ကြက်ပေါင်ဖိနပ်တစ်ရံ
အဲ့ဒီအိမ်ကို ကျနော်တို့ ပထမဆုံးအကြိမ် ရောက်ခဲ့တဲ့နေ့ကို မှတ်မိပါသေးတယ်။ ညနေက သူ့ရဲ့ လက်ကျန်နေခြည်နွေးနွေးကို ကမ္ဘာကြီးအတွက် ဖြန့်ကျဲပေးနေတယ်။ နေဝင်ချိန်ကို ငေးနေတဲ့ ကျနော့်အတွက်တော့ နေရောင်ခြည်ခွဲတမ်းကို ပိုပြီး ရနေသလိုပါ။ ကျနော်ငေးနေတာကိုကြည့်ပြီး ခရီးသွားဖော် ကျနော့်သူငယ်ချင်းလည်း ကျနော့်ဘေးနား ရောက်လာတယ်။ ခဏနေတော့ သူ့ဆီကနေ လူချွန်လူကောင်း သီချင်းထဲက" ရှုမဆုံးတော့သည် စိမ်းလဲ့လဲ့နှစ်စဉ် လယ်ကွင်းတွေက တမျှော်တခေါ် စိုပြေလွင် " ဆိုတဲ့ တေးသွားအလိုက်နဲ့ လေချွန်သံကြားရတယ်။ သူ့အသံကိုနားထောင်ရင်း ရုတ်တရက် ကျနော် ပုလွေသံကို လွမ်းမိသွားတယ်။ ငယ်ငယ်က သီချင်းဗီဒီယိုတွေမှာ မြင်ခဲ့ဖူးတဲ့ ထန်းပင်ကိုမှီပြီး ထိုင်နေတဲ့ ဆွေးမြေ့မြေ့ လူတယောက်ရဲ့ ပုံရိပ်နဲ့ ငိုချင်စရာ တေးသံကို သတိရမိတာပါ။ လယ်ကွင်းတွေဟာ လေတိုက်တိုင်း ယိမ်းနွဲ့ပြီး အဝေးက တောင်စွယ်တွေမှာ မြူတွေ လှိုက်နေတယ်။ နေဟာ အနားယူတော့မယ်။ ညဦးပိုင်းရောက်တော့မယ်။ လူတွေရော အနားရကြပါရဲ့လား။
ဆိုင်ကယ်ပျက်သွားလို့ ဖြတ်သွားဖြတ်လာရှိပေမယ့် တခါမှ မဝင်နားဖူးတဲ့ ရွာတစ်ခုကို ကျနော်တို့ ရောက်နေကြတယ်။ ရွာဆိုပေမယ့် အိမ်ကြီးအိမ်ကောင်းတွေ မရှိတော့ပါဘူး။ ထန်းလက်တဲတချို့ ရှိမယ်။ နေဖြစ်ရုံ ဆောက်ထားတဲ့ အိမ်တချို့ရှိမယ်။ တချို့နေရာတွေမှာက မီးရှို့ခံထားရတဲ့အတွက် ငုတ်တိုပဲ ကျန်တဲ့ အိမ်တွေ ရှိတယ်။ တချိန်ကတော့ ဒီရွာဟာ မိသားစုတွေ စုံစုံလင်လင်နဲ့ စိုက်ကြပျိုးကြ၊ ကုန်ရောင်းကုန်ဝယ်လုပ်ကြ၊ ပြေလည်တဲ့အခါ အလှူအတန်းလေး လုပ်ကြနဲ့ ပုံမှန်ရွာတစ်ရွာ ဖြစ်ခဲ့မှာပေါ့လေ။
ခဏနေတော့ ဆိုင်ကယ်က ကြာဦးမှာမို့ ကျနော်တို့ အိမ်တစ်အိမ်ကို ဝင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အဓိကက ရေငတ်လို့ပါ။ ရေတောင်းသောက်ဖို့ပါ။ တနေကုန် သွားလာခဲ့ပြီး လိုရာလည်း မရောက်သေးတော့ စိတ်ထဲမှာ နွမ်းနေတယ်။ ခြေပစ်လက်ပစ် လှဲလျောင်းပစ်ချင်နေတယ်။ ကျနော်တို့ဖိနပ်မှာ ရွှံစေးတွေကပ်နေတယ်။ ယူနီဖောင်းကလည်း ရွှံ့စက်တွေ ဟိုတတို့ ဒီတတို့ ပေနေတယ်။ ညဦးပိုင်းရဲ့ ဖျော့တော့တော့လရောင်ကတောင် ကျနော်တို့ပုံစံကို ငေးကြည့်နေသလား မပြောတတ်ပါဘူး။
