နွေဦးလမ်း၊ ကံ့ကော်ပွင့်၊ ဟိုးအဝေးကြီးမှာ နှင်းတွေလွင့်လို့

နွေဦးလမ်း၊ ကံ့ကော်ပွင့်၊ ဟိုးအဝေးကြီးမှာ နှင်းတွေလွင့်လို့

တစ်ယောက်တည်း ဒိုင်ယာရီစာအုပ်မှာ စာတွေရေးနေပြီး။ တစ်ယောက်တည်း စိတ်ထဲကနေ တိုးတိုးလေး အော်ခေါ်နေပြီး။ တစ်ယောက်တည်း ညနေခင်းလမ်းမက လူတွေကို ငေးနေပြီး။ အဆိုးဆုံးက မင်းကိုယ့်ကိုစိတ်ထဲရှိပါတယ်လို့ တစ်ယောက်တည်း ထင်ယောင်ထင်မှားတွေဖြစ်နေခဲ့ပြီး။

ရုတ်တရက်ကြီး ဘာလို့လေတွေတိုက်တယ်။ မိုးတွေသည်းကြီးမဲကြီးရွာတယ်။ လူတွေတစ်သက်လုံးအတူမရှိနိုင်ကြတယ်။ နေရောင်ခြည်က အခန်းထဲမှာ နွေးရုံလေးဖြာကျနေတဲ့ ချစ်ခြင်းမေတ္တာဆိုရင်လည်း ကိုယ့်မျက်ဝန်းတွေ အချိန်အကြာကြီးစိုစွတ်နေခဲ့ရတာပဲ။ မျက်စိဖွင့်လိုက်တော့ ခရေပွင့်ကလေးတွေ ရေစီးအတိုင်းမျောပါသွားတယ်။ ခြောက်နွမ်းနေတဲ့သစ်ရွက်ကလေး ပြတင်းပေါက်ထဲခုန်ဝင်လာလို့ ဂရုတစိုက် လက်နဲ့ပွေ့ခံထားပေးရတယ်။ ကိုယ်မင်းကို ဒီလိုကြိုဆိုချင်ခဲ့ပါတယ်။ ဒီလို သိမ်းထားချင်ခဲ့ပါတယ်။

အရိုးပစ်လိုက်တာနဲ့ အဝေးကိုပြေးလိုက်သွားတဲ့ခွေးကလေးတွေကို ရီခဲ့ဖူးလို့ထင်တယ်။ ကိုယ်ဟာ ပျော်ရွှင်မှုနည်းနည်းရတာနဲ့ အဲ့ဒီအငွေ့အသက်နောက်ကို ဝမ်းသာအားရပြေးလိုက်နေခဲ့မိတယ်။ အဲ့ဒီနေရာကို ရောက်သွားတဲ့အခါတိုင်း ဘာမှရှိမနေခဲ့တာလည်းအခါခါပဲ။ ခဏခဏမက်ရတော့ လက်ဖဝါးထဲမှာ ပိုးစုန်းကြူးလေးဖမ်းမိတယ်ဆိုတဲ့အိပ်မက်တွေမှာ ကိုယ်မပျော်တတ်တော့ဘူး။ လက်သီးဆုပ်ထဲက ဆုံးရှုံးခြင်းတွေကို ဖွင့်ကြည့်ရဲလောက်အောင် ကိုယ်သန်မာမနေတော့ဘူး။ ကိုယ်ဟာကြောက်တတ်တဲ့လူတစ်ယောက်ဖြစ်ခဲ့ပြီ။ စိတ်မလုံခြုံမှုတွေ ကိုယ့်မှာအပြည့်ရှိနေခဲ့ပြီ။ တစ်ယောက်တည်းအဖြစ်ကနေ တစ်ယောက်တည်းပိုဖြစ်လာတဲ့အခါ လမ်းပေါ်မှာ ဆေးလိပ်မီးဖွားတွေ တစ်ယောက်တည်းလွှင့်ပစ်။ ဟိုးအဝေးကြီးမှာလည်း ကိုယ့်ဘဝထဲကနေပြေးထွက်သွားတဲ့နှင်းတွေ သေပန်းလိုပွင့်လို့လွင့်လို့ရယ်။

