Conversation (M)



"ငါတို့အသက်ရှင်သန်နေတာ ဘာအတွက်လဲဟင်"

"ငါလည်း သူများတွေကို အဲ့မေးခွန်းမေးဖူးတယ်"

"အဲ့တော့.."

"သူတို့လည်း စိတ်ထဲရှိတာဖြေကြတာပဲ။ ဘယ်သူ့အဖြေမှတော့ စိတ်ထဲကျေနပ်လောက်အောင် မရဖူးဘူး"

"ခုငါနင့်ကို မေးနေပြီလေ။ နင်ဘာဖြေမလဲ"

"ခဏ။ ဒါလေးကုန်အောင်သောက်ရင်း စဥ်းစားကြည့်ဦးမယ်"

"အင်း"

ကျနော့်စကားဆုံးတော့ သူက ဆိုင်အပြင်ဘက်လမ်းမပေါ်ကို ငေးနေတယ်။ ညနေစောင်းအချိန်ဖြစ်လို့ အပြင်မှာ သွားလို့လာလို့ကောင်းတဲ့အချိန်ပါပဲ။ ဒီဆိုင်က ဆူးလေရောက်တိုင်း ကျနော်တို့ထိုင်နေကျဆိုင်လေး။ စနေ၊တနဂ်နွေကလွဲလို့ ကျန်တဲ့ရက်တွေ လူသိပ်မကျတတ်။ ပေါ့ဆိမ့်ကောင်းကောင်းရတယ်။ ဒီနောက်ပိုင်း အလျှိုလျှိုပေါ်လာတဲ့ ဆိုင်ကြီးတွေက အရသာဘာလိုနေမှန်းမသိတဲ့ လက်ဖက်ရည်တွေလို လုံးဝမဖြစ်။ ဆိုင်က သိပ်မကျယ်ပေမယ့် စကားအေးဆေးလွတ်လွတ်လပ်လပ်ပြောလို့ရတယ်။ စိတ်ပါရင် ဆေးလိပ်လေးဖွာရင်း အပြင်ဘက်လမ်းပေါ်ကလူတွေကို ငေးလို့ရသေးတယ်။

"အဓိပ္ပါယ်ဆိုတာက ငါတို့ဘာကိုရှာသလဲ ဆိုတဲ့အပေါ် မူတည်တယ်ဟာ"

လက်ကျန်ပေါ့ဆိမ့်ကိုဖြတ်ပြီး ပြောလိုက်တဲ့ ကျနော့်စကားသံ​ကြောင့် သူက စကားဝိုင်းဘက်ကို မျက်နှာမူလာပါတယ်။

"ငါပြောတာ ကြားလိုက်လား"

"အင်း" သူက အသံမပွင့်တပွင့်နဲ့ ခေါင်းကို တဆတ်ဆတ်ငြိမ့်တယ်။

"ကလေးတစ်ယောက်ကို ဒီမေးခွန်းမေးရင် သူဘာဖြေမလဲ။ ကျောင်းတက်ဖို့၊ စာသင်ဖို့၊ ကစားဖို့လို့ပဲ ဖြေရင်ဖြေမယ်ထင်တယ်။" 

"ဒါကတော့ ကလေးကိုး။ ငါစဥ်းစားတာက ၆ပေ၄ပေ ကျင်းထဲ တစ်သက်လုံးအိပ်စက်ရမှာပဲကို ဘာလို့ ဒီအရာတွေအားလုံးကို တနင့်တပိုးထမ်းပိုးထားရသလဲဟာ။ တစ်နေ့ကျရင် ငါတို့ကသေမှာ။ နင်သာ ပုံမှန်လူတစ်ယောက်ဆိုရင် ငါတို့သေပြီး နှစ်အနည်းငယ်အကြာမှာ နင့်ကိုလုံးဝမေ့သွားကြမှာပဲ။ မဟုတ်ဘူးလား"

"ဟုတ်တော့ဟုတ်ပါတယ်"

"ဒါပေမယ့်?"