ဆိုင်ကယ်ပြင်ဆိုင်နဲ့ ခပ်လှမ်းလှမ်းမှာ အိမ်တလုံးတွေ့တယ်။ အိမ်ကလေးက ခပ်သေးသေးရယ်ပါ။ အပြင်က ကြည့်တာနဲ့တင် မိသားစုမများလောက်ဘူးလို့ ထင်ရတယ်။ အရင်ကတည်းက ဒီဒေသမှာက မြို့ပြလိုမဟုတ်ဘဲ မိသားစုဝင်များလေ အိမ်ကို ကြီးကြီးခန့်ခန့် ဆောက်တတ်ကြတာကိုး။ ကျနော်တို့ ခြံဝန်းကနေ အသံပေးကြည့်လိုက်တယ်။ တုံ့ပြန်မှုမရှိဘူး။ အရဲစွန့်ပြီး အိမ်ဝထိ ဝင်လိုက်ကြတယ်။ လူသူရှိလား အကဲခတ်ကြည့်တယ်။ အိမ်က သေးပေမယ့် သပ်သပ်ရပ်ရပ်ပါ။ ပရိဘောဂ ပစ္စည်းပစ္စယ များများစားစား မတွေ့ဘူး။ အိမ်ထဲဝင်ခါနီး ဖိနပ်ချွတ်တဲ့နေရာကို ဖုန်ရယ်လို့ တစက်မှ မရှိဘူးလို့ ထင်ရလောက်အောင် လှည်းကျင်းထားတယ်။ အိမ်အဝင်မှာ ဖိနပ်နှစ်ရံရှိတယ်။ တစ်ရံက ယောကျာ်းစီး ကြက်ပေါင်ဖိနပ်၊ တရံက ကျနော့်အဘွားစီးနေကျလို ယင်းမာဖိနပ်။
အသံထပ်ပေးလိုက်ပြီး ခဏနေတော့ အိမ်ထဲကနေ ခပ်နွမ်းနွမ်း အဘွားတစ်ယောက်ထွက်လာတယ်။ ကျနော်တို့ပုံစံကို တချက် အကဲခတ်တယ်။ ကျနော့်သူငယ်ချင်းက သူ့ကိုတွေ့တော့ " အမေကြီး သားတို့ ရေလေးသောက်ချင်လို့ပါ " လို့ ပြောလိုက်တယ်။ အဘွားရဲ့ မျက်နှာက ပြုံးသွားတယ်။ လှိုက်လှဲပျူငှာတဲ့အပြုံးပါ။
" အေး ဝင်ခဲ့ပါ့။ ခြေလက်ဆေးချင်ရင် နောက်မှာ ရေခပ်ထားတာရှိတယ်။ ခဏထိုင်နှင့်ဦး။ ရေက သိပ်မသန့်ဘူး။ ရေနွေးယူခဲ့မယ် " ဆိုပြီး ဘောက်ဆတ်ဘောက်ဆတ်နဲ့ အိမ်နောက်ဘက် ပြန်ဝင်သွားတယ်။
ဒါဟာ အဘွား ဒေါ်မြရီနဲ့ ပထမဆုံး တွေ့ကြဆုံကြတဲ့ နေ့က မှတ်ဉာဏ်ပေါ့။ ခဏနေတော့ ရေနွေးတအိုးနဲ့ အဘွားပြန်ရောက်လာတယ်။ ပျားရည်လို့ထင်ရတဲ့ ပန်းကန်တစ်ခုလည်း ပါလာတယ်။ ကျနော်တို့ ဘယ်ကလာ လည်း ဘယ်က သွားမှာလည်း မေးမြန်းပြီး စကားနည်းနည်းပြောဖြစ်ကြတယ်။ ခဏနေတော့ ခရီးဆက်ရဦးမှာမို့ နှုတ်ဆက်ပြီး ဆိုင်ကယ်ပြင်ဆိုင်ကို ပြန်လာခဲ့ကြတယ်။ အဘွားကတော့ တည်းသွားစေချင်ပုံရတယ်။ မတည်းလို့ ကျနော်တို့ကို ကရုဏာဒေါသော အပြစ်တင်ရှာတယ်။
