Ebbing မြို့အပြင်ဘက်က လက်ကျန်နှင်းဆီပွင့်တွေ
" အပြစ်ရှိနေတယ်" လို့ အချိန်တိုင်းမှာခံစားနေရပြီး အသက်ဆက်ရှင်နေရခြင်းနဲ့ သေဆုံးသွားရခြင်းမှာ ဘယ်တခုက ကိုယ့်ကိုယ်ကိုသက်ညှာရာရောက်မလဲမသိ။ ဒီစကားလုံးကို ဇာတ်ကားထဲက အမျိုးသမီးမက်ဒရစ်ဟေးနဲ့ ရဲမှူးဝယ်လ်ဘီ နှစ်ယောက်လုံးရဲ့နေရာကနေ စဉ်းစားဖြစ်ပါတယ်။
#ဇာတ်လမ်းအကျဉ်း
မစ်ဆူရီပြည်နယ်က အက်ဗင်ဆိုတဲ့မြို့ကလေးဟာ မြို့ငယ်တမြို့ဖြစ်တာမို့ တယောက်နဲ့တယောက်လည်း မသိတဲ့သူမရှိသလောက်ပါပဲ။ ဘယ်သူက ဘာအလုပ်လုပ်တယ်၊ ဘယ်သူက ဘယ်လိုအကျင့်ရှိတယ်၊ ဘယ်သူတော့ ဘာဖြစ်နေပြီဆိုတာကို မသိချင်လည်း သိ၊ မကြားချင်လည်းကြားနေရမယ့် မြို့သေးသေးတခုဆိုပါတော့။
အက်ဗင်မြို့အပြင်ဘက်မှာ လမ်းဟောင်းတခုရှိပါတယ်။ မြို့ပတ်လမ်းအဖြစ် အဝေးပြေးလမ်းတခုပေါ်လာလို့ ဘယ်သူမှအသုံးမပြုကြတော့တဲ့ လမ်းဟောင်းတခု။ သူနဲ့အတူ မြက်ခင်းစိမ်းစိမ်းတွေ၊ သံချေးတက်နေတဲ့ ကြော်ငြာဆိုင်းဘုတ်ဟောင်းကြီးတွေနဲ့ တောင်တန်းတွေရံထားတဲ့မြို့ကလေး။ တရက်တော့ အဲ့ဒီလမ်းပေါ်က ကြော်ငြာဆိုင်းဘုတ် (၃)ခုဟာ အခကြေးငွေပေးပြီး ကြော်ငြာတဲ့သူတယောက်ကြောင့် ပြန်ပြီးသစ်လွင်လာပါတယ်။
ဆိုင်းဘုတ်က ကုန်ပစ္စည်းတခုခုကို ကြော်ငြာထားတာတော့မဟုတ်။ အနီရောင်နောက်ခံမှာ စာသားတွေချည်းထင်းနေအောင်ရေးထားတဲ့ ဆိုင်းဘုတ်(၃)ခုပါ။ ရေးထားတာတွေက
" သေလုမျောပါးမတရားပြုကျင့်ခံခဲ့ရတယ် "
" ဒါလည်း မဖမ်းမိသေးဘူး "
" ဘယ်လိုလဲ ရဲမှူးဝယ်လ်ဘီရေ "
မြို့က ခပ်သေးသေးဆိုတော့ ဆိုင်းဘုတ်တွေကိစ္စက ရက်ပိုင်းအတွင်း ဟိုးလေးတကျော်ကျော်ဖြစ်သွားကြတယ်။ ဆိုင်းဘုတ်တရားခံဘယ်သူဆိုတာလည်း တမြို့လုံးက သိကြတယ်။ မကြာသေးခင်ကမှ အိန်ဂျလာဟေးဆိုတဲ့ ကောင်မလေးက ညဘက်အပြင်ထွက်ရင်း မတရားပြုကျင့်ခံရပြီး သေဆုံးခဲ့ရတယ်။ တရားခံမဖမ်းမိသေးဘူး။ (အတပ်မပြောနိုင်ပေမယ့်) ဒီဆိုင်းဘုတ်ကို မက်ဒရစ်ဟေးမှ မတင်ရင် ဘယ်သူတင်မလဲလေ။ မက်ဒရစ်ဟေးဆိုတာကတော့ အိန်ဂျလာဟေးရဲ့ အမေဖြစ်သူ။ ဒီအမျိုးသမီး ဘယ်လောက်အကြောမာတယ်ဆိုတာလည်း တမြို့လုံးက သိကြပြီးသား။ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Three Billboards Outside Ebbing, Missouri ရုပ်ရှင်က သူ့ရဲ့ ပဋိပက္ခကို ဒီလိုစထားပါတယ်။
