ထုံကြီး



ငါ့အမေက ငါ့ကို ပြန်မပြောနဲ့လို့ ပြောတော့ ငါခြောက်နှစ်သား။ ငါဘောလုံးကန်ချင်နေတယ်။ တစ်နေကုန်တိုက်ခန်းထဲမှာ နေရတာ ဘာမှစောက်အဓိပ္ပါယ်မရှိဘူး။ ငါတိုက်အောက်ကိုကြည့်လိုက်ရင် ငါ့ဘော်ဒါတွေ ဘောလုံးကန်နေတာမြင်ရတယ်။ ဒါပေမယ့် ငါ့အမေက ငါ့ကိုပြန်မပြောခိုင်းဘူးလေ။ ငါခေါင်းငြိမ့်ပြီး ဝရန်တာကိုထွက်လာတယ်။ အောက်ကကောင်တွေ ဘောလုံးပွဲမှာ ပွဲကြည့်ပရိသတ်လုပ်တယ်။ သူတို့က င့ါကိုတွေ့တော့ ဆင်းလာဖို့ လှမ်းခေါ်တယ်။ ငါပြန်မပြောပဲ ကြည့်ပဲကြည့်နေလိုက်တယ်။ သူတို့က င့ါကိုစောက်ရူးလို့ပြောပြီး ဘောလုံးဆက်ကန်နေကြတယ်။ ငါ့အမေက ထမင်းစားဖို့ လှမ်းခေါ်တယ်။ ငါဗိုက်မဆာသေးဘူး။ ဒါပေမယ့် ဘာမှပြန်မပြောပဲ ဝင်စားလိုက်တယ်။ ရင်ပြည့်တာလွန်သွားပြီး ထမင်းတွေပြန်အန်ထွက်လာတယ်။ ငါ့အမေက ငါနေချင်သလိုနေလို့ဖြစ်တာ ဆေးသောက်ရမယ်ဆိုလို့ ငါသောက်တာပဲ။ ငါဘာမှပြန်မပြောဘူးလေ။ နောက်တစ်နေ့မနက်ကျတော့ ငါမုန့်ဟင်းခါးစားချင်တယ်။ ငါ့အမေက ထမင်းကြော်ထားတယ်။ ငါမုန့်ဟင်းခါးစားချင်တယ်ပြောတော့ ငါ့အမေက ထမင်းကြော်ပဲ အာဟာရပြည့်တာတဲ့။ ငါလည်းပြန်မပြောပဲ ထမင်းကြော်စားတယ်။ ပြီးတော့ ကျောင်းသွားတယ်။ ကျောင်းမှာလည်း ငါဘယ်သူ့ကိုမှဘာမှပြန်မပြောဘူး။ ကျောင်းအပြန်လမ်းမှာ ကြောင်လေးတစ်ကောင်တွေ့တယ်။ သူ့ကိုမွေးရရင်ငါပျော်ရမှာသိတယ်။ ကြောင်လေးကို အိမ်ခေါ်လာခဲ့တယ်။ အမေက ငါကြောင်မမွေးရဘူး။ စာကျက်ဖြစ်တော့မှာမဟုတ်ဘူးတဲ့။ ငါလည်း ဒါလေးတော့မွေးပါရစေလို့ပြောလိုက်တယ်။ အမေက ငါ့ကြောင်ကို ပိတ်ကန်ထည့်လိုက်တယ်။ ကြောင်လေးက အိကနဲအသံထွက်ပြီး တန်းသေသွားတယ်။ အမေက နင်ငါ့ကိုပြန်မပြောနဲ့ ကျေးဇူးမကန်းနဲ့တဲ့။ ငါလည်းကြောင်အလောင်းကို အမြီးက ကိုင်ပြီး အိမ်ရှေ့လွှတ်ပစ်လိုက်တယ်။ ငါကိုးတန်းရောက်တော့ ငါအီကိုယူချင်တယ်။ စိတ်ဝင်စားလို့ရယ်မဟုတ်ဘူး။ ငါကအဂ်လိပ်စာအရမ်းအားနည်းတော့ ဘိုင်အိုနဲ့အဆင်ပြေမှာမဟုတ်ဘူး။ ငါပြောပြတော့ ငါ့အမေက ငါ့ကိုပြန်မပြောနဲ့တဲ့။ ငါဘိုင်အိုယူတယ်။ စာညံ့တဲ့ငါ့ကို ဘယ်ကောင်မှမပေါင်းဘူး။ ရီပို့ကဒ်ထွက်လာရင် အမေက