ဒီလိုနဲ့ နောက်အခေါက်တွေလည်း ခရီးကြုံရင် ကျနော်တို့ အဲ့ဒီအိမ်ကို ဝင်ဖြစ်တယ်။ မုန့်လေးဘာလေး ကန်တော့ရင်း ဝင်နှုတ်ဆက်ကြတာပါ။ တခါတလေလည်း လနဲ့ချီမှ တခါရောက်တယ်။ တခါတလေလည်း လမ်းသင့်ရင် တပတ်ထဲ နှစ်ခါလောက်ရောက်ခဲ့ဖူးတယ်။ ရောက်တိုင်းလည်း ထိုင်နေကျနေရာမှာထိုင်၊ ရေနွေးတခွက်နှစ်ခွက်သောက်၊ တော်လှန်ရေးအကြောင်း ဟိုအကြောင်း ဒီအကြောင်း စပ်မိစပ်ရာပြောပြီး ခရီးဆက်ခဲ့ကြတာပါပဲ။ ရောက်တိုင်းလည်း အိမ်ကလေးက သန့်ရှင်းသပ်ရပ်ပြီး အိမ်အဝင်ဝ ဖိနပ်ချွတ်တဲ့နေရာကအစ လှည်းကျင်းထားတာပဲ။ ဖိနပ်ကလည်း အမြဲ နှစ်ရံပဲ။ အဘွားရဲ့ ဖိနပ်တစ်ရံ၊ ယောကျာ်းစီး ကြက်ပေါင်ဖိနပ်တစ်ရံ။ တစ်ခါတလေ စကားထိုင်ပြောကြရင်း တယောက်ယောက်ရှိသေးလားလို့ အကဲခတ်ပေမယ့် ဒေါ်မြရီတစ်ယောက်ထဲ နေပုံပေါ်ပါတယ်။ စကားပြောဖြစ်ကြပေမယ့် အဘွားဘဝအကြောင်း၊ မိသားစုအကြောင်း တခါမှ မကြားရဖူးဘူး။ များသောအားဖြင့် လက်ရှိ နိုင်ငံရေးအကြောင်း ကျနော်တို့ကို သူသိချင်တာမေးတာများပါတယ်။
" ဒေါ်မြရီအိမ်က သူတယောက်တည်းဟုတ်ပါ့မလား။ ဖိနပ်က နှစ်ရံအမြဲတွေ့တယ် "
" သူတစ်ယောက်တည်းဖြစ်မှာပါ။ ငါတို့ ဘယ်သူမှမှ တခြားတွေ့တာရယ် မရှိတာ။ ရေချိုးရင်သုံးတဲ့ ဖိနပ်လည်း ဖြစ်ချင်ဖြစ်မှာပါ့ "
ဘာမှမဟုတ်သလိုဆိုပေမယ့် စိတ်ထဲ ထင့်နေတဲ့ အကြောင်းအရာတစ်ခုကို တစ်ရက်မှာ လက်ဖက်ရည်သောက်ရင်း ရုတ်တရက် ကျနော်တို့ စူးစမ်းမိကြတာပါ။ အိမ်တအိမ်မှာ ဖိနပ်တရံအပိုရှိနေတာ ဘာမှ သိပ်ထူးထွေဆန်းပြားတာရယ်လည်းမဟုတ်။ ဒါပေမယ့်လည်း သိတော့သိချင်နေတယ်။ အဘွားအိုတစ်ယောက်အနေနဲ့ ဆေးပေးမီးယူ မှီခိုစရာရယ် မရှိဘဲ တစ်ယောက်တည်း အမြဲနေဖို့က လွယ်တော့မလွယ်လှဘူးထင်တယ်။ အဘွားအသက်ကလည်း ၇၀ လောက်ရှိနေပြီ။ ကျနော်တို့မှာလည်း စပ်စုတတ်တဲ့အကျင့်မရှိတော့ အဘွားအကြောင်း မမေးမမြန်းဖြစ်ခဲ့ပါဘူး။
