ကြည်ပြာနု မန်မိုရီ

ကြည်ပြာနု မမ်မိုရီ

ဆွစ်ဇာလန်တောင်တန်းတွေကို ဘယ်သူဆေးခြယ်လဲ
ဒို့ဘဝတွေရဲ့ ပန်းချီဆရာကရော ဘယ်သူလဲ။

အဝေးကြီးမတွေးနဲ့တော့
မသေအောင်နေ
အနာဂတ်ကို မေ့လိုက်တော့
ဒီလိုပြောရင် ကိုယ့်ကို ရက်စက်သူလို့ မြင်ရင်မြင်ကြမယ်။ 

အစ္စရေးနဲ့ အီရန်ဟာ ဘာမှစောက်ရေးမပါဘူး
အိမ်ကို ပုံမှန် အဆက်အသွယ်လုပ်
လရောင်ကိုကြည့်ပြီး တချို့တွေ နေနိုင်လွန်းတယ်လို့ 
ခပ်တိုးတိုးရွတ်ဆို။

ပထဝီနိုင်ငံရေးကို ပစ်ချပြီး
မာခီယာဗယ်လီကို မေ့ပစ်လိုက်ပြီး
မြစိမ်းရောင်စပါးခင်းကြီးထဲ
ကိုယ်ပြေးထွက်သွားချင်နေတယ်။

ကိုယ်ဆွဲမိတဲ့ ရှုခင်းပုံကလည်း
အခုထိ တောင်တန်းနဲ့ ငှက်သုံးကောင်နဲ့
ကိုယ် တ မိတဲ့ ဘုရားတိုင်းကလည်း
အိမ်ကိုလွမ်းနေကြတယ်။


စိတ်ကူးနဲ့ စိုက်တဲ့ ပန်းပင်လေးတွေ
ရေမလောင်းဖြစ်ရင်လည်း ဝမ်းမနည်းပါနဲ့
တနေ့နေ့ တနေရာမှာတော့ 
စိမ်းလန်းသော မြက်ခင်းပြင်ကြီးရှိပါတယ်
ယုံကွယ်။


-ဆပ်ရိပ်
၅ ဇူလိုင်၊ ၂၀၂၅

Comments

Post a Comment