တစ်ရက်တော့ (ဒါမှမဟုတ်လည်း) တစ်နှစ်နှစ်တော့ မပြောဖြစ်တဲ့စကားတွေကို စာပို့ရထားကြီးနဲ့ တင်ပေးလိုက်ချင်ပါတယ်။ ဒီနှစ်ထဲမှာ ငုဝါတွေ အစောကြီးပွင့်ခဲ့တယ်။ အိမ်နားက စံပါယ်ရုံလေး ပျက်စီးသွားခဲ့တယ်။ အချစ်ဆုံးကြောင်လေးသေသွားတယ်။  မင်းကိုချစ်ခဲ့တယ်။ ဒါပေမယ့် တူတူမတူတူလိုက်ပြီဆိုတာ ကလေးဘဝမှာပဲ ပြောလို့ကောင်းတဲ့စကား။ မင်းတစ်ယောက်ကိုယ့်အနားမှာရှိမနေချင်တော့လည်း ကိုယ်ဘာများတတ်နိုင်မလဲလေ။ ဆံပင်တွေလေထဲလှလှပပလွင့်နေလည်း မင်းမဟုတ်ရင် ကိုယ့်ကိုဘယ်သူတွေချစ်တယ်ဆိုတာအရေးမကြီး။ အသည်းပေးခဲ့လို့ အသည်းကွဲရတယ်။ အစကတည်း ဘာမှမပေးခဲ့ဘူးဆိုရင်လည်း အစကတည်းကလို တစ်သက်လုံးသူစိမ်း။ ဒီလိုဆိုလည်း ကိုယ့်စိတ်ကလေးလည်း ဒီတစ်သက်ငြိမ်းရတော့မှာမဟုတ်ဘူး။

ခရီးဆုံးတဲ့အထိ အတူရှိနေမယ်ထင်ခဲ့တဲ့ ဘတ်စ်ကားတစ်စီးပေါ်မှာ ဘဲလ်နှိပ်သံထွက်လာ​ပြီး၊ ထင်မှတ်မထားဘဲ ကိုယ်ဆွံ့အသွားပြီး၊ ရုတ်တရက်မင်းထထွက်သွားပြီး၊ ပလက်ဖောင်းပေါ်က လူအုပ်ကြီးထဲတိုးဝင်ပျောက်ကွယ်သွားပြီး၊ နောက်တစ်နေရာမှာ မင်းပြန်တက်လာမလားလို့ ကိုယ်မျှော်နေမိပြီး၊ ရရှိနိုင်သမျှ ဝမ်းနည်းဆို့နင့်မှုအားလုံးကို တိတ်ဆိတ်စွာ ခံစားရရှိခဲ့ရပြီး၊ ကိုယ့်ရဲ့ဘေးကို တစ်ခြားသူတွေရောက်လာပြီး၊ နောက်ဆုံးတော့ ကိုယ်လည်းပဲ နောက်ထပ်ပလက်ဖောင်းတစ်ခုက လူတွေထဲမှာတိုးဝင်ရွေ့လျားခဲ့ရပြီး။ ဝေးတယ်ဆိုတာ ဒါပဲပေါ့အချစ်ရယ်။ လူတွေပြောင်းလဲသွားကြဖို့ ဘာများခက်လို့လဲ။

