Adele သီချင်းနှစ်ပုဒ်နားထောင်ခြင်း
ဒီရက်ပိုင်း တစ်ယောက်ယောက်ကို စကားတွေအများကြီးပြောချင်နေတယ်။ ဘဝရည်မှန်းချက်တွေဘာတွေအကြောင်းမဟုတ်ဘူး။ အဲ့အကြောင်းတွေပါရင်လည်းပါမှာပေါ့။ တကယ်တမ်းက ကိုယ့်စိတ်ထဲက စိတ်ကူးတည့်ရာတွေကို တဖြည်းဖြည်းပြောပြချင်မိတာပါ။ လမ်းထိပ်က ခွေးလေးအကြောင်းပြောချင်တယ်။ ညကအိပ်မက်က ဘယ်လောက်ကြောင်တောင်တောင်နိုင်ကြောင်းပြောချင်တယ်။ရွှေတိဂုံဘုရားစောင်းတန်းမှာ ရွှေဝါရောင်ကြောင်လေးရှိကြောင်းပြောချင်တယ်။ ဒါလေးတွေပါပဲ။ ဒါပေမယ့် ဘယ်သူ့ကိုမှဘာမှတကယ်မပြောဖြစ်ခဲ့ဘူး။ ရပ်နေတဲ့ကားတန်း၊ ပြည့်ကျပ်နေတဲ့လူတွေ၊ ပလက်ဖောင်းပေါ်ကစျေးဆိုင်တွေနဲ့ မြို့ပြက ပိုပိုပြီးကျဥ်းမြောင်းလာနေတယ်။ ညနေဘက်တွေအိမ်ပြန်တဲ့အခါ ကားပြတင်းပေါက်ခုံမှာ နားကျပ်တပ်သေဆုံးရင်းပဲ တစ်ရက်ပြီးတစ်ရက်အချိန်ကုန်နေခဲ့တယ်။
ပြီးတေ့ာ နားထောင်နေကျ သီချင်းတွေကိုလည်း ရိုးအီနေသလိုခံစားရတယ်။ စိတ်ထဲမှာ ဖွင့်ထုတ်အော်ဟစ်မှုတစ်ခုခုကို တောင့်တနေမိတယ်။ အသက်ရှူလမ်းကြောင်းထဲမှာ ဂွမ်းစတွေရောက်နေသလိုမျိူး အထီးကျန်မှုဟာ လူကိုမွန်းကျပ်စေတာပဲ။ လက်က သီချင်းရှာရင်း Adele ရဲ့ When we were young ဆီရောက်သွားတယ်။ တစ်ခါမှနားမထောင်ဖူးပေမယ့် မကျော်ဖြစ်ဘူး။ အဆုံးထိ ငြိမ်ပြီးနားထောင်နေခဲ့တယ်။ စိတ်ထဲမှာ Adele ရဲ့ Vocal ကိုနားထောင်ရင်း တစ်ခုခုကိုကျေနပ်နေတယ်။ လောလောဆယ် ကျနော်ရှာနေတာ ဒီလိုသီချင်းမျိူးလည်းဖြစ်နိုင်တယ်။ အမြင့်သံကောင်းကောင်းရတဲ့အမျိုးသမီးတစ်ယောက်ရဲ့ နာကျင်စရာသီချင်းတွေ။ စိတ်ကြိုက်အော်ဟစ်ဆိုပလိုက်တော့လို့ စိတ်ထဲကအော်ရင်း သူအော်ဆိုလိုက်တဲ့ Note တိုင်းမှာ လိုက်ပါခဲ့တယ်။ ကျနော်သူ့သီချင်းတွေအကြောင်း တစ်ခုခုရေးချင်လာတယ်။ ဒီတော့ ဒါတွေချရေးဖြစ်ပါတယ်။ ကျနော့်စိတ်ထဲပေါ်လာတာကိုရေးတာသာဖြစ်လို့ အမှားတစ်စုံတစ်ရာပါနိုင်ပါတယ်။ ခွင့်လွှတ်ပါ။
Hello (Adele)
"Hello, it's me
I was wondering if after all these years you'd like to meet"
