Ebbing မြို့အပြင်ဘက်က လက်ကျန်နှင်းဆီပွင့်တွေ

" အပြစ်ရှိနေတယ်" လို့ အချိန်တိုင်းမှာခံစားနေရပြီး အသက်ဆက်ရှင်နေရခြင်းနဲ့ သေဆုံးသွားရခြင်းမှာ ဘယ်တခုက ကိုယ့်ကိုယ်ကိုသက်ညှာရာရောက်မလဲမသိ။ ဒီစကားလုံးကို ဇာတ်ကားထဲက အမျိုးသမီးမက်ဒရစ်ဟေးနဲ့ ရဲမှူးဝယ်လ်ဘီ နှစ်ယောက်လုံးရဲ့နေရာကနေ စဉ်းစားဖြစ်ပါတယ်။ #ဇာတ်လမ်းအကျဉ်း မစ်ဆူရီပြည်နယ်က အက်ဗင်ဆိုတဲ့မြို့ကလေးဟာ မြို့ငယ်တမြို့ဖြစ်တာမို့ တယောက်နဲ့တယောက်လည်း မသိတဲ့သူမရှိသလောက်ပါပဲ။ ဘယ်သူက ဘာအလုပ်လုပ်တယ်၊ ဘယ်သူက ဘယ်လိုအကျင့်ရှိတယ်၊ ဘယ်သူတော့ ဘာဖြစ်နေပြီဆိုတာကို မသိချင်လည်း သိ၊ မကြားချင်လည်းကြားနေရမယ့် မြို့သေးသေးတခုဆိုပါတော့။ အက်ဗင်မြို့အပြင်ဘက်မှာ လမ်းဟောင်းတခုရှိပါတယ်။ မြို့ပတ်လမ်းအဖြစ် အဝေးပြေးလမ်းတခုပေါ်လာလို့ ဘယ်သူမှအသုံးမပြုကြတော့တဲ့ လမ်းဟောင်းတခု။ သူနဲ့အတူ မြက်ခင်းစိမ်းစိမ်းတွေ၊ သံချေးတက်နေတဲ့ ကြော်ငြာဆိုင်းဘုတ်ဟောင်းကြီးတွေနဲ့ တောင်တန်းတွေရံထားတဲ့မြို့ကလေး။ တရက်တော့ အဲ့ဒီလမ်းပေါ်က ကြော်ငြာဆိုင်းဘုတ် (၃)ခုဟာ အခကြေးငွေပေးပြီး ကြော်ငြာတဲ့သူတယောက်ကြောင့် ပြန်ပြီးသစ်လွင်လာပါတယ်။ ဆိုင်းဘုတ်က ကုန်ပစ္စည်းတခုခုကို ကြော်ငြာထားတာတော့မဟုတ်။ အနီရောင်နောက်ခံမှာ စာသားတွေချည်းထင်းနေအောင်ရေးထားတဲ...