ငြိမ်းဆွေး





ကမ်းနားလမ်းက လက်ဖက်ရည်ဆိုင်ထဲဝင်လိုက်တော့ ဆိုင်ရှင်က ကိုယ့်ကိုကြည့်ပြီး သူ့မျက်နှာက ညိုမှောင်သွားတယ်။ သူ့ဆိုင်မှာ ကိုယ်တို့တွေထိုင်ခဲ့တာလည်း ဆယ်တန်းကျောင်းသားဘဝထဲကကိုး။ ဇွန်လမို့ မိုးတွေကလည်းရွာလိုက်တာ။ ဆိုင်ရှေ့ပလက်ဖောင်းဘေးက စီးနေတဲ့မိုးရေတွေဆီမှာ အဖုံးမပါတဲ့ပလက်စတစ်ဘူးခွံလေးတခုမျောပါနေတယ်။ ရေစိုနေတဲ့ထီးကို ပုံးထဲထည့်ပြီး စိုထိုင်းနေတဲ့ကိုယ့်ဆံပင်ကိုလက်နဲ့ထိုးဖွနေမိတယ်။

" ဒီနေ့နောက်ဆုံးဆို "

ဆိုင်ရှင်ကိုမြဝင်းက ခပ်လေးလေးခေါင်းငြိမ့်တယ်။ သူ့ပုံစံကိုကြည့်ပြီး ကိုယ်လည်း စိတ်ထဲလေးလာတယ်။

" ကိုအောင်ဖုန်းဆက်ပြောလို့ ကျနော်လည်းသိတာ။ မလာဖြစ်တာလည်းကြာပြီဆိုတော့။ စိတ်ထဲလည်းမကောင်းဖြစ်သွားတယ် "

" ကျုပ်လည်း တတ်နိုင်ဘူးဗျ နော့။ ဒီလိုပဲဖြစ်ချိန်တန်လို့ဖြစ်လာတယ်လို့ပဲ မှတ်လိုက်ပါတယ်။ ကဲ ချိုဆိမ့်ပဲလား။ "

ခေါင်းငြိမ့်ပြပြီး ဆိုင်ရှေ့မျက်နှာစာနဲ့အနီးဆုံးစားပွဲဆီ ထလာခဲ့တယ်။ မိုးရွာနေတုန်းမို့ ခုံပေါ်မှာ မိုးပက်ထားတဲ့ခြေရာလက်ရာတွေရှိနေသေးတယ်။

လက်ဖက်ရည်လာချတဲ့စားပွဲထိုးလေးက မိုးမပက်အောင် အတွင်းထဲလာထိုင်ပါလားလို့ လောကွတ်ဆိုတယ်။ ရပါတယ်လို့ပြန်ဖြေပြီး ဆေးလိပ်ဗူးထဲက တလိပ်ထုတ်ရင်း ခုံကိုလက်နဲ့ခေါက်နေမိတယ်။ ဆိုင်ရှေ့မှာတော့ မိုးရေအောက်မှာ ကားတွေလူတွေသွားလာနေကြတယ်။ ရုတ်တရက်ကြည့်ရင်တော့ ရန်ကုန်က အရင်အတိုင်းပါပဲ။ ဒါပေမယ့် ရန်ကုန်မှာ ပြောင်းလဲနေတဲ့နေရာတွေနဲ့ ပျောက်ဆုံးသွားတဲ့လူတွေရှိနေတယ်။ ဒီအရာတွေကို ကိုယ်နဲ့နီးစပ်နေမှသာ သိနိုင်မှာပါလေ။ 

လေတိုက်လိုက်တိုင်း မိုးက မျက်နှာဆီ အေးအေးမြမြလွင့်လို့လာတယ်။ ရင်ထဲမှာတော့ မအေးချမ်းလှဘူး။ ကိုယ်ဘာမှမလုပ်နိုင်တဲ့ဆုံးရှုံးမှုတခုကိုကြည့်ရင်း စိတ်အားဖြင့်နှုတ်ဆက်စကားဆိုဖို့ ဒီနေ့ဒီကိုလာခဲ့တယ်။ 