အမျိူးသမီးတစ်ယောက်က လည်ချောင်းကနေ တဖြည်းဖြည်းပြောမိတဲ့အသံတိုးတိုးလေးနဲ့ ပြောနေတယ်။ "ဟယ်လို။ ကျွန်မပါ" "ဒီနှစ်ပိုင်းတွေမှာ ရှင်ကျွန်မကို တွေ့ချင်နေဦးမလား သိပါရစေ" တဲ့။ ဟယ်လို ဆိုတော့ ဖုန်းကောတစ်ခုလည်းဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် အိပ်မက်ယောင်နေတာလည်းဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် တစ်ဖက်က သူ့စကားကို လက်ခံနားထောင်နေရဲ့လားမသေချာဘူးရယ်။ နှင်းတွေခဲနေတဲ့ဖုန်းရုံလေးထဲမှာ အမျိုးသမီးတစ်ယောက်က သူ့လက်တွေအေးခဲနေတဲ့ကြားက ဖုန်းနံပါတ်တစ်ခုကို လှည့်လို့။ သူတစ်ခုခုကို လှမ်းပြောချင်နေတယ်။ ပြောလည်းပြောနေခဲ့တယ်။
ဒီသီချင်းကိုနားထောင်တော့ ကိုဏေသစ်ရဲ့ ကဗျာတစ်ပုဒ်ကိုသတိရတယ်။ ကဗျာက
"ကိုယ်မပျော်ဘူး။ ကိုယ်မပျော်ဘူးလို့။
ဆောရီး မင်းက ဘယ်ကြားရပါ့မလဲ"တဲ့။ တစ်ခါတစ်လေကျတော့လည်း ကျနော်တို့မပျော်နေကြောင်းတွေ တစ်ယောက်ယောက်ကို သိစေချင်တယ်။ ဒါပေမယ့် မကြားနိုင်တာလည်းသိနေတယ်။ ကဗျာရဲ့ဒုတိယစာလုံး "ကိုယ်မပျော်ဘူးလို့" ဆိုတဲ့နေရာကိုဖတ်တုန်းက အသံတိမ်ဝင်နေတဲ့စကားသံ၊ နွမ်းလျနေတဲ့ယောကျာ်းတစ်ယောက်ရဲ့ စကားသံကိုကြားရသလိုခံစားရတယ်။ ကိုယ်မပျော်ဘူး..လို့ဆိုတဲ့စကားလုံးအပြီးမှာ ယောကျာ်းတစ်ယောက်ရဲ့အသံဟာ နစ်ဝင်ပျောက်ကွယ်သွားတယ်။ ကျနော်ဘယ်သူ့ကိုမှ ကျနော်ပြောချင်တာတွေမပြောဖြစ်တာဟာ အဲ့လိုစိတ်မျိူးလည်းဖြစ်ချင်ဖြစ်မယ်။ မကြားနိုင်တဲ့သူတွေဆီ ဘာစကားတွေပြောပစ်လိုက်ရပါ့မလဲ။
Hello ကိုနားထောင်တော့လည်း ဒီခံစားချက်မျိုးပဲ။နည်းပညာတွေဘယ်လောက်ပဲတိုးတက်လာလာ လူတိုင်းဆီကို ကျနော်တို့မဆက်သွယ်နိုင်ကြဘူး။ အထူးသဖြင့် ဆက်သွယ်ချင်တဲ့လူတိုင်းကို မဆက်သွယ်နိုင်ကြဘူး။ ကမ္ဘာကြီးက တစ်ယောက်သောသူဆီ မရောက်မယ့်လမ်းတွေနဲ့ ဖွဲ့စည်းထားတယ်။ အဲ့လမ်းပေါ်မှာ ကျနော်က ကျောပိုးအိတ်ထဲ ဖုန်းတစ်လုံး၊နားကျပ်တစ်ဖက်ကို ထည့်လို့လျှောက်သွားနေခဲ့တယ်။
Hello from the other side
I must've called a thousand times
To tell you I'm sorry
For everything that I've done
But when I call you never
Seem to be home
