ဇန်နဝါရီနောက်ဆုံးနှင်း
ဇန်နဝါရီနောက်ဆုံးနှင်း
(၁)
နွေရောက်တော့မယ်ထင်တယ်။ ဥသြငှက်သံကြားလို့ ပတ်ဝန်းကျင်ကို မော့ကြည့်လိုက်မိတယ်။ အနီးအနားမှာ သစ်ပင်သစ်ရိပ်ရယ်လည်း မရှိပါပဲနဲ့။ သူ့အမြင်အာရုံရှေ့မှာ ရပ်ထားတဲ့ကားတန်းကြီးတခုရှိတယ်။ ဆီဆိုင်တဆိုင်ရှိတယ်။ ဘယ်ဆီဘယ်ဝယ်ကနေ ဥသြတွေရဲ့အသံကလေးဖြန့်ထွက်လာနေတယ်ဆိုတာ သူသိချင်ပါတယ်။
ဥသြငှက်တွေကို သူ့တသက်မှာ တခါမှမမြင်ဖူးခဲ့ဘူး။ အဲ့ဒါကြောင့်လည်း သူ့အတွက် အဲ့ဒီငှက်ဟာ ဒဏ္ဍာရီထဲကသတ္တဝါတကောင်လို ဖြစ်နေတယ်။ သူတို့ရဲ့အသံကိုကြားရတိုင်း အဝေးအိပ်မက်ကမ္ဘာကတယောက်ယောက် ကမ္ဘာမြေဆီရောက်လာပြီး နွေအကြိုရှေ့ပြေးအနေနဲ့ နှုတ်ဆက်စကားဆိုနေတယ်လို့ခံစားရတယ်။ " နွေဦးရာသီရောက်ပြီ။ မကြာခင်မှာ သစ်ရွက်ခြောက်တွေ လေရူးနဲ့အတူ နေပူပူလမ်းပေါ်မှာ လွင့်ပါတော့မယ်။ ပူအိုက်တဲ့နွေဟာ မြေကမ္ဘာဆီကိုအရောက်လာနေပေါ့ " လို့ ဆိုနေသလိုမျိုးလေ။
တခါတလေတော့လည်း သူ့စိတ်ကူးထဲမှာ ဥသြငှက်တွေဟာ ဘယ်လိုပုံပန်းသဏ္ဍာန်ရှိမယ်ဆိုတာကို မကြာခဏ စိတ်ကူးယဉ်ဖူးပါတယ်။ ဆိုပေမယ့် ပုံသဏ္ဍာန်အမှန်ကိုတော့ မြင်ဖို့ဘယ်တုန်းကမှ မကြိုးစားဖူးဘူး။ တကယ်လို့များ သူ့စိတ်ကူးထဲကအတိုင်းမဟုတ်ပဲ ရုပ်ဆိုးဆိုးသတ္တဝါကလေးတွေဖြစ်နေရင် ဘယ်လိုလုပ်မလဲ။
အရှိတရားကို လက်မခံနိုင်ဘူးပဲဆိုဆို၊ ကိုယ့်ကမ္ဘာထဲမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုဆောင်းယူထားတဲ့စိတ်ကူးပျော်ရွှင်မှုတွေ နွေလာနှင်းပျောက်သလို အရည်ပျော်ပျောက်ဆုံးသွားမယ့်အဖြစ်မျိုးကနေ တတ်နိုင်သမျှ ဝေးနေချင်တယ်။ အရာအားလုံးဟာ တချိန်ချိန်ကျရင် သူ့အလိုလိုပျောက်ကွယ်သွားကြမယ်ဆိုတာ သိနေပေမယ့်ပေါ့လေ။
ဖုန်းကိုကြည့်လိုက်တော့ ညနေခြောက်နာရီထိုးလုပြီ။ ခရီးသည်နှစ်ယောက်သုံးယောက်ပဲပါလာတဲ့ လိုင်းကားတစီးသူ့ဘေးကနေ ဖြတ်သွားတယ်။ နွေရောက်လုပေမယ့် ညတာရှည်တာကတော့ ပျောက်မသွားသေးဘူး။ ညနေဆို အစောကြီးမှောင်တယ်။ မနက်ဆို တော်တော်နဲ့အလင်းရောင်မမြင်ရဘူး။