လက်ဖက်ရည်မရောက်ခင် ဟိုငေးဒီငေးလုပ်ရင်း စားပွဲခုံပေါ်က ပလစ်စတစ်လောင်းထားတဲ့ မီနူးကဒ်လေးဆီ မျက်စိရောက်သွားမိတယ်။ ဆိုင်ကလေး နာမည်က " ငြိမ်းဆွေး" တဲ့။ နှစ်တွေကြာပေမယ့် စိတ်ထဲမှာ ငြိမ်းငြိမ်းဆွေးဆွေးရှိတုန်းပါပဲ။

၂၀၀၉ ခုနှစ်လောက်ကဖြစ်မယ်။ ကိုယ်ဆယ်တန်းကျောင်းသားဘဝ။ ကျောင်းပြေးလာတဲ့ကိုယ်တို့အဖွဲ့ဟာ မြို့ထဲထိကားစီးလာရင်း ဘယ်သွားရမှန်းမသိလို့ ငြိမ်းဆွေးဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တယ်။ အဲ့ဒီတုန်းကလည်း ဇွန်လထဲမို့ မိုးတွေတဖွဲဖွဲပေါ့။

ဆိုင်ထဲကို ကျောင်းဝတ်စုံတွေနဲ့ဝင်လာတဲ့ကိုယ်တို့ကိုမြင်တော့ ဆိုင်ရှင်အညာသားကြီးက လှမ်းအော်တယ်။ " ဟေ့ ကျောင်းပြေးလာတာဆို မိဘတွေလိုက်လာရင် ကျုပ်နဲ့မဆိုင်ဘူးနော် " တဲ့။ တယောက်က မိုးသံလေသံတွေကိုဖုံးအောင် မနည်းပြန်အော်ပြောရတယ်။ " အင်းစိန်ကလာတာ။ သူတို့လိုက်လာနိုင်ရင် တဆိုင်လုံးဝယ်စားလိုက်မယ် " ဆိုတော့ ကိုမြဝင်းက အားရပါးရရီတယ်။ ဒီလိုနဲ့ပဲ ဇွန်လရဲ့ မိုးတွေလေတွေထဲမှာ ကျောင်းပြေးလာတဲ့ငမိုက်သားကိုယ်တို့ ခိုလှုံစရာနေရာလေးတခုရှာတွေ့သွားတယ်ဆိုပါတော့။ 

လက်ဖက်ရည်ဆိုင်ကလေးက သိပ်အကျယ်ကြီးတော့မဟုတ်ဘူး။ အဲ့ခုနှစ်ဝန်းကျင်က ဆိုင်တွေအတိုင်းပေါ့လေ။ သစ်သားခုံပုကလေးတွေ၊ ပလက်စတစ်လောင်းထားတဲ့ မီနူးကဒ်တွေ၊ ညိုညစ်ညစ်မီးဖိုချောင်နဲ့ မှုန်ကုပ်ကုပ်ဆိုင်ကလေးတဆိုင်ပါပဲ။ နောက်တော့ ဆိုင်ရှေ့မှာ ဗန်ဒါပင်လေးတပင်ရှိလာတယ်။ ရွက်ကြွေတွေဝေတဲ့ရာသီ ညနေစောင်းအချိန်တွေဆိုရင် နေရောင်က ဆိုင်ရှေ့က သစ်ရွက်ကြွေတွေဆီကို နွေးနွေးမြမြ
ဖြာကျနေတတ်တယ်။ စားစရာသောက်စရာအနေနဲ့လည်း ခုခေတ်ဆိုင်တွေလောက်တော့ ဘယ်စုံစုံလင်လင်ရှိပါ့မလဲ။ ဆိုပေမယ့် လက်ဖက်ရည်ရမယ်။ စမူဆာ၊အီကြာကွေးနဲ့ မုန့်နည်းနည်းပါးပါးရမယ်။ လက်ဖက်ထမင်းတွေဘာတွေတောင် နေ့တိုင်းမရဘူး။ 