နောက်တော့လည်း ဟိုအရင်လိုပဲ အခန်းထဲမှာ အေးနေတဲ့ကော်ဖီ၊ ဝေးသွားတဲ့အခါသီချင်း။ တစ်ခါက စကားပြောနေတဲ့ညတွေဆို ပြတင်းပေါက်အပြင်မှာ ကြယ်တွေ တမျှော်တခေါ်လင်းနေခဲ့မှာပေါ့။ ဘာ့ကြောင့် လူတိုင်းကိုယ်ချစ်တဲ့သူရဲ့ လက်ဖဝါးကို ဆုပ်ကိုင်နွေးထွေးခွင့်မရကြတယ်။ ပျော်ရွှင်စရာကမ္ဘာအကြောင်း လူတိုင်းဆုတောင်းမပြည့်ကြရတယ်။ အချစ်ဟာ နှစ်ဖက်လုံးမှာမရှိခဲ့ရင် အနိုင်ဆိုတာလည်းမရှိ။ တစ်ဖက်အတွက်အရှုံး။ တစ်ဖက်အတွက် အားနာမှု။ တိမ်တွေရေ။ ဘယ်လိုမကောင်းမှုတွေပြုခဲ့မိလို့ ကိုယ်ချစ်တဲ့သူဆီကနေ ကိုယ်တို့အချစ်မခံကြသလဲ။ ဘာပဲဖြစ်ဖြစ် ကိုယ်မင်းကိုတစ်သက်လုံးမှတ်မိနေမှာ။ မင်းမျက်နှာကို မှတ်ဉာဏ်မှာ ဝေဝါးလာခဲ့ရင် မင်းအသံကိုသတိရနေမှာ။ မင်းအသံကိုမသိတော့တဲ့အခါ မင်းနာမည်ကို ရေရွတ်မှာ။ အားလုံးဆုံးရှုံးလိုက်ရတဲ့တစ်နေ့မှာတော့ မင်းဖတ်ဖို့ပြောထားတဲ့စာအုပ်ကလေးကို ကိုယ့်လွယ်အိတ်ထဲထည့်ပြီး နယ်မြို့ကလေးတမြို့မှာ လူမသိသူမသိသွားနေမိတော့မှာပဲ။ 

နွေဦးလမ်း၊ ကံ့ကော်ပွင့်၊ ဟိုးအဝေးကြီးမှာ နှင်းတွေလွင့်လို့။ မလိုမှန်းသိရင် လိလိမ္မာမ္မာလှည့်ပြန်တတ်တယ်ဆိုတာ ဘယ်တုန်းကမှလိုချင်တာမရဖူးတဲ့ ကလေးတစ်ယောက် သင်ယူခဲ့တဲ့လမ်းပါပဲ။ သံယောဇဉ်ဟာ အထားမတတ်တဲ့အခါ ကိုယ့်ကိုယ်ကိုထိုးမိတဲ့ အထစ်တွေနဲ့ဓားဖြစ်တယ်။ ပြန်ဆွဲနုတ်ရင် ရုပ်ပျက်ဆင်းပျက်ဖြစ်မယ်ဆိုလည်း အမှတ်မရှိတဲ့အခါတိုင်း ဖြစ်ပေါ့။ ဘယ်သူ့ဘဝမှာမှ မနှစ်သက်ဘဲအတင်းဝင်ရောက်မနေထိုင်ခြင်းနဲ့ ပျော်သလိုနေတတ်ခဲ့ပါတယ်။ တိမ်တွေသေအောင်လှတယ်ဆိုလည်း  လူတွေသေတောင်မရ။ အဝေးတစ်နေရာမှာ ငေးမောကြည့်နေတာ တစ်သက်စာရရှိခြင်းပါပဲ။ လူတွေသေရင်ဘာပဲဖြစ်ဖြစ် ကိုယ်သေရင်တော့ငှက်ကလေးတစ်ကောင်ဖြစ်မယ်။ ချစ်တဲ့သူတွေ အလိုရှိတိုင်း ကံ့ကော်တွေလိုပွင့်မယ်။  

နွေရေ။ ဝေရေ။

အကယ်၍များ  ဖြူသွယ်သွယ်လက်ချောင်းလေးတွေနဲ့ စာအသေဖတ်တဲ့ကောင်မလေးတစ်ယောက်ကို မြင်မိခဲ့ရင် သူကျွန်တော့်အတွက် အများကြီးအရေးပါခဲ့ကြောင်း ဂရုတစိုက်ပြောပေးပါဦးဗျာ။

-ဆပ်ရိပ်
၆.၄.၂၀

Comments