အိမ်ပြန်ချင်လာတယ်။ ဒါပေမယ့် သူ့အိမ်ကို ဘယ်ကားမှမရောက်နိင်တော့ဘူး။ အိပ်မက်ထဲမှာ၊ မှတ်ဉာဏ်ထဲမှာပဲ သူ့အိမ်ရဲ့ခြေရာလက်ရာတွေကျန်တော့တယ်။ အိပ်မက်ထဲကနေရာတခုကို ဘယ်လိုသွားလို့ရပါ့မလဲ။
ထွက်တော့မယ့်ကားပေါ် တက်လိုက်တယ်။ သူ့စိတ်ထဲကအမေးကို တယောက်ယောက်ဖြေလိုဖြေငြား ဝေ့ကြည့်လိုက်မိတယ်။ ထိုင်ခုံတွေပေါ်မှာ ဘယ်သူမှမရှိဘူး။ ဒရိုင်ဘာက ကားစက်နှိုးလိုက်တယ်။
( ၂ )
သီချင်းရဲ့အစက ဒီလို။
အမှောင်။ အဆုံးအစမရှိ၊ အနက်ဆုံးဆိုတဲ့နေရာထိ တည်ရှိနေတဲ့အမှောင်ထုတခု။ ကိုယ့်လက်ကိုမမြင်ရအောင်မှောင်မိုက်တယ်။ ကိုယ့်အရှေ့ဘေးနောက်ဝဲယာမှာ ဘာအရာဝတ္ထုတွေရှိနေမှန်းမသိရအောင် နက်ရှိုင်းတယ်။
အဲ့ဒီအမှောင်ထဲကို လူတယောက်ဟာ တွင်းအနက်ကြီးထဲ တဆင့်ပြီးတဆင့်ပြုတ်ကျလာသလိုရောက်ရှိလာမယ်။ သူဟာ အလင်းဆီကနေလာခဲ့တယ်။ သက်တံ့တွေရဲ့အရောင်ကို မြင်တွေ့ဖူးတယ်။ ပန်းတွေရဲ့အနံ့အသက်၊ ပင်လယ်ကြီးရဲ့ ရှုမျှော်ခင်း၊ တောင်တန်းများရဲ့ ညနေခင်းပန်းချီကား အားလုံးကို သူသိရှိခဲ့ရတယ်။
ဒါပေမယ့်လည်း အမှောင်ထဲကိုရောက်လာတဲ့အခါမှာတော့ သူ့အတွက်ပထမဆုံးလုပ်ရမယ့်အရာက ခြေလှမ်းတလှမ်းလှမ်းလိုက်ဖို့ပဲ။
ဘဝမှာအခက်ခဲဆုံးလုပ်ခဲ့ဖူးတဲ့အရာက သူငယ်ချင်းတယောက်သတ်သေသွားတာကိုမြင်ပြီးတဲ့နောက် ရက်ပေါင်းများစွာ အခန်းထဲမှာအောင်းပြီး ရေချိုးဖို့ကြိုးစားရတာလို့ ကဗျာတပုဒ်မှာဖတ်ခဲ့ဖူးတယ်။ အမှောင်ထဲက ပထမဆုံးခြေလှမ်းကလည်း အဲ့ဒီလိုပဲ ထပ်တူထပ်မျှခက်ခဲလိမ့်မယ်ထင်တယ်။
ပြီးတော့ သူ့မှာအားအင်မရှိတော့ဘူး။ သူ့လက်တွေကို လှုပ်ရှားစေနိုင်၊ သူ့အသံတွေကို လည်ချောင်းတလျှောက်စီးဆင်းစေနိုင်၊ သူ့ခြေထောက်တွေကို ရွေ့လျားစေနိုင်မယ့် အရာတခုဟာ သူ့ခန္ဓာကိုယ်ထဲကနေ တခုခုကစုပ်ယူခံရသလို ပျောက်ကွယ်နေခဲ့တာကြာပြီ။ သေလုမျောပါးပိုးစုန်းကြူးလေးတကောင်ရဲ့ အလင်းရောင်ဖျော့ဖျော့လေးလို။