ဆိုင်ရှင်ကိုမြဝင်းကလည်း ရန်ကုန်ကမ်းနားလမ်းလိုနေရာမှာ လက်ဖက်ရည်ဆိုင်လာဖွင့်ထားတာတောင် လူလည်ပုံမပေါက်နေဘူး။ မပေါက်ချင်ယောင်ဆောင်နေတာလည်းဖြစ်နိုင်ပေမယ့် သူ့ပုံစံက ရီရင် အားရပါးရရီတတ်တဲ့၊ စကားပြောရင် ဟောဟောဒိုင်းဒိုင်းပြောတတ်တဲ့၊ အင်္ကျီကျောပြောင်ကြီးနဲ့ ကောင်တာမှာထိုင်နေတတ်တဲ့ ခင်မင်နှစ်လိုစရာကောင်းတဲ့အညာသားကြီးထက် မပိုဘူးရယ်။ တခါတလေ ဆိုင်မှာလူအဝင်နည်းရင်တော့ " စီးပွားရှာရတာ မနိပ်ပါဘူး။ ဒီတနွေပြီးရင်တော့ နတ်မောက်ပြန်မယ်ဗျာ " လို့ အတည်လိုလို နောက်သလိုလိုနဲ့ပြောတတ်တယ်။

ဆိုင်က အိုးအိမ်ကပိုင်တဲ့လိုင်းခန်းနေရာဖြစ်လို့လည်း  ကိုမြဝင်းတယောက် ဆိုင်ခန်းခသက်သက်သာသာနဲ့ ဖွင့်နိုင်ခဲ့တာလားမသိ။ ကိုယ်တွေအတွက်ကတော့ တပတ်ကို (၅)ရက်ကျောင်းပြေးဖို့မဖြစ်နိုင်ပေမယ့် ပြေးတဲ့နေ့တွေမှာတော့ ငြိမ်းဆွေးဆီရောက်တယ်။ တခြားကြည့်စရာရုပ်ရှင်ရုံ၊ သွားစရာနေရာတွေမရှိတော့ရင်ပေါ့လေ။ ရောက်တိုင်းလည်း ကိုမြဝင်းက ဝမ်းပန်းတသာရှိတတ်တယ်။ မရောက်လာရင်မျှော်တယ်။ လူမစုံရင် သိတယ်။

တခါတလေတော့လည်း " စာလေးဘာလေးလုပ်ဟ။ ပညာမတတ်ရင် ကျုပ်လိုတနယ်တကျေးမှာ ပင်ပင်ပန်းပန်းငွေရှာနေရမယ် " လို့ သူ့စိတ်ထဲရှိသလိုပြောတတ်ပါတယ်။ ပြီးရင်ဆက်ပြောတာက "  ကျုပ်လည်း တခါတလေ အိမ်ကိုလွန်း(လွမ်း)တယ်ဗျ " တဲ့။ 

ငြိမ်းဆွေးမှာ များသောအားဖြင့် ပုံမှန်ဖောက်သည်က အဲ့ဒီနားက အစိုးရဝန်ထမ်းတွေနဲ့ ပွဲစားတွေပဲ။ အနားမှာ အစိုးရရုံးတွေရှိတော့ ဆိုင်မှာ ယူနီဖောင်းအရောင်စုံကိုတွေ့ရတတ်တယ်။ လက်ဖက်ရည်လည်းကောင်းတဲ့ဆိုင်ဆိုတော့ မနက်ခင်းစောစောဆို လူစည်တဲ့ထဲပါတယ်။ ရံဖန်ရံခါနေ့ခင်းဖက်ကတော့ တယောက်စနှယောက်စ။ ညဘက်ကျရင်တော့ လူသူကျဲသွားတဲ့ကမ်းနားလမ်းနဲ့အပြိုင် ငြိမ်းဆွေးဟာ ခြောက်သယောင်းသွားတတ်တယ်။

