အုတ်ဂူနီတွေ မြင်ရင်တွေ့ရင်

အုတ်ဂူ‌နီတွေ မြင်ရင်တွေ့ရင်

တချို့အုတ်ဂူတွေက ကြယ်ဖြူတပွင့်ပါတယ်။ တချို့က ရိုးရိုးရှင်းရှင်းပဲ။ တချို့အုတ်ဂူက ဘယ်တိုက်ပွဲမှာ မြင့်မြတ်စွာကျဆုံး ဆိုတာ ပါတယ်။ တချို့အုတ်ဂူက နာမည်နဲ့ အသက်ပဲပါတယ်။ တချို့အုတ်ဂူကတော့ ဓာတ်ပုံတစ်ပုံကပ်ထားတယ်။ အုတ်ဂူတွေကို ခြံဝင်းလေးခတ်ပြီး ထားကြတာများပါတယ်။ ကျနော်မမြင်ဖူးတဲ့ တချို့နေရာတွေမှာဆို ရေအိုးစင်နဲ့ ခေါင်မိုးလေးနဲ့ လုပ်ပေးကြသတဲ့။ အိမ်ကိုစွန့်ခွာပြီး အိမ်ပြန်မရောက်တော့သူတွေအတွက် အိမ်လို့ခံစားရအောင် ကျန်ရစ်သူတွေက လုပ်ပေးကြတာပါ။

ကိုယ်တို့ဖြတ်သွားဖြတ်လာလုပ်နေကျ လမ်းပိုင်းတနေရာမှာ အုတ်ဂူအသစ် အတန်းလိုက်ကြီးရှိတယ်။ ကိုယ်တို့စိတ်ဖြောင့်လက်ဖြောင့်သွားနေတဲ့ လွတ်လပ်တဲ့လမ်းတွေဟာ ဒီလူတွေ ပေးခဲ့တာပါ။ ဒါဟာ ကဗျာစကားလုံး နမိတ်ပုံမဟုတ်ဘဲ တကယ်ကို သူတို့အသက်နဲ့ တိုက်ပေးခဲ့လို့ပါပဲ။ သူတို့ဟာ ပြီးခဲ့တဲ့ မြို့သိမ်းစစ်ဆင်ရေးမှာ ကျခဲ့တဲ့ရဲဘော်တစ်စုပါ။ လက်ဖက်ရည်သောက်ပြီး ပြန်လာရင် အဲ့ရှေ့က ဖြတ်ရတယ်။ ညနေဆိုရင် ရေချိုးပြီးပြန်လာရင် အဲ့နေရာရောက်ရင် လှည့်ကြည့်မိတယ်။ သက်သက်လှည့်ကြည့်တာလည်းဟုတ်တယ်။ ဘာကြောင့် ကိုယ်အသက်ရှင်နေလဲဆိုတာ မမေ့အောင်ပါ။ ဒီလူတွေဟာ ဒီဒေသက မဟုတ်ကြဘူး။ အခုတော့ သူတို့မွေးရပ်မဟုတ်တဲ့ နေရာတစ်ခုမှာ အနားရသွားကြပြီ။ 

အဲ့ဒီထဲကတစ်ဦးရဲ့ ပြာအိုးကို အုတ်ဂူဆီရောက်ဖို့ ကိုယ်သယ်ခွင့်ရခဲ့တယ်။ အဲ့ရဲဘော်ရဲ့နာမည်တစ်ခုပဲ ကိုယ်သိပါတယ်။ သူ့လို အသက်ပေးပြီး ပြည်သူကိုမကာကွယ်နိုင်ခဲ့တဲ့ လူတစ်ယောက် မဟုတ်ခဲ့တဲ့အတွက် အဲ့ဒီပြာအိုးကို လေးလေးနက်နက် ကိုင်ခဲ့ပါတယ်။ ဆိုင်ကယ်နောက်ကလိုက်ရင်း ကောင်းကင်ကို မော့ကြည့်တော့ အောက်ချင်းငှက်တစ်ကောင် ပျံသွားတာတွေ့လိုက်ရတယ်။ ဓာတ်ပုံထဲမှာပဲမြင်ဖူးတဲ့ အောက်ချင်းငှက်ကလေးတစ်ကောင်။ ချင်းပြည်မဟုတ်တဲ့ နေရာတစ်ခုမှာ အဲ့ဒီငှက်ကလေးဟာ ဘာလုပ်နေပါလိမ့်။ ငယ်ငယ်က ရုပ်ရှင်ထဲမှာပဲ ကိုယ်မြင်ဖူးခဲ့တဲ့ စစ်ပွဲဆိုတဲ့အထဲမှာ ကျခဲ့တဲ့ လူတစ်ယောက်ကတော့ အမှုန်တွေဖြစ်သွားခဲ့ပြီ။ သူ့အရိုးပြာဟာ မလေးလံပါဘူး။ သူ့ဘဝဟာ ပေါ့ပါးခဲ့ပါရဲ့လား။ 