ငါ့ကို အဆင့်နိမ့်လို့ ပက်ပက်စက်စက်ရိုက်တယ်။ ငါဘာမှပြန်မပြောပါဘူး။ ဆယ်တန်းနှစ်ရောက်တော့ ငါ့ကိုဘော်ဒါပ်ို့ချင်တယ်။ ငါကညံ့တယ်၊ထိုင်းတယ်၊ ဘော်ဒါနဲ့မှအောင်မယ်တဲ့။ ငါကအိမ်မှာပဲ တတ်နိုင်သလောက်လုပ်ချင်တယ်။ ဒါပေမယ့် ဘာမှပြန်မပြောပဲ ဘော်ဒါရောက်လာတယ်။ ဆယ်တန်းကို အောင်တယ်ဆိုရုံလေးအောင်တယ်။ အတန်းထဲမှာ ငါကစောက်ထုံကြီးပဲ။ အောင်လာတာတောင် ဆရာတွေကို ကျေးဇူးတင်ရတယ်။ အမေကတော့ ငါကပိုက်ဆံဖြုန်းတဲ့ကောင်တဲ့။ အောင်ရုံကတော့ အိမ်မှာပဲကျက်လည်းလူတိုင်းရတာကိုတဲ့။ ငါဘာမှပြန်မပြောပါဘူး။ ဆယ်တန်းပြီးတော့ ငါလူပျိုဖော်ဝင်လာတယ်။ အရပ်ရှည်ပြီး ကျောပြားကြီးလာတယ်။ ဝက်ခြံတွေထွက်လာတယ်။ ငါ့ကိုလူတွေက ထုံကြီးလို့​ခေါ်ကြတယ်။ ခေါ်တဲ့သူတွေကို ငါဘာမှပြန်မပြောပါဘူး။ ငါကြိုက်တဲ့စော်ကလည်း ငါ့ကို ဥာဏ်ရည်မမီတဲ့ကောင်လို ရွံနေတယ်။  သူ့ကိုလည်းဘာမှပြန်မပြောတော့ပါဘူး။ တစ်ရက်တော့ ငါ့အမေက ကားတိုက်ခံရတယ်။ ဆေးရုံကိုရောက်တော့ င့ါအမေဟာ သေလုမျောပါးနဲ့။ သူ့လက်ချောင်းတွေနဲ့ ငါ့လက်ကိုဆုပ်ကိုင်ဖို့ကြိုးစားတယ်။ ပြီးမှ အသံယဲ့ယဲ့နဲ့ မေးတယ်။ သားလေး အမေ့ကိုမချစ်ဘူးလားတဲ့။ အစစအရာရာဂရုစိုက်နော်တဲ့။ ငါဘာမှပြန်မပြောဖြစ်ဘူး။ မျက်နှာသေကြီးနဲ့ ငါ့အမေကို ကြည့်ပဲကြည့်နေမိတယ်။ င့ါအမေက ငါ့ကိုနားမလည်နိုင်စွာနဲ့ ကြည့်တယ်။ သေခါနီးလူတစ်ယောက်ရဲ့ မျက်ဝန်းတွေနဲ့ ငါ့ဆီက တစ်ခုခုပြန်ပြောမှာကိုသူစောင့်နေတယ်။ ငါ့လက်ကိုတင်းတင်းဆုပ်ကိုင်တယ်။ ငါဘာမှပြန်မပြောဘူး။ ခဏနေတော့ သူအသက်ထွက်သွားတယ်။ ငါ့အမေလည်း မျက်လုံးဖွင့်လျက်သားကြီး ငါ့ကိုကြည့်ပြီးကျန်ခဲ့တယ်။ ဆေးရုံဝရန်တာရောက်တော့ ငါရီတယ်။ တခွီးခွီးရီတယ်။ ရီရင်းနဲ့ ငါမျက်ရည်တွေကျလာတယ်။ ဆေးရုံက သူနာပြုတွေက ကောင်လေးက  အမေသေလို့ရူးသွားပြီတဲ့။ သူ့အမေကို အရမ်းချစ်တယ်ထင်တယ်တဲ့။ ငိုနေရင်း ဝရန်တာမှာ ထိုင်ချလိုက်ပြီး အခန်းထဲက င့ါအမေကိုလှမ်းကြည့်တယ်။ မျက်လုံးဖွင့်လျက်သားနဲ့ ငါ့ကိုကြည့်နေတုန်းပဲ။ ငါဘာမှပြန်မပြောပါဘူး။

-ဆပ်ရိပ်
၂၁.၁၂.၁၉

Comments