ဆိုင်ကိုလာနေကျက ကိုယ်ရယ်၊ ကိုအောင်၊ မင်းဝေ၊ တက်တိုး၊ ဝေကြီးဆိုတဲ့အပေါင်းအဖော်တွေရယ်များတယ်။ ကိုအောင်က ဘောလုံးကန်တော်တယ်။ ကျောင်းလက်ရွေးစင် နှစ်တိုင်းအရွေးခံရတယ်။ လူသိများတယ်ပေါ့လေ။ မင်းဝေက ဖိုက်တာဇိုး။ ဇိုးချင်ပေမယ့် သူ့အကောင်ကခပ်ညှပ်ညှပ်မို့ စိတ်ရှိတိုင်းတော့ မဇိုင်းနိုင်ရှာဘူး။ ဆိုပေမယ့် ဘော်ဒါတွေကိုထိရင် မခံဘူး။ သူအမြဲလိုက်ရှင်းတယ်။ သူငယ်ချင်းမိတ်ဆွေကို မင်တတ်တဲ့ထဲက။ တက်တိုးကတော့ အဆိုတော်ဖြစ်ချင်တယ်။ ဂစ်တာကောင်းကောင်းတီးတတ်တယ်။ ဝေကြီးကတော့ စကားနည်းတဲ့ခပ်အေးအေးသမားပဲ။ ကိုယ်တို့ရီစရာပြောနေရင် ရီပေးဖို့အတွက်သက်သက် ကျောင်းပြေးတာလိုက်လာသလားတောင်မှတ်ရတယ်။ 

အဲ ကိုယ်ကတော့ သူတို့စာဂျပိုးလို့ခေါ်သလို ဘယ်တော့မှမဖတ်တဲ့စာအုပ်တအုပ်ကို အမြဲအိတ်ထဲထည့်လာတတ်တဲ့လူ။ စာလေးဘာလေး ရေးချင်ပက်ကျိစိတ်ဖြစ်နေတဲ့သူ။ အဲ့ဒီတုန်းကတော့ ဘာမှမရေးဖြစ်ဘူးပေါ့။ ဒါပေမယ့် နှစ်ပေါင်းများစွာကြာမှ ဒါတွေကိုပြန်ချရေးတဲ့အခါ ကိုယ့်မှတ်ဉာဏ်ဟာ အဖြစ်အပျက်တွေကို ဓာတ်ပုံရိုက်ထားသလို စွဲမြဲမှတ်မိနေကြောင်း ထိတ်လန့်စရာတွေ့ရှိရတယ်။ ဟုတ်တယ်။ မမေ့လျော့လွယ်တဲ့ မှတ်ဉာဏ်ဟာ ခံစားလွယ်တဲ့သူအတွက် သိပ်ပြီးကြောက်စရာကောင်းပါတယ်။

တရက်တော့ ကိုယ်တို့ဆိုင်မှာထိုင်နေတုန်း ကိုမြဝင်းက ဝိုင်းကိုလာထိုင်တယ်။ ခါတိုင်းလည်း ထိုင်နေကျဆိုတော့ မထူးဆန်းဘူးပေ့ါ။ ဒါပေမယ့် အဲ့ဒီနေ့ကသူပြောတာတွေကိုတော့ ကိုယ်သေသေချာချာမှတ်မိနေတယ်။ ဇာတ်လမ်းစတာက တက်တိုးက ဆိုင်နာမည်ဘယ်လိုပေးဖြစ်လဲဆိုတဲ့မေးခွန်းကနေစတာရယ်။

ကိုမြဝင်းက အဆီပြန်နေတဲ့မျက်နှာကြီးကို လုံချည်နဲ့သုပ်လိုက်တယ်။ အချိန်ခဏလောက်ထိ ဘာမှမပြောပဲ တံလျှပ်တွေထနေတဲ့ ရန်ကုန်လမ်းမပေါ်ငေးနေတယ်။