အဆုံးတနေ့မှာတော့ အလင်းရောင်လေး ပျောက်ကွယ်သွားမယ်။ တိတ်ဆိတ်ခြင်းနဲ့မှောင်မိုက်ခြင်းဟာ တသားထဲ ငြိမ်းချမ်းစွာတည်ရှိနေမယ်။ ဒါကိုသူသိပါတယ်။
အမှောင်ထဲမှာ သူစမ်းတဝါးဝါးလျှောက်လှမ်းကြည့်တယ်။ ရုတ်တရက် သူ့နောက်ဘက်မှာ ခြေသံကြားတယ်။ သူ့နောက်ကို လိုက်နေတဲ့ ခြေသံပြင်းပြင်းတခု။ အလန့်တကြားနဲ့ သူပြေးတယ်။ အဲ့ဒီအမှောင်ထုထဲမှာပဲ။ သူဘာမှမမြင်ရဘူး။ သူပြေးနေခဲ့တာပဲသိတယ်။ ရှေ့မှာဘာတွေရှိမယ်မသိ။
သီချင်းရဲ့အစက စန္ဒယားသံခပ်စိတ်စိတ်တွေဟာ သူနဲ့ သူ့ရဲ့နောက်ကတစုံတရာတို့ အမှောင်ထဲမှာပြေးနေကြတဲ့အကြောင်းပဲ။ ဘယ်ဘက်နားကနေ ညာဘက်နား၊ လည်ချောင်းထဲကိုစီးဆင်း၊ သွေးကြောတလျှောက်ဖြတ်ဝင်၊ တကိုယ်လုံးအနှံ့မှာ ပိုးမွှားတွေလို စန္ဒယားသံတွေ စိမ့်ဝင်နေလိမ့်မယ်။ ခြေသံတွေ၊ ခြေသံတွေ။ မြန်မြန်၊ မြန်မြန်။
နောက်ဆုံးတော့ သူရော အမှောင်ထဲကကြောက်စရာတစုံတခုရော ပြေးနေတာကို ရပ်လိုက်ကြတယ်။ မောပန်းနွမ်းလျ ရင်ဘတ်တခုလုံးကြေမွသွားတော့မလို။
သူရပ်သွားတော့ နောက်ကခြေသံတွေလည်းရပ်သွားတယ်။ သူ့စိတ်ထဲမှာ သူ့နောက်မှာ အဲ့ဒီအရာက ထပ်ကြပ်မကွာရှိနေတာလား။ သူကပဲ အဲ့ဒီအရာနောက်ကို လိုက်နေခဲ့တာလားလို့ ထင်ယောင်ထင်မှားဖြစ်လာတယ်။
အဲ့ဒီနောက် တီးတဲ့နုတ်စ်တွေက အသံချိုချို။ ကပွဲခန်းမထဲကို မင်းသမီးတယောက်ရောက်လာသလို ဖြေးလေးငြင်သာစွာ။ တီးလုံးသံတွေဟာ ကားပြတင်းပေါက်ဘေးက ချစ်ဦးသူရဲ့ တဖျတ်ဖျတ်လွင့်နေတဲ့ဆံနွယ်တွေကိုငေးရသလို အကြားအာရုံထဲဖျော့ဝင်လာမယ်။ ဥသြငှက်တွေရဲ့အသံလို ချိုကြည်ဆွေးမြေ့စရာနေတယ်လို့ပြောရင်လည်းရတယ်။ စန္ဒယားခလုတ်တခုနှိပ်လိုက်တိုင်း နားထဲမှာ အသံတခုပဲ့တင်ထပ်နေမယ်။
အမှောင်ထဲကနေ အပေါ်ကိုမော့အကြည့်မှာ မှိန်ဖျော့ဖျော့ကြယ်ကလေးတလုံးကို မြင်ရသလိုမျိုး။ ဒါမှမဟုတ် အမှောင်ထဲကနေ သူကိုယ်တိုင်ရှာဖွေယူခဲ့ရတာလည်းဖြစ်နိုင်ပါတယ်။ သီချင်းကို သူဒီလိုစခဲ့တယ်။
( ၃ )
