Posts

Showing posts from April, 2020

The last text I sent her

Image
(Unicode) the last text I sent her (၁) နှုတ်ဆက်တယ်ဆိုတာ သမားရိုးကျဖြစ်စဉ်တစ်ခုပါပဲ။ အိမ်ပြန်ခါနီး အတူရှိနေတဲ့သူကိုနှုတ်ဆက်ကြတယ်။ ခရီးသွားခါနီး သက်ဆိုင်သူတွေကို နှုတ်ဆက်ကြတယ်။ ဖုန်းချခါနီး နှုတ်ဆက်ကြတယ်။ စကားပြောနေတဲ့သူကို အိပ်ခါနီးနှုတ်ဆက်ကြတယ်။ ဒါက လူတိုင်းလုပ်နေကြတာမှတ်လား။ နှုတ်ဆက်တယ်ဆိုတာ ဘာမှရှုပ်ထွေးတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဟုတ်တယ်မှတ်လား။ ဒါပေမယ့် တစ်ယောက်ယောက်ကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ရမယ်ဆိုရင်ရော။ အဲ့ဒီလူနဲ့ သေချာပေါက်ပြန်မတွေ့တော့ဖို့များနေပြီ။ ဥပမာအားဖြင့် ရုတ်တရက် နှုတ်မဆက်ပဲကွယ်လွန်သွားတဲ့ခံစားချက်မျိုး ဘယ်သူကမှမကြိုက်လောက်ဘူးဗျာ။ မှာစရာရှိတာတွေမှာ။ ကျေးဇူးတင်ကြောင်းလေးပြော။ အတူရှိခဲ့တဲ့အချိန်တွေအတွက် အသိအမှတ်ပြုစကားလေးဆို စသဖြင့်ပေါ့။ ကျွန်တော့်အထင်တော့ လူတွေမှာ တစ်ဦးနဲ့တစ်ဦးပတ်သတ်ဆက်နွယ်ရချိန်က အကန့်အသတ်ရှိတယ်။ အဲ့ဒီအကန့်အသတ်က တစ်ချို့တွေကံကြမ္မာလို့ပြောကြတဲ့ အရာကြီးက သတ်မှတ်ထားတာလည်းဖြစ်ရင်ဖြစ်မယ်။ လူတွေကိုယ်တိုင်သတ်မှတ်ကြတာလည်းဖြစ်ရင်ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ဒီလူသားတစ်ယောက်နဲ့ထပ်ပြီးတွေ့နေဖို့အကြောင်းမရှိတော့ပါဘူးဆိုရင် နှုတ်ဆက်တာက အရေးကြီးတဲ့အပိုင်းပဲ။ ပိတ်...

ချစ်ခြင်းမေတ္တာဖြင့် ကွက်လပ်ဖြည့်ပါ

Image
အီတလီက ကိုးဗစ်လူနာအဘွားကြီးတစ်ဦးက သူ့အတွက်ပေးတဲ့ Ventilator (အသက်ရှူစက်) ကို ငြင်းဆန်ခဲ့ပါတယ်။ အကြောင်းက သူ့ထက်အရေးကြီးမယ်ထင်တဲ့ လူငယ်လူရွယ်တွေကို အသုံးပြုစေချင်လို့ပါ။ သူက လုံလောက်အောင်အသက်ရှင်ခဲ့ပြီးပြီမို့ တစ်ခြား လိုအပ်တဲ့​လူနာတွေကို အသက်ရှူစက်ပေးသုံးလိုက်ဖို့ သူဆန္ဒရှိခဲ့ပါတယ်။ ကမ္ဘာအနှံ့မှာရော မြန်မာအနှံ့မှာပါ ရောဂါစဖြစ်ကတည်းက ဆရာဝန်တွေနဲ့ ဆေးဝန်ထမ်းတွေဟာ စစ်သည်တွေလိုပဲ ရှေ့တန်းမှာထွက်ပြီး ကုသရေးလုပ်ဆောင်ကြပါတယ်။ သူတို့ကို ရောဂါကူးနိုင်ချေရှိတာ သူတို့သိတယ်။ သူတို့မိသားစုကို ကူးနိုင်တာလည်း သူတို့သိတယ်။ ဒိီလိုလုပ်တဲ့အခါလည်း  စင်းလုံးချောအဆင်ပြေတာမဟုတ်ဘဲ နေရေးစားရေးကအစ အခက်အခဲရှိနေတယ်။ ဒါပေမယ့် သူတို့လုပ်နေကြပါတယ်။ မြန်မာနိုင်ငံမှာ ရောဂါပိုးစတွေ့ကတည်းက လိုတဲ့ပစ္စည်းတွေကို နီးစပ်ရာတနိုင်တပိုင်လှူနေတဲ့သူတွေရှိတယ်။ အစားအစာဝေကြတာရှိတယ်။ ကိုယ်တိုင်ဦးစီးပြီး လူအားငွေအားနဲ့ Volunteer လုပ်နေတဲ့သူတွေရှိတယ်။ Qurantine Centre တွေမှာ ကူညီနေသူတွေရှိတယ်။ မြို့နယ်အလိုက် ကိုယ့်အစီအစဥ်နဲ့ကို ဝိုင်းဝန်းနေကြသူတွေလည်းရှိနေပါတယ်။ အင်း။ Stay at home တွေကလည်း ရောဂါမပျံ့ပွားဖို့ ကူညီနေတာပ...