" ကျုပ်ရည်းစားနာမည်ဗျ။ "

ကိုယ်တု့ိက အကွက်ပေါ်ပြီ။ ရိုမန့်စ်ဇာတ်လမ်းတပုဒ်နားထောင်ရတော့မယ်ဆိုပြီး နားတပြင်ပြင်။ ဒါပေမယ့် ကိုမြဝင်းက စကားရှည်ရှည်မပြောဘူး။

" ကျုပ်ရည်းစားဆိုတာ ကျုပ်ငယ်ငယ်တည်းကပိုးခဲ့တဲ့ကောင်မလေးပေါ့။ကျုပ်တို့ချစ်သူတွေဘာတွေဖြစ်ပြီးတော့ သူ့ကိုယူဖို့ပြောတယ်။ ကျုပ်ကလည်း တင့်တောင်းတင့်တယ်လေးတော့ ထားနိင်ချင်တာနဲ့ အိမ်နဲ့တိုင်ပင်ပြီး ဒီမှာအရင်စီးပွားလာရှာဖို့ကြံတယ်။ ဆိုင်လေးအခြေကျရင် သူ့ရော အမေတို့ရော လှမ်းခေါ်မယ်ပေါ့နော့။ "

စကားဝိုင်းက ခဏလောက်တိတ်သွားပြန်တယ်။ တဝိုင်းလုံးရဲ့အာရုံက ကိုမြဝင်းရဲ့အာရုံဆီမှာ။ တီဗီထိုင်ကြည့်နေတဲ့စားပွဲထိုးကောင်လေးကတောင် မသိမသာခိုးနားထောင်နေတယ်။

" ဒီရောက်ပြီး ၆လလောက်ရှိသေး သူလင်ယူသွားတဲ့သတင်းကြားရတာပဲ။ မိန်းမတွေများ ခက်တယ်ဗျ။ နားကိုမလည်နိုင်ဘူးကျုပ်ဖြင့် "

ဘာမှထပ်မပြောတော့တာနဲ့ စားပွဲပေါ်က မီနူးကဒ်လေးကိုကြည့်နေမိတယ်။ တခြားကောင်တွေကတော့ သနားသလိုလို၊ နှစ်သိမ့်တော့မလို ဘာလုပ်ရမှန်းမသိတဲ့ထုံအမ်းအမ်းမျက်နှာပေးနဲ့။ ငြိမ်းဆွေးတဲ့။ နာမည်အနေနဲ့ လှတဲ့နာမည်ပဲ။ အဲ့ဒီတယောက်သာ သူ့နာမည်နဲ့ဆိုင်လေးကိုအရင်မြင်ခဲ့ရင် ကိုမြဝင်းနဲ့ ညားရင်ညားမှာပဲ။ ဒါလည်း ကိုယ့်အထင်မှာလေ။ ကိစ္စတွေက ပရိုဂရမ်ရေးထားသလို တခုခုရဲ့အလိုတော်အတိုင်း ဖြစ်ကိုဖြစ်နေရတာဆိုရင် ဘယ်လိုလုပ်မလဲ။


ဒီလိုနဲ့  ငြိမ်းဆွေးမှာ ကိုယ်တို့အကြာကြီးထိုင်ဖြစ်ခဲ့တယ်။ ဆယ်တန်းစာမေးပွဲနီးတော့ ခဏအဆက်အသွယ်ပြတ်သွားပေမယ့် စာမေးပွဲပြီးလို့ ဟိုဟိုဒီဒီသွားခွင့်ရလာတော့ မြို့ထဲဘက်လာရင် ဆိုင်ကိုရောက်ဖြစ်တယ်။ တခြားသူတွေမပါလည်း ကိုယ်ကတော့ ရောက်ဖြစ်တယ်ပေါ့လေ။ 

