခဲ့ဘူးပဲ၊ ကျွန်မဟာ ရှင့်စိတ်နဲ့ပဲသေဆုံးပြီး ရှင့်စိတ်နဲ့ပဲ ရှင်သန်လျက်'။ ကျနော်လည်း အိပ်မက်ထဲမှာပဲ နှုတ်ဆက်ခဲ့ရသူများကို ပျော်ရွှင်စွာ ပြန်လည်ဆုံတွေ့လျက်။ထင်ယောင်ထင်မှားမှုများ၊ မျှော်လင့်ချက်များ၊ အေးစက်သောညများ။ ကျနော့်ရဲ့ ဒီဇင်ဘာညများပါပဲ။
-ဆပ်ရိပ်
၉.၁၂.၁၉
Comments
Post a Comment