သူ့အခန်းရှိတဲ့ တတိယအလွှာကိုရောက်ဖို့ အလင်းရောင်မရှိတဲ့ လှေကားကျဉ်းလေးကနေတဆင့်တက်ရတယ်။ အရင်ကတော့ တိုက်ပိုင်ရှင်က အထပ်တိုင်းမှာ မီးလုံးတလုံးဆီထားခဲ့ဖူးပေမယ့် တဖြည်းဖြည်းချင်း ကျွမ်းကုန်ကြတဲ့နောက် ဘယ်သူမှအသစ်ထပ်မတပ်တော့ဘူး။ သူကတော့ လှေကားအတိုင်းလျှောက်ရတာကြိုက်တယ်။ အေးနေတဲ့အုတ်နံရံတွေကို လက်နဲ့ထောက်ရင်း စမ်းတဝါးဝါးနဲ့တက်လာရင် သူ့အခန်းတံခါးရှေ့ကိုရောက်မယ်။
တံခါးရှေ့ရောက်မှ အင်္ကျီဘေးအိတ်ထဲလက်နှိုက်လိုက်မိတယ်။ သော့။ သူ့အခန်းသော့ ဘယ်မှာကျကျန်ခဲ့တယ်မသိ။
သက်ပြင်းချပြီး လှေကားတလျှောက် အောက်ကိုပြန်ဆင်းလာတယ်။ သူ့အိတ်ထဲမှာ ပိုက်ဆံနည်းနည်းရှိတယ်။ ညစာတခုခုစားဖို့၊ တန်ဖိုးနည်းမိုတယ်တခုခုမှာသွားအိပ်ဖို့ လုံလောက်တဲ့ပိုက်ဆံနည်းနည်းပေါ့လေ။
လမ်းပေါ်မှာ ညကနည်းနည်းလေးအေးနေပြီ။ (၉)နာရီကျော်မို့ လိုင်းကားတွေလည်းရှိနေသေးတယ်။ တနေရာရာကိုသွားမယ်ဆို အချိန်မီသေးတဲ့သဘောပဲ။ မနက်မှ သော့ဖျက်ဖို့ကိစ္စလုပ်ရမယ်။ ဒီညတနေရာရာဝင်တိုးရမယ်။
စိတ်က ဆူးလေဘက်ကိုရောက်သွားတယ်။ ဆူးလေကို ညဘက်တခါမှမရောက်ခဲ့ဖူးဘူး။ ကတ္တရာလမ်းတလျှောက် မီးရောင်ဝါဝါတွေအောက်ကနေ အင်္ကျီအိတ်ထဲလက်ထည့်ရင်း လမ်းလျှောက်ချင်လာတယ်။ ကားမှတ်တိုင်မှာ အသွင်ပြောင်းလူသားတကောင်လို လျှောကျထိုင်ချလိုက်တယ်။
ခဏနေတော့ ကားရောက်လာတယ်။ တနင်္ဂနွေလည်းဖြစ်၊ ညနက်လည်းဖြစ်တာမို့ ကားပေါ်မှာ ခြောက်သယောင်း။ ငိုက်နေတဲ့လူတယောက်ရယ် ရုံးဝန်ထမ်းလို့ထင်ရတဲ့ကောင်မလေးတယောက်ရယ်ပဲ။ ထိုင်ခုံတွေက သူ့ကိုစောင့်နေကြတယ်။ ပြတင်းပေါက်ခုံကို ဝင်ထိုင်တယ်။ နားကျပ်တပ်တယ်။ ကားဘီးတွေစလှိမ့်တော့ ရေးလတ်စသီချင်းအကြောင်းဆီ စိတ်ရောက်နေမိတယ်။
လူမရှိတဲ့ကားပေါ်ကနေ ပုံရိပ်တွေတရိပ်ရိပ်ဖြတ်သွားနေတာကို ငေးရတာတကယ့်အရသာပဲလို့။ အရုပ်လက်ဆောင်ရတဲ့ကလေးတယောက်လို နှစ်နှစ်ခြိုက်ခြိုက်သူပြုံးမိတယ်။ ညရဲ့အအေးဓာတ်နဲ့ အနားယူဖို့ကြို
းစားနေတဲ့ရန်ကုန်ရဲ့ညမှာ သူရောက်နေပါပြီ။