အောင်စာရင်းထွက်ကြတော့ မင်းဝေကလွဲလို့ ကျန်တဲ့လေးယောက်လုံးအောင်ကြတယ်။ အောင်စာရင်းထွက်ပြီးသိပ်မကြာခင် မင်းဝေလည်း အစိုးရဝန်ထမ်းသူ့အဖေနဲ့အတူ ဗန်းမော်ကိုလွင့်သွားရပြန်တယ်။  ကိုမြဝင်းက အောင်တဲ့အထိမ်းအမှတ်အနေနဲ့ လက်ဖက်ရည်အဝတိုက်တယ်။ အဝဆိုပေမယ့် အများကြီးတော့ ဘယ်သောက်နိုင်ပါ့မလဲ။ အသိအမှတ်ပြုတဲ့မေတ္တာတွေကတော့ နွေးထွေးတာပေါ့လေ။

အဲ့ဒီနောက် တက္ကသိုလ်တွေတက်ဖို့ဖြစ်လာတော့ ကိုယ်တို့လည်း ငြိမ်းဆွေးဆီအရောက်ကျဲသွားတယ်။ လမ်းကြုံရောက်ဖြစ်ရင်တော့ ကိုမြဝင်းက ဝမ်းသာအားရတခြားလူတွေအကြောင်း စိတ်ဝင်တစားမေးတတ်တယ်။ ကိုယ်က မအူပင်ရောက်တယ်။ ကိုအောင်က ရန်ကုန်မှာကျောင်းတက်နေရင်း ပထမနှစ်မှာပဲ ဘောလုံးကန်ရင်းခြေထောက်ထက်ပိုင်းကျိုးသွားလို့ စိတ်နည်းနည်းကျသွားရှာတယ်။ အခုတော့ ဘွဲ့ရပြီး နယ်မြို့တခုမှာ သူ့အလုပ်နဲ့သူပေ့ါ။ မင်းဝေကတော့ ဘယ်ဆီရောက်နေတယ်မသိ။  တက်တိုးကတော့ ၂၀၁၂လောက်မှာ အလှူတခုသွားလုပ်ရင်း အပြန်လမ်းမှာ ယာဉ်မတာ်တဆမှုနဲ့ဆုံးတယ်။ ကိုယ်နဲ့အဆက်အသွယ်ရှိတာ ကိုအောင်ရယ် ဝေကြီးရယ်ပဲကျန်တော့တယ်။

အခုပြန်ပြောနေရင်း မနေ့တနေ့ကလိုပဲဆိုတဲ့စကားအတိုင်း ကိုယ်တို့နဲ့ ငြိမ်းဆွေးရဲ့ပုံရိပ်တွေကို ဝေေ၀ဝါးဝါးမြင်ယောင်လာရတယ်။

ဒီနေ့ရောက်လာတာကတော့ ငြိမ်းဆွေးရဲ့နောက်ဆုံးနေ့ပေါ့။

ဟုတ်တယ်။ ငြိမ်းဆွေးဆိုင်ခန်းနေရာလေးဟာ  အစိုးရလိုင်းခန်းမို့  စီမံကိန်းတခုကြောင့် ဖယ်ပေးရတော့မယ်။ ငြိမ်းဆွေးရှိခဲ့တာ ခဏလေးတော့မဟုတ်ဘူး။ ကိုယ်တု့ိသိသလောက်နဲ့တင် (၁၂)နှစ်။ ရှေ့မှာ ဘယ်လောက်ဖွင့်ခဲ့သေးလည်းမသိ။  

မိုးတိတ်သွားတော့ ပျောက်သွားတဲ့တိမ်အုပ်ရဲ့အောက်မှာ နေပြန်ထွက်လာတယ်။ ညနေနေဆိုတော့ ညှိုးညှိုးဖျဖျလေး။ ဆိုင်ရှေ့ကို ထိုးဖြာကျနေတာ ဘာမှမပြောင်းလဲတဲ့အတိုင်းပဲ။ 