"ကလေးအနေနဲ့ပဲ ပြန်စဥ်းစားကြည့်ရအောင်။ သူက ကစားတာ၊ စာသင်တာတွေဟာ သူအသက်ရှင်သန်မှုလို့ပဲ သိထားတယ်။ အကြောင်းက  သူ့အတွက် ဒီအရာတွေက အဓိပ္ပါယ်တစ်ခုခုရှိနေလို့ပေါ့။ "

သူနားထောင်နေလို့ ကျနော်ပဲ ဆက်ပြောဖြစ်ပါတယ်။

"ငါတို့အသက်ရှင်ခြင်းကို အဓိပ္ပါယ်ရှိစေတဲ့ အရာတွေအကြောင်းရော နင်စဥ်းစားဖူးလား"

"ဟင့်အင်း"

တစ်ယောက်ယောက်က အသက်ရှင်နေတာ ဘာအတွက်လဲလို့ မေးလာတဲ့အခါ ငါစဥ်းစားမိတာက သူတော့ မပျော်တဲ့အလုပ်တွေလုပ်နေရပြီဆိုတာကိုပဲ။ သူစိတ်အားထက်သန်မှုမရှိတဲ့အရာတွေကို ပိုက်ဆံရဖို့သက်သက်နဲ့ ဒါမှမဟုတ်လည်း တစ်ခြားတစ်ယောက်က စေခိုင်းလို့သက်သက်နဲ့ လုပ်နေရတာမျိုး။သူ့မှာ သူ့ကို အဓိပ္ပါယ်ရှိစေမယ့် အရာတစ်ခုခုကို မလုပ်နိုင် ၊ မလုပ်ဖြစ်။ ရှာမတွေ့သေးတာတောင် ဖြစ်နိုင်တယ်"

 ပန်းရဲ့လမ်းက ဦးရဲလွင်လို အနုပညာရှင်​တွေဆိုရင် သူ့တစ်သက်လုံး  ဂစ်တာတွေ၊သီချင်းသံတွေနဲ့သာ ​ပျော်မွေ့ခဲ့တယ်။ ဘောလုံးလောကမှာဆိုရင်လည်း ဘယ်အသင်းက ဘယ်လောက်ပေးပြီး​ခေါ်ခေါ်အသင်းမပြောင်းပဲ မိခင်အသင်းမှာပဲ ကစားသွားတဲ့ ရိုးမားက တော့တီလို ကစားသမားတွေရှိတယ်။

သူတို့အတွက် အဓိပ္ပါယ်ဆိုတာ သူတို့လုပ်နေတဲ့အရာအပေါ် မြတ်နိုးနေမှုပဲ။ ဒီအရာတွေ ရှိနေသရွေ့ သူတို့အသက်ရှင်သန်မှုက အဓိပ္ပါယ်ရှိနေတယ်လို့ သူတို့ခံစားနေရမှာရယ်။ တော့တီအတွက် ဒီမြေ၊ ဒီကွင်း၊ ဒီပရိသတ်တွေနဲ့ ဘောလုံးကစားရတာ လေးနက်တဲ့အဓိပ္ပါယ်တစ်ခုဖြစ်သလို ဦးရဲလွင်အတွက်လည်း သူမြတ်နိုးတဲ့သီချင်းတွေကို သူမျှော်လင့်ထားတဲ့ငြိမ်းချမ်းရေးအတွက်ရည်ရွယ်တဲ့ပွဲတွေမှာ ဆိုနေတီးနေရတာ အဓိပ္ပါယ်တစ်ခု၊ အရသာတစ်မျိုးဖြစ်မှာပေါ့။"

"အင်း... နားထောင်နေတယ်နော်"

"အဓိပ္ပါယ်ဆိုတာ ငါတို့ဘယ်လိုရှာသလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ ငါတို့ကို ဘယ်အရာက ပျော်ရွှင်စေတယ်။ ဘယ်အရာတွေလုပ်နေရတာ ငါတို့ကို အဓိပ္ပါယ်ရှိစေတယ်ဆိုတာမျိုးပဲ။ တကယ့်ပျော်ရွှင်ခြင်းအကြောင်း ငါတို့စဥ်းစားဖို့လိုတယ်။

