Conversation (N)
"ခုတလော နင်ဘာအကြောင်း စဉ်းစားဖြစ်နေလဲ"
"တစ်ယောက်တည်းခရီးသွားဖို့"
"ဘယ်ကိုလဲ"
"ရာသီဥတုအေးတဲ့မြို့တစ်မြို့ပေါ့ ဒါပေမယ့်"
"ဒါပေမယ့်"
"ဒါပေမယ့် လူရှုပ်တဲ့ဒေသတွေမဟုတ်ဖူး။ အဓိကအားဖြင့် လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်နဲ့ တည်းခိုခန်းလေးတစ်ခန်းရှိတဲ့ တောင်ပေါ်မြို့လေးတစ်မြို့ကို စိတ်ကူးတယ်။ စိတ်ကူးရုံပါပဲ။ အဲ့လိုမြို့က မြန်မာနိုင်ငံရဲ့ ဘယ်နားမှာရှိနေလဲတောင် ငါမသိဘူး"
"ဘာလို့ အဲ့လိုသွားချင်တာလဲ"
"တစ်ယောက်တည်းလျှောက်သွားရတာ အရသာရှိမယ်ထင်လို့။တစ်ခါမှမသွားဖူးလို့
ငါမသိတဲ့ဒေသတစ်ခုမှာ ငါမသိတဲ့မျက်နှာတွေနဲ့ ငါ့ကိုဂရုတောင်မစိုက်ကြတဲ့လူတွေကြား ခဏလောက်နေချင်တယ်။ ရထားနဲ့သွားမယ်။ ဘယ်သူ့ကိုမှမပြောပဲ သွားမယ်။ အဲ့မြို့ကိုရောက်အောင် တောင်တွေကိုဖြတ်ပြီး ကားထပ်စီးရင်စီးရမယ်။ ငါရောက်သွားတဲ့အချိန်မှာ မြို့ရဲ့ညနေက အေးနေလိမ့်မယ်။ လမ်းကလူတစ်ယောက်ကို ငါတည်းလို့ရမယ့်နေရာတစ်ခုမေးမယ်။သူ့ကို ကျေးဇူးတင်ပါတယ်လို့ ပြောမယ်။ လူသူအရောက်နည်းတဲ့ဒေသဆိုရင် တည်းခိုခန်းတွေက ဈေးသိပ်မရှိဘူး။ ငါနေချင်သလောက် ရက်ယူထားလိုက်မယ်။ အခန်းထဲမှာ သရဲများခြောက်မလား ငါတွေးရင်လည်းတွေးမိမယ်။ ညဘက်ကျရင် စောင်အထူကြီးခြုံပြီး တချိုးတည်းအိပ်လိုက်မယ်"
"အင်း။ ပျော်ဖို့ကောင်းမှာပဲ"
"နောက်နေ့ကျ အေးလွန်းတဲ့မနက်တစ်ခုမှာ ငါနိုးလာလိမ့််မယ်။ ငါမျက်နှာသစ်မယ်။ အနွေးထည်ထူထူနဲ့ လက်အိတ်တွေဝတ်ပြီး တစ်ခုခုစားဖို့ထွက်မယ်။ အနီးနားက ဆိုင်တစ်ဆိုင်ကိုရောက်သွားမယ်။ ဆိုင်ထဲမှာ ဒေသခံကောင်လေးတွေက တီဗီကြည့်တာဖြစ်ဖြစ်၊ ဖုန်းသုံးနေကြတာဖြစ်ဖြစ်ပေါ့။ ငါစားချင်တာတစ်ခုခု ဆိုင်ကိုမှာတဲ့အခါ ဆိုင်ရှင်အန်တီကြီးက ငါပြောတာကို နားမလည်ဘူး။ သူစကားဝဲဝဲနဲ့ပြန်ပြောတာကိုလည်း ငါကမသိဘူး။ ငါတို့လက်ဟန်ခြေဟန်နဲ့ဖြစ်ဖြစ် ၊ဆိုင်ထဲက တစ်ခြားလူတွေ အကူအညီနဲ့ဖြစ်ဖြစ် သူနားလည်အောင်ပြောမယ်။ နားလည်မှုလွဲတာတွေအတွက် ငါတို့ရီကြမယ်။ ငါ့ကို သူတို့နည်းနည်းလေးသိသွားမယ်။ မနက်တိုင်းအဲ့ဆိုင်လေးမှာ စားမယ်။ ငါရောက်လာတာကိုတွေ့တာနဲ့ ဆိုင်ရှင်အန်တီကြီးက ပြုံးပြီး ငါဘာမှာချင်လဲ သိလာတဲ့ထိပေါ့။ ဆိုင်ကလူတွေနဲ့လည်း မျက်မှန်းတန်းမိနေမယ်။ ငါသူတို့အကြောင်းကိုမသိ။သူတို့လည်းငါ့အကြောင်းကိုမသိ။ပြောစရာလည်းမလို။နောက်တော့ မြန်မာစကားတတ်တဲ့သူတစ်ယောက်နဲ့ ငါစကားပြောချင်လည်းပြောမယ်။ နေ့ခင်းမရောက်ခင် ငါဆိုင်က ထလာမယ်
နေရောင်ခြည်ရောက်လာတာကြော့င် မြူတွေပါးသွားတဲ့ တောင်တန်းတွေကိုငေးမယ်။ဓာတ်ပုံရိုက်မယ်။ ငါဖေ့ဘွတ်ပေါ်တင်ဖို့ကြိုးစားပေမယ့် ဖုန်းလိုင်းတောင် မမိဘူး။ နောက်ဆုံးတော့ ငါလက်လျှော့လိုက်ပြီး တောင်တွေကိုမြင်ရတဲ့နေရာတစ်ခုမှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်မယ်။ အနီးနားက ကလေးတစ်ယောက်က ငါ့ကိုစူးစမ်းနေမယ်။ သူ့ကိုပြုံးပြမယ်။ ကလေးက သဘောကောင်းရင် မုန့်လေးဘာလေးဝယ်ကျွေးမယ်။ ငါတို့သိသွားမယ်။ ညနေ နည်းနည်းအေးလာရင် ဒေသအစားအစာတစ်ခုခုနဲ့ လက်ဖက်ရည်တစ်ထုတ်လောက်ဝယ်ခဲ့မယ်။ တည်းခိုခန်းအပြင်ဝရန်တာမှာ လက်ဖက်ရည်သောက်လိုက်၊ ဆေးလိပ်ခဲလိုက်နဲ့ နေဝင်တာကိုငေးမယ်။စာအုပ်တစ်အုပ်ဖတ်ရင်လည်းဖတ်မယ်။နေဝင်သွားတော့ အခန်းတံခါးကိုပိတ်ပြီး မအိပ်ချင်တဲ့အထိ စာအုပ်တစ်အုပ်ဖတ်မယ်။ရုပ်ရှင်ကြည့်တာလည်း ဖြစ်ရင်ဖြစ််မယ်။ အိပ်ချင်လာရင် ငါစောင်အထူကြီးကို ခြုံလိုက်မယ်"
"အမလေး။စိတ်ကူးမို့လို့ပဲ"
"အင်း။နောက်နေ့ကျရင် အနီးအနားက တောင်ပေါ်စေတီလေးဆီကိုသွားမယ်။ ဘယ်သူမှမလာတဲ့စေတီရင်ပြင်တော်က သစ်ရွက်တွေနဲ့ရှုပ်ပွနေလိမ့်မယ်။ ငါအဲ့ဒါတွေကိုသန့်ရှင်းမယ်။ ငါ့အနားကို စူးစမ်းဖို့ရောက်လာတဲ့ကလေးတွေကို ရင်းနှီးဖို့ကြိုးစားမယ်။ အဝေးကတိုက်လာတဲ့ လေအေးတွေကို ငါ့အနွေးထည်က ကာထားပေးလိမ့်မယ်။ အလုပ်ပြီးတာနဲ့ ဗိုက်မဆာမချင်း ဘုရားပေါ်ကနေ တောင်တွေကိုငေးမယ်။ ခေတ်ဟောင်း သီချင်းတွေနားထောင်မယ်။ ငါ့နားမှာ လေအေးတွေ စေတီတော်က ဆည်းလည်းသံတွေ နဲ့ ခပ်တိုးတိုးဖွင့်ထားတဲ့သီချင်းသံတွေပဲရှိမယ်။ နောက်တစ်ခါရောက်လာရင် ပြန်မြင်လိုမြင်ငြား အမှတ်အသားတစ်ခုခုလုပ်ဦးမယ်။ အဲ့ဒီနောက် ငါတစ်ယောက်တည်းစိတ်ကူးတည့်ရာတစ်ခုခုလုပ်မယ်။ ခုထိတောင် ငါဒီကိုရောက်နေမှန်းဘယ်သူမှ သိနေမှာမဟုတ်။သိချင်ကြမှာလည်းမဟုတ်ဘူး။ ဒါပေမယ့် ဒီမှာငါတစ်ယောက်တည်း အေးချမ်းနေလိမ့်မယ်။စကားတွေပြောစရာမလို။ ငါ့ကိုမသိတဲ့အရပ်မှာ ငါ့ကိုမသိပေမယ့် ပြုံးပြဖြစ်ကြတဲ့ လူတွေနဲ့ပေါ့ဟာ"