တစ်ရက်တော့ အဲ့ဒီ အကြောင်းသိရဖို့ ဖန်လာတယ်။ မိုးတွေအရမ်းရွာတဲ့တစ်ရက် ကျနော်စီးနေတဲ့ဖိနပ်က ရွှံ့ထဲရုန်းရင်း သားရေကြိုးပြတ်သွားတယ်။ ကျန်တဲ့တဖက်နဲ့လည်း စီးရတာ အဆင်မပြေတာမို့ ထားခဲ့လိုက်တယ်။ ဖိနပ်ချောရင် ကစ်တံက နှိုးရခက်တာမို့ ဆိုင်ကယ်လည်း ကျနော်မမောင်းတော့ဘဲ ကျနော့်သူငယ်ချင်း နောက်ကနေ လိုက်လာခဲ့လိုက်တယ်။ လမ်းလည်းသင့်နေတော့ ဒေါ်မြရီတို့ရွာရောက်မှ တနည်းနည်းစီစဉ်မယ်ပေါ့လေ။
အဘွား ဒေါ်မြရီအိမ်ရှေ့ရောက်တော့ မိုးတွေက သည်းလိုက်တာ။ အိမ်ထဲဝင်ဖို့ လမ်းလျှောက်ရတာကို ချောနေတယ်။ ကျနော်တို့တစ်ကိုယ်လုံးလည်း ကြွတ်စုတ်တွေလို စိုရွှဲနေတယ်။ အဘွားက ကျနော်တို့ကိုမြင်တော့ တံစက်မြိတ်ကနေ စောင့်နေတယ်။ ပါးစပ်ကလည်း " နင်တို့မလို့ အတော်သွားနိုင်လာနိုင် ။ မိုးရွာထဲ လမ်းသလားနေသလားပဲ " လို့ တတွတ်တွတ်ပြောနေတယ်။ ကျနော်သူငယ်ချင်း မကြားချင်ယောင်ဆောင်ပြီး အိမ်ထဲက မီးဖိုနားကို ပြေးဝင်သွားတယ်။ ကျနော်ကတော့ ဖြစ်နိုင်ရင် အဝတ်အစားလဲချင်နေတယ်။
" အဘွား။ ဒီဖိနပ်လေးငှားလိုက်ပါ"
" ဘာကြီးတုန်း "
မိုးက ရွာနေတော့ ကျနော့်အသံကို အဘွားမကြားတာမို့ နည်းနည်းအော်ပြောရတယ်။
" ဖိနပ်ပြတ်သွားလို့ ။ ဒီဖိနပ်ငှားပေးလိုက်ဦးလို့။ နောက်တခေါက် ပြန်ယူလာခဲ့မယ် "
အဘွား ကျနော့်စကားကို ကြားတယ်။ ဘာကိုမှန်းမသိ သူတွေဝေနေတယ်။ တံစက်မြိတ်ကနေ လွင့်နေတဲ့ ရေစက်တွေက သူ့မျက်နှာကို ရိုက်နေတယ်။
" အေးအေး။ စီးသွားလိုက်ပါ့။ "
ရေလဲစရာပုဆိုးလည်းမပါတာမို့ ကျောပိုးအိတ်ထဲက အဝတ်အစားတစုံထုတ်၊ အိမ်သာဘက်ဝင်ပြီး ကျနော်လဲလိုက်တယ်။ ခဏနေမှ မီးဖိုထဲပြန်ဝင်လိုက်တယ်။ အဘွားရော ကျနော့်သူငယ်ချင်းရော မီးဖိုဘေးမှာ ထိုင်နေတယ်။ ခါတိုင်းလိုပဲ စကားတပြောပြောနဲ့ပါ။
" ဘယ်သူ့ဖိနပ်လဲအဘွား။ ကျနော့်ခြေထောက်နဲ့တောင် နည်းနည်းကြီးတယ် "။ မီးဖိုဘေးက သစ်သားခုံပုလေးပေါ် ဝင်ထိုင်ရင်း ကျနော်မေးလိုက်မိတယ်။