ဆူးလေမှတ်တိုင်ရောက်တော့ ကားပေါ်ကသူဆင်းလိုက်တယ်။ မဆင်းခင် ကားဆရာကို ကျေးဇူးတင်ပါတယ်လို့ လှမ်းအော်တော့ ကားဆရာက လှည့်ကြည့်ပြီး လက်မထောင်ပြတယ်။ ဘာရယ်မဟုတ် စိတ်က အဝေးရောက်သွားပြန်တယ်။ ရေးလတ်စသီချင်း၊ ပြီးတော့ သူ့ရဲ့အိမ်။
ရန်ကုန်ရောက်ထဲက သူ့အခန်းဟာ ပိတ်ထားခဲ့တာများတယ်။ သူရှိနေသည်ဖြစ်စေ၊ မရှိတဲ့နေ့တွေမှာဖြစ်စေ ဘာမှမထူးသလိုပဲ။ အသံမထွက်တဲ့ခွေးကလေးတကောင် မွေးထားသလိုမျိုး။ သူရှိနေတဲ့အချိန်တွေဆိုရင် စာအုပ်တအုပ်အုပ်ဖတ်တယ်။ စားဖို့သောက်ဖို့ ချက်ပြုတ်ပြင်ဆင်တယ်။ တချို့ညတွေကျရင်လည်း ညနက်မှ ဂစ်တာထတီးရင်တီးတယ်။ တိုးတိုးလေးပါလေ။ ဖြစ်နိုင်ရင် သူတည်ရှိနေတယ်ဆိုတာ ဘယ်သူ့ကိုမှမသိစေချင်တော့ပါဘူး။ တချိန်ကျရင် သူဆိုတာလည်း သူချစ်တဲ့လူတွေလိုပဲ လွင့်ပါးပျောက်ကွယ်သွားမှာ။ သူ့အသံ၊ သူ့ပုံရိပ်၊ သူ့နာမည်။ နောက်ဆုံးမှာတော့ သိခဲ့ဖူးတဲ့လူတွေဆီက သူနဲ့ပတ်သတ်တဲ့မှတ်ဉာဏ်တွေ။ ကမ္ဘာပေါ်ကနေ ဘာမှမဟုတ်သလို အဝေးတနေရာဆီ ေ၀ဝါးလွင့်ပျယ်သွားမယ်။
ခလုတ်နှိပ်လိုက်သလို သူ့မျက်နှာပေါ်မှာ အသက်မပါတဲ့အပြုံးတခုပေါ်လာတယ်။ သူ့အပြုံးက ပျော်ရွှင်မှုမရှိတဲ့အပြုံး။ နှုတ်ခမ်းတွေကို ကွေးရုံကွေးညွတ်လိုက်တဲ့အပြုံး။
လူတွေသေရင် အငွေ့မဖြစ်ဘူး။ သူတို့ကိုချစ်တဲ့သူတွေဆီမှာ မှတ်ဉာဏ်အပိုင်းအကန့်လေးတခုဖြစ်သွားတာ။ အဲ့ဒီလူတွေမသေမချင်း နေရာပေးခြင်းခံရတဲ့ ကမ္ဘာလေးတခုဖြစ်သွားကြတာရယ်။
( ၄ )
တခါကအိမ်ဆောက်တုန်းကအကြောင်းအရာတချို့ကို သူမှတ်မိလာတယ်။ အဲ့ဒီတုန်းက အိမ်က ကြမ်းပြင်မှာ မိုးရွာပြီဆို ရေတွေစိမ့်လို့။ အိမ်စီးပွားရေးကလည်း တအိမ်လုံးကို မျက်လှည့်ပြသလို ပြန်ကောင်းသွားလောက်အောင် အဆင်ပြေတဲ့အချိန်မဟုတ်။
အဲ့ဒီတော့ သူတို့မိသားစုအနေနဲ့ အိမ်ကလေးကို တဖြည်းဖြည်းချင်း ပြန်တည်ဆောက်ကြတယ်။အလုပ်သမားတချို့ခေါ်ပြီး အရေးကြီးတဲ့ကြမ်းခင်းနေရာတွေကို အရင်ပြင်တယ်။ ပြင်တယ်ဆိုပေမယ့် အသစ်နီးပါးပါပဲ။ နေလို့ရရုံအိမ်အကြမ်းတခုရတဲ့အခါမှာတော့ ခဏရပ်လိုက်တယ်။ အိမ်ကို ဒို့ဖြည်းဖြည်းချင်းမွမ်းမံသွားကြမယ်။ အဖေပြောပုံကို သူမှတ်မိနေသေးတယ်။