ငါ့အတွက် အသက်ရှင်နေတာဘာအတွက်လဲလို့မေးခဲ့ရင် ငါဖြေစရာတော့ရှိတယ်။ ငါ့အဖြေ နင်စိတ်ကျေနပ်ချင်မှလည်း ကျေနပ်မယ်။"

"ပြောပါ" သူက ပြုံးရင် စကားထောက်ပေးတယ်။

"သင့်တင့်တဲ့တစ်နေ့မှာ ငါအသက်ရှင်နေခဲ့သေးရင်ပေါ့ဟာ။ လူဝင်လို့ရတဲ့မွှေးပွရုပ်ကြီးတွေဝယ်မယ်။ မိဘမဲ့ဂေဟာတွေဆီ သွားမယ်။ လှူရုံမဟုတ်ပဲ တနေကုန်သူတို့နဲ့ နေချင်တာ။ ငါဝတ်ထားတဲ့ အရုပ်ကြီးကို မြင်လိုက်တာနဲ့ ပြုံးကြမယ့် သူတို့အပြုံးကို ကြည့်ချင်တာ။ အရုပ်ကြီးကို လက်တွေကိုင်လိုက်၊ ဖက်လိုက်လုပ်နေမယ့် သူတို့ရဲ့လက်တွေကို သူတို့ကို နွေးထွေးအောင် ဖက်ထားပေးချင်တာ။ အဲ့ဒါက တစ်ခုပေါ့။ 

နောက်တစ်ခုကတော့ ခွေးတွေအများကြီးမွေးဖို့။ ခွေးတွေရဲ့ မျက်ဝန်းတွေကို ငါတအားသဘောကျတယ်။ အစာတောင်းနေတဲ့အခါ၊ ပျော်နေတဲ့အခါ၊ သတိရတဲ့အခါ သူတို့ပေးတဲ့တုံ့ပြန်မှုကို တအားချစ်တယ်။ ဒီတော့ ခွေးတွေအများကြီးမွေးချင်တယ်။ 

အရေးအကြီးဆုံးကတော့ အနုပညာတစ်ခုအနေနဲ့ ကျန်ခဲ့မယ့်စာတွေ ရေးနိုင်ချင်တယ်။ လူကြိုက်များရုံမဟုတ်ပဲ ငါကိုယ်တိုင်လည်းစိတ်ကျေနပ်ပြီး ငါလေးစားရတဲ့သူတွေက အသိအမှတ်ပြုမယ့်စာတွေရေးချင်တယ်ပေါ့ဟာ။

အခုငါ့ကိုဘာအတွက်အသက်ရှင်နေလဲဆိုရင် ဒါတွေလုပ်နိုင်ဖို့အသက်ရှင်နေတယ်လို့ပဲ ငါဖြေရမှာပဲ။အဲ့မတိုင်ခင်ထိတော့ ဘာတွေဖြစ်လာလာ ကြိုးစားပြီး အသက်ရှင်နေရမှာပေါ့လေ။

နင်ကရော ဘာအတွက်အသက်ရှင်နေလဲ"

"စဥ်းစားလိုက်ဦးမယ်။ နင်လက်ဖက်ရည်သောက်ဦးမလား"

ကျနော်ခေါင်းငြိမ့်ပြလိုက်တော့ သူက ပေါ့ဆိမ့်တစ်ခွက်ထပ်မှာလိုက်တယ်။ ခဏနေတော့ ဆိမ့်သက်ပြီး တော်တော်အရသာရှိတဲ့ ပေါ့ဆိမ့်တစ်ခွက်ကို ကျနော်အရသာခံနေမိတယ်။ စကားတော့ထပ်မပြောဖြစ်ကြ။ ကျနော်တို့မှာ စဥ်းစားစရာတွေအများကြီးလေ။

-ဆပ်ရိပ်
၃၀.၁၀.၁၉


Comments