အဘွားက ချက်ချင်း မဖြေဘူး။ တငွေ့ငွေ့လောင်နေတဲ့ ထင်းတုံးကြီးကို ကြည့်နေတယ်။
" ငါ့သား ဖိနပ်ဟာ။ သေသွားတာ သုံးနှစ်လောက်ရှိပြီ "
ဘာလို့လဲ လို့ ကျနော်တို့ဆက်မေးသင့်ပေမယ့် မမေးမိဘဲ ထိုင်နေမိတယ်။ ခဏနေမှ အဘွားဆက်ပြောတယ်။
" ခွေးတွေကို တူမီးနဲ့ သွားပစ်တာလေ။ ငါတားပါတယ်။ နင်တို့မရဘူးနော်လို့။ အဲ့ဒီတုန်းက ကိုယ်က ဆိတ်၊ ကိုယ်က ဆင် လို့။ လုပ်မယ်ဆိုလည်း ကိုယ့်ဘက်က တောင့်တင်းမှ လုပ်ပါလို့ဆိုတာ မရဘူး။ တူမီးဆွဲပြီး ထွက်သွားတယ်။ ညနေ လေးနာရီလောက်ကြီး ထွက်သွားတာ။ ခြောက်နာရီမှာ သူ့သူငယ်ချင်း ကျတယ်။ ကိုးနာရီလောက်ကျ သူ့သတင်းငါ့ဆီရောက်လာတာပဲ။ အမေ့သား သေပြီတဲ့။ "
အဘွား ငိုနေသလား ကျနော်ကြည့်မိတယ်။ မငိုပါဘူး။ မျက်နှာကိုတင်းထားတယ်။ အဘွားမျက်နှာပေါ်မှာ မီးရောင်က တဖျတ်ဖျတ်အရောင်ဟပ်နေလို့ ပိုပြီးတင်းနေတယ်တောင်ထင်ရတယ်။
ရေစိုယူနီဖောင်းနဲ့ ထိုင်နေတဲ့ ကျနော့်သူငယ်ချင်းဘက်ကို သူကြည့်တယ်။
" ကိုယ့်ဝမ်းနဲ့ လွယ်မွေးထားတော့ ဝမ်းနည်းတာတော့ အားကြီးပဲ။ ဒီမိုကရေစီ ငါလည်း လိုချင်ပါ့ဟယ်။ ခွေးဆိုလည်း စက်ဆုပ်ပါတယ်။ ဒါပေမယ့် သားကိုတော့ ပြန်လိုချင်တာပါ့။ "
ကျနော့်သူငယ်ချင်း ခေါင်းငုံ့သွားတယ်။ ဖိနပ်ပေါ်တင်ထားတဲ့ ကျနော့်ခြေချောင်းတွေ ကြုံ့ဝင်နေသလို ခံစားရတယ်။ နံရံမှာ ထောင်ထားတဲ့ မောင်းပြန်သေနတ်တွေက ကျနော်တို့ကို ကြည့်နေတယ်။
နောက်တခေါက်ရောက်ဖြစ်တော့ ကျနော်ငှားသွားတဲ့ဖိနပ်လေးကို သေချာဆေးကြောပြီး အခြောက်ခံလို့ အိတ်ထဲထည့်သယ်လာပြီး အဘွားကို ပေးလိုက်တယ်။ အဘွားက သေချာလှည်းကျင်းထားတဲ့ ဖိနပ်ချွတ်နေရာမှာ အဲ့ဒီဖိနပ်လေးကို ချလိုက်တယ်။ ဘေးမှာ သူ့ဖိနပ်ရှိတယ်။ ပြီးမှ ဖိနပ်ချွတ်နေရာကို သေချာကြည့်ပြီး အားရပါးရပြုံးတယ်။
" ခုမှ ပြန်ပြီး ပြည့်စုံတော့တယ်။ အမေလည်း ဖိနပ်တရံတည်းဆိုတော့ တစ်ခုခုလိုနေတယ်ပဲ ခံစားနေရတာကွယ့်။
-ဆပ်ရိပ်
💔
ReplyDelete