တကယ်လည်း နောက်လတွေအများကြီးအထိ အိမ်ပြင်လို့မပြီးခဲ့ဘူး။ အလုပ်သမားထပ်မခေါ်ချင်တော့တဲ့အတွက် အဖေရယ်အမေရယ်သူရယ် လုပ်စရာတွေကို ကိုယ်တိုင်လုပ်ကြတယ်။ ပိုက်ဆံတဖြေးဖြေးစုတယ်။ တလမှာ မျက်နှာကြက်တွေကပ်တယ်။ နောက်လမှာ ကြမ်းခင်းကြွေပြားတွေကပ်တယ်။ နောက်လမှာ ဆေးသုတ်တယ်။ အိမ်ဆိုတာ ဒီလိုပါလားလို့ သူ့စိတ်ထဲမှာ နားလည်စပြုလာတယ်။ ရုပ်ဝတ္ထုအနေနဲ့သူတို့လုပ်နေသလို အိမ်ဆိုတာဒီလိုတည်ဆောက်ခဲ့ကြရတာပဲလေ။ နှစ်ပေါင်းများစွာ တဖြည်းဖြည်းချင်း ရစ်ပတ်ယူရတဲ့ကြိုးတွေနဲ့ ပင့်ကူအိမ်တခုလို အတွင်းစိတ်မှာ ချစ်ခြင်းနဲ့မေတ္တာတွေ တည်မြဲလာကြတဲ့အထိ။
နှစ်အနည်းငယ်အကြာမှာပဲ အဖေနဲ့အမေဆုံးပြီးတော့ သူရန်ကုန်ကိုလွင့်လာတယ်။ သူ့အနေနဲ့ မှတ်ဉာဏ်ရဲ့ခြေရာလက်ရာတွေကျန်နေသေးတဲ့ အိမ်ကလေးဆီမှာ ဆက်နေနိုင်လောက်အောင် မသန်မာဘူး။
အဝေးပြေးကားပေါ်တက်လိုက်တဲ့နေ့က သူ့မျက်လုံးတွေေ၀ဝါးနေတယ်။ သူ့အတွက် အိမ်ကို ဘယ်တုန်းကမှပြန်မရောက်နိုင်တော့ဘူးပဲလို့။ ဘယ်တော့မှ။ အသက်ရှင်နေသရွေ့ ဘယ်သောအခါမှ။
( ၅ )
သီချင်းရဲ့ အလယ်အပိုဒ်ကဒီလို။
အမှောင်ထုထဲမှာ နွမ်းလျစွာထိုင်နေတုန်း သူဟာ တချိန်က သူ့အိမ်ရဲ့ပုံရိပ်တွေကို မြင်ယောင်လာတယ်။ သတိရလာတယ်။ အဲ့ဒီမှတ်ဉာဏ်အချိုတွေဟာ အတွေးအာရုံရဲ့ တနံတလျားတလျှောက်စီးဆင်းနေကြတယ်။ သစ်ရွက်ခြောက်တချို့ မျောပါလာတတ်တဲ့ကြည်ကြည်မြမြစမ်းချောင်းလေး။ စမ်းချောင်းလေးမှာ အုံ့မှိုင်းမှိုင်းသစ်ပင်ကလေးတွေရှိတယ်။ ကြိုးပုခက်တခုရှိတယ်။
ဒါပေမယ့် စမ်းချောင်းရဲ့တည်နေရာက မကြာခင်ကမှပြီးဆုံးသွားခဲ့တဲ့ စစ်မြေပြင်ရဲ့တစိတ်တပိုင်းထဲမှာ။ စမ်းချောင်းရဲ့ သာယာကြည်လင်မှုဟာ စစ်ပွဲပြီးဆုံးချိန်ရဲ့ ညှိးငယ်အားဖျော့မှုနဲ့အတူ တည်ရှိနေတယ်။ စန္ဒယားသံတွေ ချိုချိုလွင်လွင် ပုံမှန်ထွက်ပေါ်နေပေမယ့် စာသားတွေကတော့ ဒဏ်ရာရထားတဲ့သားကောင်တကောင်ရဲ့ သေလုမျောပါးညည်းညူးသံတခုလို။
သီချင်းကို ဘယ်လိုအဆုံးသတ်ရမလဲ သူစဉ်းစားနေမိတယ်။