𝗧𝗵𝗲 𝗟𝗮𝘀𝘁 𝗥𝗼𝘀𝗲 𝗼𝗳 𝗦𝘂𝗺𝗺𝗲𝗿
ရုပ်ရှင်ရဲ့အဖွင့် The Last Rose of Summer သီချင်းဟာ အိုင်းရစ်ရှ်ကဗျာဆရာ သောမတ်စ်မိုးရ်ရဲ့ ကဗျာတပုဒ်ကနေစပါတယ်။ တခြားအပွင့်တွေ အချိန်ဆိုတဲ့လေရူးနဲ့အတူ ကြွေကျခဲ့ပြီတဲ့နောက် လက်ကျန်နှင်းဆီပွင့်ရဲ့ နေဝင်ချိန်အကြောင်းဖော်ညွှန်းထားတဲ့ ဒီကဗျာကို ခေတ်အဆက်ဆက်မှာ ဂီတပညာရှင်တွေက ဂန္တဝင်သီချင်းအဖြစ်ပြောင်းလဲ၊သီဆို၊ဖန်တီးခဲ့ကြပြီး ရုပ်ရှင်မှာပါတာကတော့ Renee Fleming ရဲ့ Orchestral version ဖြစ်ပါတယ်။ ( အံမယ် အထင်မကြီးနဲ့ စာရေးကောင်းအောင် ဝီကီပီးဒီးယားက မလာတာ :3)
မြူတွေဆိုင်းနေတဲ့ မြို့ပြင်ဘက်လမ်း၊ စိမ်းညို့နေတဲ့မြက်ခင်းစိမ်းစိမ်းတွေ၊ လူသူတိတ်ဆိတ်ခြောက်ကပ်နေမှု၊ သံချေးတက်နေတဲ့ဆိုင်းဘုတ်ဟောင်းကြီးတွေနဲ့ The Last Rose of Summer သီချင်းသံဟာ ရုပ်ရှင်တခုကိုဖွင့်ဖို့ လုံလောက်တဲ့မြင်ကွင်းတခုပါပဲ။ ကျနော့်အတွက်တော့ ရုပ်ရှင်ကိုဆက်ကြည့်စေချင်အောင် လှလှပပ၊တိုးတိုးဖျော့ဖျော့လေး တွန်းအားပေးခဲ့တယ်ဆိုရင်လည်း မှန်ပါလိမ့်မယ်။ တခြားဇာတ်ဝင်သီချင်းတွေလည်း ကောင်းပါတယ်။
ဆိုင်းဘုတ်သုံးခုပေါ်လာပြီးတဲ့နောက် ရဲမှူးက ချက်ချင်းပဲ မက်ဒရစ်ဟေးနဲ့ သွားတွေ့ပါတယ်။ တမြို့တည်းသားချင်းလည်းဖြစ်သလို အကြီးအကဲဖြစ်တဲ့သူ့မှာလည်း အမှုအတွက် တာဝန်အပြည့်ရှိတာကိုး။ ဘယ်သူ့အတွက်ကံဆိုးသလဲမပြောတတ်ပေမယ့် ရဲမှူးဝယ်လ်ဘီမှာ ကင်ဆာရောဂါရှိနေခဲ့ပြီး ရှိနေတာကိုလည်း တမြို့လုံးက သိကြပါတယ်။ ဒီတော့ လူတယောက်သေဆုံးခါနီး ရက်သတ္တပတ်လရက်တွေမှာ ဒီလိုဆိုင်းဘုတ်တွေနဲ့ ရက်စက်ရကောင်းလားလို့ မက်ဒရစ်ဟေးကို မြင်ကြတဲ့လူများစုရဲ့အမြင်နဲ့ ရဲတွေလည်းကိုယ့်အလုပ်ကိုလုပ်သင့်တာပေါ့ဆိုတဲ့ မက်ဒရစ်ဟေးဘက်က ရပ်ကြတဲ့ အမြင်နှခုတို့ တိတ်ဆိတ်နေတဲ့မြို့ထဲမှာ မီးပွားတခုလို ဖြစ်လာပါတယ်။
မက်ဒရစ်ဟေးအတွက်ကတော့ သမီးတယောက်လုံးကို ဆုံးရှုံးရပြီးတဲ့နောက် တလောကလုံးကို အရေးစိုက်နေစရာမရှိတော့ဘူးလို့ဆုံးဖြတ်လိုက်ပုံရတယ်။ ဒါပေမယ့်လည်း အချိန်တိုင်း ကြွတ်ဆတ်ဆတ်၊ မာကြောတဲ့မျက်နှာပေးနဲ့ သူ့ဆီမှာ နောင်တနဲ့နာကျင်မှုရောထွေးနေတဲ့မျက်ဝန်းတွေရှိနေတယ်။ သူလိုချင်တဲ့တရားမျှတမှုဆိုတာအတွက် တမြို့လုံးနဲ့တယောက်ဆိုလည်း သူ့အနေနဲ့ဆက်တိုးမယ့်ပုံပဲ။