ဒီနေရာမှာတော့ စိတ်လိုလက်ရအော်ခေါ်နေတာပဲ။ သိီချင်းထဲကအမျိုးသမီးကတော့ သူ့အပေါ်ခွင့်လွှတ်စေချင်နေတယ်။ သူ့ကိုခွင့်လွှတ်ဖို့နဲ့ ဒီနှစ်ပိုင်းတွေမှာ သူဖုန်းခေါ်ခဲ့သင့်ကြောင်း ပြောနေတယ်။ ဒါပေမယ့် တစ်ဖက်ကရောနားထောင်နေရဲ့လား။ ကြိုးဖြတ်ထားတဲ့တယ်လီဖုန်းဘေးမှာ တစ်ယောက်တည်းအရူးလိုသူပြောနေခဲ့တာများလား။ အမျိုးသမီးကတော့ ဟယ်လိုလို့အစချီပြီး တစ်စုံတစ်ယောက်ရဲ့နာမည်ကို ခေါ်နေခဲ့တယ်ရယ်။ လွန်ခဲ့တဲ့လက ကျနော်မူးပြီး မနက်နှစ်နာရီကြီး တစ်ချိန်က အမျိူးသမီးတစ်ဦးကို I fucking hate you လို့ပို့ခဲ့တယ်။ သူ့ဘက်က Deliver တောင်မဖြစ်ခဲ့ဘူး။ အခုတော့ Hello သီချင်းကို ကျနော်နားထောင်နေပြန်တယ်။
အသက်တွေကြီးလာလေ။ ဘယ်သူတစ်ဦးတစ်ယောက်နဲ့မှ ကတောက်ကဆမဖြစ်ချင်လေဆိုတဲ့ခံစားမှုမျိူး ဒီရက်ပိုင်းကျနော်ရနေတယ်။ Linking Park ရဲ့ Leave out all the rest သီချင်းစာသားတွေလို ကျနော်မရှိတော့တဲ့တစ်နေ့ကျ မှားခဲ့တာတွေရှိရင်လည်း တတ်နိုင်သလောက်မေ့ပြီး ကောင်းကောင်းမွန်မွန်သတိရနေဖို့အကြောင်းပြချက်လေးရှာပေးပါပေါ့လေ။ ကျနော်တစ်ခုခုမှားခဲ့ဖူးရင်လည်း ကျနော့်ကိုခွင့်လွှတ်ပါ။ နောက်နေ့မနက်နိုးလာရင် မျက်လုံးတွေပွင့်လာပါဦးမယ်လို့ ဘယ်ဘုရားမှ အာမမခံထားခဲ့ဘူး။ Hello သီချင်းထဲကအမျိုးသမီးကတော့ နှစ်ပေါင်းများစွာအပြီးမှာ ခွင့်လွှတ်မှုတစ်ခုခုကိုမျှော်လင့်နေခဲ့တယ်။ ပြီးတော့ အရာအားလုံးကို သူပြင်းပြင်းထန်ထန်သတိရနေတယ်။ သီချင်းထဲမှာ California Dreaming ဆိုတဲ့စကားလုံးပါတယ်။ Google ခေါက်ကြည့်တော့ ခက်ခဲတဲ့အခြေအနေကနေ ပေါ့ပါးလွတ်မြောက်ချင်စိတ်တဲ့။ သူအရမ်းပင်ပန်းနေခဲ့ပြီထင်တယ်..။
When we were young (Adele)
"အဲ့တုန်းကအချိန်တွေ မှတ်မိသေးလားအစ်ကို" လို့ သူက ကျနော့်ကိုပြောလာခဲ့ရင် ကျနော်ပြုံးမိမှာပဲ။ တကယ်ပျော်စရာကောင်းခဲ့တဲ့အချိန်တွေရှိပါတယ်။ အိမ်အပြန်လမ်းတစ်လျှောက် တစ်ယောက်ကြောင့်တစ်ယောက်ပျော်ရွှင်ရလို့။ ဒါပေမယ့် ပျော်ရွှင်မှုရော ဝမ်းနည်းမှုရော ဘယ်အရာမှမမြဲ။ သတိထားမိတဲ့အချိန်ကျ ကိုယ့်ဘေးမှာ လူအသစ်တွေရောက်နေပြီ။ လွန်ခဲ့တဲ့တစ်နှစ်ကလူတစ်ချို့နဲ့တောင် Facebook မှာ react လေးဘာလေးပဲပေးဖြစ်တော့တယ်။
Cause you feel like home
You're like a dream come true
But if by chance you're here alone
Can I have a moment
Before I go?