" နှင်းတွေကိုကြည့် " ဆိုတဲ့စကားလုံးကို သူအလွတ်ရနေတယ်။ Schindler's List ရုပ်ရှင်ထဲမှာ ဂျူးအဘိုးကြီးတယောက်ကို ဂျာမန်တွေက ရက်ရက်စက်စက်ပစ်သတ်ကြတော့ အဘိုးကြီးရဲ့သမီးက သူ့ကလေးလေးရဲ့မျက်စိကိုလက်နဲ့အုပ်ရင်း " နှင်းတွေကိုကြည့် " " နှင်းတွေကိုကြည့် " လို့ အော်ပြောတယ်။
ရုပ်ရှင်အပြီး နောက်နှစ်တွေကြာတဲ့အထိ သူ့ဘဝမှာတခုခုဆုံးရှုံးရတိုင်း " နှင်းတွေကိုကြည့် "ဖို့ လိုက်ရှာမိတယ်။ တခါတလေလည်း ကြည့်စရာနှင်းတွေရှိတယ်။ တခါတလေလည်း ဘာမှမရှိဘူး။
( ၆ )
လူတွေရဲ့ ကမ္ဘာလိုပဲ ပျောက်ဆုံးသွားတဲ့အရာတွေရဲ့ ကမ္ဘာလည်း တနေရာမှာရှိနေနိုင်တာပဲ။ ကောင်းကင်ဘုံလို မွန်မြတ်တဲ့နေရာမျိုးမဟုတ်ပဲ သေလွန်သွားတဲ့လူတွေ၊ အရာဝတ္ထုတွေ နေမြဲအတိုင်း ဆက်လက်နေထိုင်နေကြတဲ့နေရာလေးတခုပေါ့လေ။ အဲ့ဒီမှာ အဖေရှိမယ်။ အမေရှိမယ်။ သူ့ခွေးလေးရှိမယ်။ သူတံတားပေါ်ကပစ်ချလိုက်တဲ့ ကွန်ပါဗူး၊ သူနဲ့မတော်တော့လို့ လွှင့်ပစ်လိုက်ရတဲ့ အကြိုက်ဆုံးအနွေးထည်၊ သေသွားတဲ့သူ့သူငယ်ချင်းတချို့။.
ဖြစ်နိုင်ရင်တော့ ကောင်းကင်ဘုံကို ရွှေရောင်ရွှေနန်းတွေပြည့်နေတဲ့နေရာတခုမဟုတ်ပဲ သူပြောခဲ့သလို ရိုးရိုးသာမန်နေရာလေးတခုဖြစ်စေချင်တယ်။ သူနဲ့သူ့အဖေနဲ့ မပြီးခဲ့တဲ့အိမ်ကလေးကို ဆက်ဆောက်ရမယ်။ သူ့အမေချက်ကျွေးတဲ့ဟင်းတိုင်း လက်ရာမကောင်းဘူးလို့ စနောက်ရမယ်။ ကုန်သည်လမ်းမှတ်တိုင်မှာ အကြောင်းပြချက်မရှိ တကိုယ်တည်းထိုင်ရင်း သူ့အမြင်အာရုံတွေေ၀ဝါးလာတယ်။ သူ့ဘေးမှာ မီနီမတ်တခုကနေဝင်ဝယ်ခဲ့တဲ့ ခေါက်ဆွဲပြုတ်ဗူးလေးချထားတယ်။
တယောက်ထဲစားရတဲ့ညစာဟာ ဝမ်းနည်းစရာအကောင်းဆုံးပဲဆိုတဲ့ ဆိုနာတာစာအုပ်ထဲက စကားလုံးတွေကိုသတိရတယ်။ ပူနေတဲ့ခေါက်ဆွဲဗူးကို ကော်ဇွန်းပျော့ပျော့နဲ့ ထိုးမွှေတယ်။
သီချင်းရဲ့အဆုံးကို သူရပြီ။ သူ့လည်ချောင်းတွေတစ်ဆို့နေလို့ ကြည့်စရာနှင်းတွေကို လိုက်ရှာနေမိတယ်။
-ဆပ်ရိပ်
၂၄.၁.၂၁
Photo: @the. lightbyliquid
Comments
Post a Comment