"အဲ့မြို့လေးမှာ ငါပျင်းလာတဲ့ထိနေမယ်။ နောက်ဆုံးတော့ငါပြန်ဖို့ပြင်ရမယ်။ ငါရက်အတော်ကြာနေခဲ့တဲ့တည်းခိုခန်းကို ဝအောင်ကြည့်ပြီ။ ငါ့ကိုကောင်းကောင်းနေစေခဲ့တဲ့ အခန်းထဲက တစ္ဆေကိုဖြစ်ဖြစ်၊ အခန်းကိုဖြစ်ဖြစ် ကျေးဇူးတင်စကားဆိုမယ်။ငါအထုတ်အပိုးကြီးလွယ်ပြီး တည်းခိုခန်းက ထွက်လာတဲ့အခါ ငါနဲ့ရင်းနှီးသွားတဲ့ ကလေးလေးက တာ့တာပြလိမ့်မယ်။ ငါစားနေကျ လက်ဖက်ရည်ဆိုင်က လူတွေကို ငါနှုတ်ဆက်မယ်။ နောက်လည်း လာဦးနော်လို့ တစ်ယောက်ယောက်က ပြောတဲ့အခါ ငါဝမ်းသာအားရ ခေါင်းငြိမ့်ပြလိမ့်မယ်။ ဆိုင်ရှင်အန်တီကြီးဆီမှာ ငါစားနေကျ မနက်စာကိုမှာစားမယ်။ ပြီးရင် လက်အိတ်စွပ်ထားတဲ့သူ့လက်တွေကိုဆုပ်ကိုင်ပြီး ဒီရက်တွေအတွက် ကျေးဇူးတင်ပါတယ်လို့ ပြောမယ်။ ငါသူတို့ကိုနှုတ်ဆက်ခဲ့မယ်။ နွေးထွေးမှု ၊ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေပေါင်းထားတဲ့ ခံစားချက်တစ်မျိုး ငါ့ဆီမှာဖြစ်နေလိမ့်မယ်။ ကားထွက်တဲ့အခါ ကားမှန်ကနေ နောက်ကကျန်ခဲ့တဲ့ မြို့ကလေးကိုကြည့်ရင် ငါ့စိတ်မှာ ဒီဒေသကို ချစ်မြတ်နိုးနေမယ်"
"ဘာဖြစ်လို့ အဲ့လိုသွားဖို့လိုတာလဲ"
"ဘာလိုအင်မှ ဘာမျှော်လင့်ချက်မှမပါတဲ့ ဒီတိုင်းဖြစ်နေခဲ့မယ့် သံယောဇဥ်တွေကို ငါခံစားကြည့်ချင်လို့။ နွေးနွေးထွေးထွေး စိတ်ခံစားချက်တစ်ခုရချင်လို့။ နောက်တစ်ခါအဲ့ဒေသကိုရောက်တဲ့အခါ အရာအားလုံးကိုပြန်သတိရပြီး ရှုခင်းတွေနီးလာတိုင်း ပြုံးနေမိဖို့၊ ပျော်နေမိဖို့။ အဲ့ဒါမျိုးပေါ့"
"နင်အခုဘာမပျော်တာရှိနေလဲ"
"အဲ့လိုတော့မပြောတတ်ဘူး။ ဒါပေမယ့်"
"အင်း"
"မျက်လုံးတွေ။သူတို့က ဘယ်တော့မှ မလိမ်ကြဘူးမှတ်လား..။ငါ့မျက်လုံးတွေ ဦးတည်ရာမရှိပဲ အဝေးကိုငေးနေတတ်တာကြာပြီ။ငါအကြောင်းပြချက်ပေးဖို့လိုရဲ့လား"
-ဆပ်ရိပ်
၂၈.၁၁.၁၉
Comments
Post a Comment