နေလုံးက အဝါရောင်ကနေ နီဆွေးဆွေးဖြစ်လာတယ်။ လမ်းမီးရောင်တွေ လမ်းပေါ်ရောက်လာတယ်။ ကမ်းနားလမ်းဟာ ဒီနေ့မှ ပိုပြီးခြောက်ကပ်နေသလိုပဲ။ ဆိုင်ထဲမှာ ကိုယ်ရယ် နောက်ထပ်ကိုယ်မသိတဲ့ မျက်နှာစိမ်း သုံးလေးယောက်ရယ်ပဲ။ ကိုအောင်၊ မင်းဝေ၊ တက်တိုး၊ ဝေကြီး မင်းတု့ိဘယ်မှာလဲလို့ စိတ်ထဲကနေမေးနေမိတယ်။

ဖြစ်နိုင်ရင်တော့ ငြိမ်းဆွေးရဲ့နောက်ဆုံးရက်မှာ ဆိုင်သိမ်းတဲ့ထိထိုင်ချင်ပါတယ်။ ဒါပေမယ့်လည်း ကျောင်းပြေးတုန်းကအရွယ်မဟုတ်တော့လို့ တာဝန်တွေ၊ဝတ္တရားတွေ၊လုပ်စရာကိုင်စရာတွေဟာ ကိုယ့်နောက်ကို လိုက်နေခဲ့ပြီ။ ကိုယ်အဖြူအစိမ်းမဝတ်ထားတော့ဘူး။ ဆေးလိပ်လည်း ခိုးသောက်စရာမလိုတော့ဘူး။ ဒါပေမယ့် ဒီနေ့တော့ ကိုယ်မပျော်ဘူး။ စိတ်ထဲမှာ မွန်းကျပ်နေတယ်။

ခဏနေတော့ ကိုယ့်ဘေးကို ကိုမြဝင်းလာထိုင်တယ်။ သူဆိုတာ မကြည့်ပဲနဲ့သိလိုက်တယ်။

" ကောင်လေး "

ကိုယ်ဘာမှမပြောဘူး။ လမ်းမကိုပဲငေးရင်း ကိုမြဝင်းဆီကစကားကို နားစွင့်နေမိတယ်။

" ကျုပ်သဘက်ခါ အိမ်ပြန်ပြီ။ ရန်ကုန်မှာ တခြားအလုပ်လည်း မလုပ်ချင်တော့ဘူး။ နယ်မှာပဲ ပြန်နေတော့မယ်။ မကွေးဘက်ရောက်ရင်တော့ ကျုပ်ဆီ သတိတရဝင်လည်ဗျာ "

ကိုယ်ခေါင်းငြိမ့်ပြတယ်။ ကျေးဇူးတင်ပါတယ်လို့ ခပ်တိုးတိုးပြောမိသလားမသိ။

" ပြီးတော့ "

.......

"  ဒီဆိုင်နာမည်ကို သဘောကျတယ်လို့ မင်းခဏခဏပြောဖူးတယ်နော်။ ကျုပ်အဲ့ဒါပေးခဲ့မယ်။ တချိန်ချိန်များ လက်ဖက်ရည်ဆိုင်တွေဘာတွေဖွင့်ဖြစ်ခဲ့ရင် ငြိမ်းဆွေးဆိုတဲ့ဆိုင်နာမည်ယူသုံးနော့။ ကျုပ်ကိုလည်း လှမ်းဖိတ်ဦး။ ကျုပ်လက်ဖက်ရည်နဲ့ ခင်ဗျားဆိုင်နဲ့ ဘယ်သူပိုကောင်းလဲပြိုင်ကြတာပေါ့ "