#ထုတ်မပြောဖြစ်တဲ့ချစ်ခြင်းမေတ္တာများ
သမီးဖြစ်သူ အိန်ဂျလာဟေးထွက်သွားတဲ့ညက အမေနဲ့အကြီးအကျယ်ရန်ဖြစ်ကြတယ်။ မက်ဒရစ်ဟေးကလည်း သူ့သမီးကို အိမ်ကမြန်မြန်ထွက်သွားဖို့နဲ့ " နင့်ကို မုဒိမ်းဝိုင်းကျင့်ခံရပြီးသေပါစေလို့ ငါဆုတောင်းတယ်" လို့ စိတ်လိုက်မာန်ပါနဲ့ ကျိန်လိုက်မိတယ်။ သူ့သမီးတကယ်သေသွားတဲ့အခါမှာတော့ သူ့ရဲ့ဒေါသက နောင်တနဲ့နာကျင်မှုအဖြစ်အသွင်ပြောင်းသွားပြီး သူ့မျက်လုံးထဲမှာ အချိန်တိုင်းငွေ့ရည်လာဖွဲ့နေပါတော့တယ်။ ဘယ်တော့ပြိုကျမယ်မသိတဲ့သဲအိမ်တလုံးကို အရိပ်တကြည့်ကြည့်စောင့်ကြည့်နေရသလိုမျိုး အချိန်တိုင်းမှာ သူ့အနေနဲ့ငိုချမိလိုက်ဖို့ အန္တရာယ်ရှိနေပါတယ်။ ဒါပေမယ့် သူ့သမီးအတွက် တရားမျှတမှုရဖို့ သူ့အနေနဲ့သန်မာဖို့လိုအပ်နေတာကိုလည်း အမြဲထိန်းထားနိုင်ခဲ့ပြန်တယ်။
ဇာတ်ကားတခုလုံးဟာ အပေါ်ယံနေပျော်မှုတွေကိုဖယ်လိုက်တဲ့အခါ စိတ်ပင်ပန်းမှု၊ ကြီးနိုင်ငယ်ညှင်းမှု၊ နာကျင်မှု၊ ဘာမှမတတ်နိုင်တဲ့ဆုံးရှုံးမှုတွေပြည့်နေတဲ့ လူတွေရဲ့ဘဝအမှောင်ထုထဲကနေ " ချစ်ခြင်း " " သံယောဇဉ် " ဆိုတဲ့နွေးထွေးတဲ့အလင်းရောင်တွေကို ဟိုတစဒီတစ ဟိုတကွက်ဒီတကွက်ချိတ်ဆွဲပြသထားပုံရပါတယ်။ အပေါ်က ဇာတ်ဝင်ခန်းလိုမျိုး မြှုပ်ထားတဲ့တခြားဇာတ်ကွက်တွေဟာ ဇာတ်ကားထဲမှာ အနှေးပြကွက်တခုလို ဖြေးဖြေးချင်းပေါ်လာပြီး ဇာတ်ကောင်အချင်းချင်း အမှောင်ထုထဲမှာ အနွေးဓာတ်ပေးဖို့ကြိုးစားကြပုံ၊ ကြင်နာသနားကြပုံကိုမြင်ရပါတယ်။ တခြားသောဇာတ်ကောင်တွေဖြစ်တဲ့ ရဲသားဒစ်ဆင်၊ ရဲမှူးရဲ့အမျိုးသမီး၊ မက်ဒရစ်ဟေးရဲ့မိသားစုတို့ကလည်း ဇာတ်ကားကိုဖြည့်ပေးထားကြပါတယ်။
အထူးသဖြင့် ဆိုင်းဘုတ်ခြေရင်းမှာ နှင်းဆီပန်းတွေစိုက်နေတုန်း သူ့နားရောက်လာတဲ့သမင်လေးကို သူ့သမီးများလားလို့ စကားတွေတီးတိုးပြောနေတဲ့အခန်းမှာ သန်မာပါတယ်ဆိုတဲ့မက်ဒရစ်ဟေးရဲ့ နူးညံ့မှုနဲ့ ငိုနေတဲ့မက်ဒရစ်ဟေးကို မြင်နိုင်ပါတယ်။ ရုပ်ရှင်တခုကောင်းမကောင်းဆိုတာကို ဘာမက်ဆေ့ချ်တွေရတယ်ဆိုတဲ့ပေတံကြီးနဲ့ တိုင်းတဲ့သူတွေရှိကောင်းရှိနေနိင်သေးပေမယ့် ကျနော့်တဦးတည်းအမြင်ရတော့ စာအုပ်ဖတ်တာနဲ့ ရုပ်ရှင်ကြည့်တာဟာ ကြည့်ကြဖတ်ကြသူတွေအတွက် ကြည့်ချင်ဖတ်ချင်လို့ ကိုယ့်ရဲ့အချိန်တခုပေးပြီး ပျော်ပျော်ကြီးခံစားယူကြတယ်လို့ပဲထင်ပါတယ်။ ရုပ်ရှင်ကြည့်ရတာပျော်တဲ့သူတွေအတွက် ဒီဇာတ်ကားရဲ့တင်ဆက်ပုံနဲ့အလှတရားဟာ အချိန်ဖြုန်းမှုတစုံတရာမဖြစ်စေဖူးဆိုတာကိုတော့ သေချာပေါက်ညွှန်းပါရစေ။
#ဇာတ်ကားရဲ့အောင်မြင်မှုများ
၂၀၁၇ ခုနှစ်မှာ အမျိုးသမီးဇာတ်ကောင်တွေအတွက် ရုပ်ရှင်ကားကောင်းတွေထွက်ခဲ့ပါတယ်။ I,Tonya ရုပ်ရှင်နဲ့ မာဂရက်ရော်ဘီ ၊The Post ရုပ်ရှင်နဲ့ ဝါရင့်သရုပ်ဆောင်ကြီး မာရီစထျရိတို့က အော်စကာဆု ဇကာတင်ဝင်တယ်။ ဆုကိုတော့ ဒီကားမှာ မက်ဒရစ်ဟေးအနေနဲ့သရုပ်ဆောင်တဲ့ ဖရန့်စ်မက်ဒေါ်မန်ကပဲ Best Actress ဆုခဲ့ပါတယ်။ ရဲသားဒစ်ဆင်တဖြစ်လဲ ဆမ်ရော့ခ်ဝဲလ်က Best Supporting Actor ရပါတယ်။ အော်စကာမှာ တခြားဆုတွေအများကြီး(ချမရေးချင်တော့ဘူး။ google ခေါက်လိုက်တော့:3) လည်း ဇကာတင်ဝင်ပါတယ်။ အော်စကာအပြင် တခြားဆုပေးပွဲတွေမှာလည်း ဆုတွေရခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။
#ဖြည့်စွက်ချက်အချို့
တရားမျှတမှုဆိုတဲ့အရာဟာ ကိုယ်ကိုယ်တိုင်ထိခိုက်ဆုံးရှုံးရမှသာ ရှိမရှိတကယ်သိရမှာပါ။ လူတွေအနေနဲ့ ကိုယ်မခံစားရမချင်း ကမ္ဘာကြီးက သာယာမျှတနေတယ်လို့ ထင်ကောင်းထင်နေနိုင်ပါတယ်။
" ဘုရားသခင်မရှိ၊ ကမ္ဘာကြီးက ဗလာနတ္တိဖြစ်နေတာနဲ့ပဲ လူတွေတယောက်ကိုတယောက် ဘာတွေပြုမူကြတယ်ဆိုတာ အရေးမပါတော့ဘူးလား " လို့ မြက်ခင်းတွေကိုငေးရင်း ပြောခဲ့တဲ့မက်ဒရစ်ဟေးရဲ့ စကားအတိုင်းပဲ။ ဒီဇာတ်ကားဟာ တက္ကဆက်ပြည်နယ်က မပေါ်ပေါက်တဲ့အမှုတခုကို ဥပမာထားပြီး (ရုပ်ရှင်ထဲက အက်ဗင်ဆိုတဲ့မြို့ကလေးက အပြင်မှာတကယ်မရှိပါဘူး) တရားမျှတမှုမရခဲ့ကြတဲ့နစ်နာမှုတိုင်းအတွက် ဒါရိုက်တာနဲ့သရုပ်ဆောင်တွေက ရည်ညွှန်းချင်ကြသလားမပြောတတ်။
သေချာတာကတော့ ရုပ်ရှင်ကြည့်ပြီးတဲ့အခါ အက်ဗင်မြို့အပြင်ဘက်က မက်ဒရစ်ဟေးစိုက်ခဲ့တဲ့နှင်းဆီတထွေးကြီးဟာ စိတ်ထဲမှာ မွှေးမွှေးဖျဖျကျန်ခဲ့လိမ့်မယ်လို့ထင်ပါတယ်။
#SY
#FilmsAndPermanentNostalgia
Comments
Post a Comment