မျက်ရည်

Image
မျက်ရည် လူသားတစ်ယောက်ရဲ့ ခံနိုင်ရည်ထက်ပိုသွားရင် ငိုချင်ပေမယ့် မျက်ရည်ကျမလာတော့ဘူး။ လည်ချောင်းထဲမှာဆို့နေတဲ့တိမ်တွေကြောင့် အသက်ရှူကျပ် ငြိမ်သက်မသွားခင် ရုပ်ရှင်တွေကြည့်ပြီးငိုရမယ် တစိမ့်စိမ့်တွေးပြီး ငိုသင့်ငိုရမယ်။ နောက်ဆုံး လိုအပ်ရင် ဟာသတွေထိုင်ကြည့်​တတ်ဖို့။ မျက်ရည်ထွက်တဲ့အထိ ရီပစ်ပြီးမှ  ရတဲ့မျက်ရည်မှာ အနာတရပေါင်း ဟောင်းနွမ်းလွန်းတဲ့ကိုယ့်အဖြစ်ကို  တွေးတွေးပြီး ငိုကြွေးဖို့။ ချော်လဲရောထိုင် နာကျင်မှုတွေနဲ့ တစ်သက်လုံးနောက်ကလိုက်သူ ဘယ်တရားပြပြ နိဗ္ဗာန်မသွား တစ်ယောက်တည်း တစ်ကိုယ်တည်း  စောက်မှတ်မရှိ ငရဲလားလို့။ -ဆပ်ရိပ် ၆.၄.၂၀

နွေဦးလမ်း၊ ကံ့ကော်ပွင့်၊ ဟိုးအဝေးကြီးမှာ နှင်းတွေလွင့်လို့

Image
နွေဦးလမ်း၊ ကံ့ကော်ပွင့်၊ ဟိုးအဝေးကြီးမှာ နှင်းတွေလွင့်လို့ တစ်ယောက်တည်း ဒိုင်ယာရီစာအုပ်မှာ စာတွေရေးနေပြီး။ တစ်ယောက်တည်း စိတ်ထဲကနေ တိုးတိုးလေး အော်ခေါ်နေပြီး။ တစ်ယောက်တည်း ညနေခင်းလမ်းမက လူတွေကို ငေးနေပြီး။ အဆိုးဆုံးက မင်းကိုယ့်ကိုစိတ်ထဲရှိပါတယ်လို့ တစ်ယောက်တည်း ထင်ယောင်ထင်မှားတွေဖြစ်နေခဲ့ပြီး။ ရုတ်တရက်ကြီး ဘာလို့လေတွေတိုက်တယ်။ မိုးတွေသည်းကြီးမဲကြီးရွာတယ်။ လူတွေတစ်သက်လုံးအတူမရှိနိုင်ကြတယ်။ နေရောင်ခြည်က အခန်းထဲမှာ နွေးရုံလေးဖြာကျနေတဲ့ ချစ်ခြင်းမေတ္တာဆိုရင်လည်း ကိုယ့်မျက်ဝန်းတွေ အချိန်အကြာကြီးစိုစွတ်နေခဲ့ရတာပဲ။ မျက်စိဖွင့်လိုက်တော့ ခရေပွင့်ကလေးတွေ ရေစီးအတိုင်းမျောပါသွားတယ်။ ခြောက်နွမ်းနေတဲ့သစ်ရွက်ကလေး ပြတင်းပေါက်ထဲခုန်ဝင်လာလို့ ဂရုတစိုက် လက်နဲ့ပွေ့ခံထားပေးရတယ်။ ကိုယ်မင်းကို ဒီလိုကြိုဆိုချင်ခဲ့ပါတယ်။ ဒီလို သိမ်းထားချင်ခဲ့ပါတယ်။ အရိုးပစ်လိုက်တာနဲ့ အဝေးကိုပြေးလိုက်သွားတဲ့ခွေးကလေးတွေကို ရီခဲ့ဖူးလို့ထင်တယ်။ ကိုယ်ဟာ ပျော်ရွှင်မှုနည်းနည်းရတာနဲ့ အဲ့ဒီအငွေ့အသက်နောက်ကို ဝမ်းသာအားရပြေးလိုက်နေခဲ့မိတယ်။ အဲ့ဒီနေရာကို ရောက်သွားတဲ့အခါတိုင်း ဘာမှရှိမနေခဲ့တာလည်းအခါခါပဲ။ ခဏခဏမက်ရတော့ လက်ဖဝါးထဲမှာ...