နှယောက်လုံးပေ့ါပေါ့ပါးပါးရီလိုက်ကြတယ်။ စိတ်ထဲမှာတော့ မရီချင်ဘူး။

အိမ်ပြန်ဖို့နာရီကိုကြည့်လိုက်တယ်။ လက်ဖက်ရည်ဖိုးထုတ်ပေးတော့ လက်ကာပြတယ်။ ပြီးတော့ မပြုံးချင်ပြုံးချင်နဲ့ ပြုံးနေပြန်တယ်။ ဒီနှစ်တွေအတွင်း ငြိမ်းဆွေးနဲ့အတူ အိုခဲ့ပြီပဲ။ ဆံပင်တွေတောင်ဖြူနေသလိုလို။

လမ်းတဖက်ကူးပြီးမှ ဆိုင်ကလေးဆီ ရပ်ကြည့်နေမိတယ်။ ကိုမြဝေးကတော့ ငူငူကြီးထိုင်နေတုန်းပဲ။

အရောင်လွင့်နေတဲ့ဆိုင်းဘုတ်ကလေးရဲ့ နာမည်က " ငြိမ်းဆွေး "  တဲ့။

( ပျောက်ဆုံးသွားခဲ့တဲ့ လက်ဖက်ရည်ဆိုင်လေးများသို့ )

-ဆပ်ရိပ်
၂.၁.၂၀၂၁






 

Comments

  1. ဒီလို အံ့ဖွယ်အမှုတွေ တစ်သက်လုံး တစ်ခါမှ မတွေ့ဖူးဘူး။
    ကျွန်မခင်ပွန်းက ကျွန်မနဲ့ အသက် ၅ နှစ်သားလေးကို ထားခဲ့ပြီး ၉ လကျော်၊
    ကျွန်မ အရမ်းစိတ်ထိခိုက်ပြီး စိတ်ပျက်မိတယ်၊ ကျွန်မခင်ပွန်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့် သူ့ကို ကျွန်မဆီပြန်ပို့ဖို့ နေရာအမျိုးမျိုးက အကူအညီတောင်းခဲ့ပေမယ့် ကွာခြားမှုမရှိပါဘူး။ ကျွန်မအမေက ကျွန်မကို (DR DAWN) နဲ့ မိတ်ဆက်ပေးမချင်း ဒီဆရာဝန်က ကျွန်မကို ပြောပြပြီး ၄၈ နာရီအတွင်း ကျွန်မခင်ပွန်းက ကျွန်မဆီပြန်လာမယ်လို့ ကတိပေးခဲ့ပြီး ၄၈ နာရီအကြာမှာ ကျွန်မခင်ပွန်းက ကျွန်မကို ဖုန်းဆက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။ သူက ကျွန်မကို ဘယ်တော့မှ ထားသွားတော့မှာ မဟုတ်ပါဘူး၊ ဒေါက်တာ DAWN ကို ကျေးဇူးအများကြီးတင်ပါတယ် ဘာလို့လဲဆိုတော့ အခုဆို ကျွန်မခင်ပွန်းနဲ့ ပျော်နေတာ 3 နှစ်ကျော်ပြီ၊ သူက ကျွန်မကို ဘုရင်မလို ဆက်ဆံတယ်၊
    ပြဿနာတစ်စုံတစ်ရာရှိပါက DR DAWN သို့ ဆက်သွယ်ပါ။

    *မင်းရဲ့ချစ်သူကို ပြန်ရဖို့။
    * ပြန်လည်ညှိနှိုင်းရန်
    *ကိုယ်ဝန်ဆောင်ရန်
    *ကင်ဆာကို ကုသရန်
    *လက်စားချေရန်
    *စီးပွားရေးကိုမြှင့်တင်ရန်
    * သင့်ငွေ/ပိုင်ဆိုင်မှုကို ပြန်လည်ရယူရန်
    *HIV/AIDS သို့မဟုတ် အခြားရောဂါများကို ကုသရန်။
    သူ့ကို ဆက်သွယ်ပါ: dawnacuna314@gmail.com
    Whatsapp- +2349046229159

    ReplyDelete

Post a Comment