'Cause I've been by myself all night long
Hoping you're someone I used to know
လူတစ်ယောက်ကို အိပ်မက်တစ်ခုတကယ်ဖြစ်လာခဲ့လာသလိုမျိုးပဲ ဆိုတဲ့ ဖွဲ့ဆိုမှုမျိုးကိုနားထောင်ရင်း အဲ့ဒီလူကသူ့အပေါ်ဘယ်လောက်တောင်အရေးပါကောင်းမွန်ခဲ့လဲဆိုတာကို ကျနော်စဥ်းစားမိပါတယ်။ အိမ်လို နွေးထွေးတဲ့လူတစ်ယောက်။ ဒါပေမယ့် အားလုံးကပြောင်းလဲခဲ့ပြီလေ။ အရင်လူတွေအရင်လိုမဟုတ်တော့ဖူး။ ကိုယ်ကိုယ်တိုင်လည်း အရင်လိုမဟုတ်တော့တာဖြစ်နိုင်ပါတယ်။ ဘာဖြစ်ဖြစ် အတူရှိနေပေးခဲ့တဲ့စက္ကန့်တိုင်းအတွက်ကျေးဇူးပါဒါလင်။ ကျွန်မအတွက် ရှင်က ကျွန်မသိခဲ့တဲ့ပုံစံပဲလို့ မျှော်လင့်နေဆဲပါတဲ့။ ဒီစကားပြောပြီးတော့ အမျိုးသမီးက အဝေးကိုထွက်သွားတော့မယ်ထင်တယ်။
You look like a movie
You sound like a song
My God, this reminds me
Of when we were young
'ရှင်က ရုပ်ရှင်တစ်ကားလို၊ ရှင်က သီချင်းတစ်ပုဒ်လို' ဆိုတဲ့စာသားတွေက တွေးရင်တွေးသလောက်ရောက်တယ်နော်။ ရုပ်ရှင်တစ်ကား၊သီချင်းတစ်ပုဒ်ကို ကျနော်တို့ဘယ်လိုတန်ဖိုးထားကြသလဲ ကျနော်တို့ပဲသိမယ်။ ဘာဖြစ်ဖြစ် သတိရမယ်ဆိုအားလုံးက သတိစရာ။ ငယ်ငယ်တုန်းကအချိန်တွေ၊ လွန်လေပြီးသောအချိန်တွေကို သတိရစရာချည်းပါပဲ။ ရေးခဲ့ဖူးသလိုပဲ အတိတ်ဟာ မြင်ရုံမြင်ရတဲ့မြူတွေပဲ။ တကယ်သွားရောက်ထိတွေ့ဖို့ပြန်ကြိုးစားရင် အခုဘာမှရှိနေတော့မှာမဟုတ်ဘူး။
ပထမအပိုဒ်မှာ You look like a movie ဆိုပေမယ့် နောက်ဆုံးအပိုဒ်မှာတော့ You still look like a movie ဖြစ်သွားခဲ့တယ်။ Still ဆိုတာ သိတယ်မှတ်လား။ အချစ်ဦးလိုမျိုး။ မေ့မရအောင် မြတ်နိုးခြင်းလိုမျိူး။ ကောင်းမွန်တဲ့အမှတ်တရတွေ၊ သတိရခြင်းတွေနဲ့ အခုထိ မင်းကငါ့အတွက်ရုပ်ရှင်တစ်ကားလိုပါပဲတဲ့။
နှစ်တွေလတွေပြောင်းသွားခဲ့တယ်။ စာပို့ရထားတစ်စီးက မြို့ကိုပြန်မလာတော့ဘူး။ မြို့ရဲ့နေရာအနှံ့မှာ ချယ်ရီပန်းတွေပွင့်နေတယ်။ အမျိုးသမီးတစ်ဦးက စက်ဘီးတွန်းလာရင်း ချယ်ရီပင်အိုတစ်ခုလောက်က ခုံတန်းရှည်တစ်ခုကို ငေးနေခဲ့တယ်။ ဒီမြို့မှာ တစ်ယောက်သောသူမရှိတော့ဘူး။ ဘူတာကနေ ရထားတစ်စီးထွက်သွားခဲ့တဲ့နေ့က နှင်းတွေအရမ်းကျနေတယ်။ ဆောင်းအိပ်မက်တွေက အမြဲကြောက်ဖို့ကောင်းခဲ့ပါတယ်။
It was just like a movie
It was just like a song
When we were young
ငယ်ငယ်တုန်းကအချိန်တွေဟာ
လွန်ခဲ့တဲ့နှစ်များကအချိန်တွေဟာ
သီချင်းတစ်ပုဒ်လို
ရုပ်ရှင်တစ်ကားလိုလေ။
-ဆပ်ရိပ်
၁၄.၁.၂၀
Comments
Post a Comment