တချို့အုတ်ဂူနီတွေက သွားနေကျ မဟုတ်တဲ့လမ်းမှာမို့ တခါတလေမှ တွေ့ရတာရှိတယ်။ ဆိုင်ကယ်အရှိန်ကြောင့်ရော ဆေးသားတွေ မှိန်ဖျော့နေတတ်တာကြောင့်ရော အုတ်ဂူကစာကို မနည်းလှမ်းဖတ်ရတယ်။ အဲ့တော့ ဖျတ်ခနဲမြင်ရတဲ့ အမြင်အာရုံမှာ အမြန်ဆုံးမြင်ရတာက၊ ဦးနှောက်က အမြန်ဆုံးသိလိုက်နိုင်တာက ကိန်းဂဏန်းတစ်ခုပဲ။ ရဲဘော်____ အသက် (၂၁) နှစ်။ ဟုတ်တယ်။ တချို့က ၁၈ နှစ်။ တချို့က ၂၁ နှစ်။ တချို့က ၂၅ နှစ်။ နောက်လဆို ကိုယ့်အသက် ၂၇ ပြည့်ပါပြီ။ အုတ်ဂူတွေမှာ မြင်ရတဲ့ ဂဏန်းအများစုက အဲ့ထက် နည်းပါတယ်။ 

ဒီလူတွေထဲမှာ ဖက်ဒရယ်ဆိုတာ ဘာမှန်းတောင်မသိတဲ့လူပါမယ်။ အရက်အရမ်းကြိုက်တဲ့လူပါမယ်။ ဘာရာထူး၊ ဘာဝန်ကြီးမှ မရချင် မသိချင်သူပါမယ်။ လူတစ်ယောက်ဟာ တစ်ခုခုကို ချစ်တဲ့အခါ သူအဆုံးစွန်ပေးနိုင်တဲ့အရာဟာ အသက်ပါပဲ။ လူတွေဟာ ကိုယ့်ကိုယ်ကိုအချစ်ဆုံးလို့ တစ်ယောက်ယောက်ကပြောတိုင်း အဲ့ဒီ အုတ်ဂူပေါ်က အသက် တွေကို ကိုယ်သတိရနေဦးမယ်။ အုတ်ဂူထဲမှာ အနားရသွားတဲ့လူတွေဟာ ကိုယ့်ကိုယ်ကိုထက် ဘာကိုပိုချစ်ခဲ့ကြလဲ။ ဘာလို့များ ပိုချစ်နိုင်ခဲ့ကြလဲ။ ဘာကြောင့် ဒီလောက်ထိ သတ္တိရှိနိုင်ကြလဲ။ သေချာတာက သူတို့ဟာ အလေးပြုခံရတာကို ရှက်မယ့်သူတွေ။ အာဇာနည်သူရဲကောင်းလို ကင်ပွန်းအတပ်ခံဖို့ ဘယ်တော့မှ မခံယူမယ့်လူတွေ။ အထောက်အပံ့သာပေး၊ မသေသရွေ့ စစ်နိုင်အောင် တိုက်ချင်သူတွေပါ။ လူငယ်ဘဝကနေ စစ်သားကြီးဘဝကို တရွေ့ရွေ့ ရွေ့လျားခဲ့သူတွေပါ။

လူငယ်ပိုင်းနဲ့ပဲ ကုန်ဆုံးသွားခဲ့တဲ့ သူတို့အသက်တွေအတွက် ဆက်နေခွင့်ရနေတဲ့ကိုယ်တို့က အနည်းဆုံးတေ့ာ သေသွားတဲ့လူတွေ သေရကျိုးနပ်အောင် ပိုပြီး အားစိုက်သင့်လှပါတယ်။ လွတ်မြောက်နယ်မြေက ကိုယ်တို့ရှင်နေတဲ့အသက်တွေဟာ သေသွားတဲ့လူတွေရဲ့ အသက်နဲ့ ပြဌာန်းထားတယ်လို့ထင်တယ်။ ကိုယ်တို့အသက်ဟာ ကိုယ်တို့အပိုင်မဟုတ်တော့ဘူး။

ပုံမှန်ဆိုရင် သင်္ချိုင်းဆိုတာ၊ အုတ်ဂူဆိုတာ ခြောက်ခြားစရာနေရာပါ။ ဒါပေမယ့် အဲ့ဒီအုတ်ဂူနီတွေဟာ သင်္ချိုင်းကုန်းတစ်ခု သုသာန်တစ်ခုလို့ မခံစားရစေဘူး။ တစ္ဆေသရဲဒဏ္ဍာရီတွေ ရောယှက်ပြီး ခြောက်ခြားစရာနေရာတစ်ခု ဘယ်တော့မှ ဖြစ်မလာဘူး။ ဝမ်းနည်းမှု စွပ်နေတဲ့ လုံခြုံမှုကိုသာ ပေးတယ်။ သုသာန်တစပြင်နေရာဟာ ကြောက်စရာဆိုတဲ့ရိုးရာယုံကြည်မှုစည်းကို သူတို့ရဲ့ လူထုအတွက် အသက်အပ်နှင်းမှုက ချိုးဖျက်ပစ်ခဲ့တာပါပဲ။ 

-ဆပ်ရိပ်
‌၂၉၊မေလ၊၂၀၂၅

Comments

  1. ဝမ်းနည်းမှု စွပ်နေတဲ့ လုံခြုံမှုကိုသာ ပေးတယ်..😞💔

    ReplyDelete

Post a Comment