ကြောင်

ကြောင်

( ၁ )

ကြောင်တွေကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူး။ မကြိုက်ခဲ့ဘူးလို့ပြောရင် ပိုမှန်လိမ့်မယ်။ ကိုယ့်ကို ဘာမှမလုပ်တဲ့ သတ္တဝါတကောင်ကို မချစ်ဘူးပြောဖို့က သိပ်မဟုတ်သေးပါဘူးလေ။ ဒါပေမယ့် ဒါက သူတို့ကို မုန်းတယ်လို့လည်း မဆိုလိုဘူး။ သူများကြောင်အနေနဲ့တော့ မြင်နေတွေ့နေရတာ အဆင်ပြေပါတယ်။ တွေ့တဲ့အခါ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်၊ ချီချင်ရင် ကောက်ချီလိုက်ရှိသပေါ့။ ကိုယ့်ရဲ့ကြောင်အနေနဲ့ တချိန်လုံးမွေးထားရမှာကို မကြိုက်ခဲ့တာ။ အဲ အရင်ကပေါ့လေ။ 

ဆိုပေမယ့် လူတွေရဲ့ အတွေးအခေါ်၊ အယူအဆနဲ့ ခံယူချက်တွေက အချိန်နဲ့အမျှ ရွှေ့လျားပြောင်းလဲနေတတ်တယ်မှတ်လား။ ကိစ္စတွေက မှတ်မှတ်ရရ မနှစ်က မေလက စခဲ့တာ။ တိတိကျကျပြောရရင် ညနေနွေခပ်နွမ်းနွမ်းက တိမ်တွေကြားထဲတိုးဝင်ပျောက်ကွယ်နေတဲ့အချိန် တက္ကသိုလ်ရိပ်သာလမ်းပေါ်က တက္ကစီတစ်စီးပေါ်မှာ။

( ၂ )

ကြောင်တွေကိုမကြိုက်ဘူးလို့ ပြောတဲ့အခါ တော်တော်များများတန်းထင်ကြတာက " ဒီလူက ခွေးချစ်သူပဲ " ဆိုတာမျိုးဖြစ်မယ်ထင်တယ်။ ဟုတ်လည်းဟုတ်ပါတယ်။ တိရစ္ဆာန်မွေးတယ်ပြောလိုက်ရင် ခွေးချစ်သူလား ကြောင်ချစ်သူလားဆိုတာက ပြောစရာကိစ္စရပ်တစ်ခုကိုး။ 

ကိုယ့်အတွက်လည်း တသက်လုံးခွေးတွေကိုပဲ ချစ်လာမွေးလာခဲ့တာ။ ခွေးနှစ်ကောင်ကို ဆယ်စုနှစ်နှခုစာလောက် မွေးဖူးတယ်။ သူတို့ကို ကိုယ့်ရဲ့မိသားစုဝင်တယောက်လို လိုလေသေးမရှိကျွေးမွေးစောင့်ရှောက်ဖူးတယ်။ ကိုယ့်ရှေ့မှာတင် သူတို့သေကြေပျက်စီးကုန်တာကို မြင်ခဲ့ရဖူးတယ်။

မှတ်မှတ်ရရ " ရီတာ " ဆိုတဲ့ခွေးမလေးတုန်းက အသိမိတ်ဆွေတွေက တိုက်တွန်းတာနဲ့ သားဖောက်ပေးလိုက်မိတယ်။ အဲ့ခွေးသေးသေးလေးဟာ သူ့ခန္ဓာကိုယ်လေးနဲ့ ကိုယ်ဝန်ရှိတာ၊ သားမွေးရတာကို ခံနိုင်ရည်ရှိပုံမပေါ်ဘူး။ ခွေးပေါက်ကလေး (၄) ကောင်ကို ခက်ခက်ခဲခဲမွေးပြီးတဲ့နောက် ကိုယ့်မျက်စိရှေ့မှာပဲ အသက်ကုန်ရရှာတယ်။ သူမွေးခဲ့တဲ့ ကလေးလေးတွေကတော့ တုတ်တုတ်ခဲခဲလေးတွေရယ်။ နောက် တလနှလအတွင်း အကောင်ကြီးလာကြတယ်။ 

ဒါပေမယ့် (၃)လကျော်တဲ့တစ်ရက်မှာ အဲ့ဒီခွေးလေးကောင်လုံး ဝမ်းသွားရင်သွေးပါတဲ့ရောဂါနဲ့ မချိမဆံ့ကွယ်လွန်ရှာတယ်။ ဝဖြီးနေတဲ့ ခွေးပေါက်လေးတွေရဲ့ ခန္ဓာကိုယ်ဟာ လေလျှော့ခံရတဲ့ပူဖောင်းတွေလို ပြားချပ်ပိန်ကပ်ပြီး နံနံစော်စော်နဲ့သေကုန်ကြရှာတာ။ ဆရာဝန်ဆီသွားတာလည်း အခေါက်ခေါက်အခါခါ။ နောက်ဆုံးဘယ်လိုမှမတတ်နိုင်တဲ့အခါမှာတော့ အိမ်ပြန်ခေါ်လာပြီး အသက်ထွက်တဲ့အခါ ငြင်ငြင်သာသာရှိဖို့ ပွတ်သပ်ပေးနေရုံပဲ လုပ်ပေးနိုင်တော့တယ်။ သူတို့နာမည်တွေကိုခေါ်တဲ့အခါ အားမရှိတော့တဲ့ မျက်လုံးတွေကို အစွမ်းကုန်ပင့်ကြည့်ပြီး တုံ့ပြန်ကြပါသေးတယ်။ ကိုယ်မွေးထားတဲ့သံယောဇဉ်တွေ ကိုယ့်ရှေ့တင် တဖြုတ်ဖြုတ်သေကုန်တာ တော်တော်ပူလောင်တဲ့ခံစားချက်ပဲ။ စိတ်နဲ့ကိုယ်နဲ့ဆက်ထားတဲ့ကြိုးတွေ တထောင်းထောင်းပြတ်ကုန်သလို နောက်ထပ်တပတ်နှပတ်လောက် ဘာမှလုပ်ဖို့ကိုင်ဖို့အားမရှိဘူး။

" ရီတာ " နဲ့ သူ့သားသမီးတွေဟာ နောက်ဆုံးမွေးဖူးတဲ့ကောင်တွေပဲ။ သူတို့သေတော့ အမေက မျက်ရည်တစမ်းစမ်းနဲ့ " နောက် ဘာမှမမွေးပါနဲ့တော့ သားရယ်။ သံယောဇဉ်တွေက ပူပါတယ် " လို့ ခပ်လေးလေးပြောတယ်။ ကိုယ်လည်း "ရီတာ" နဲ့  သူ့ကလေးတွေမြုပ်ထားတဲ့နေရာကို နေဝင်တဲ့အထိ ထိုင်ကြည့်နေခဲ့တယ်။

( ၃ )

ကြောင်တွေနဲ့ ပတ်သတ်တဲ့ကိစ္စကျတော့ တမျိုးတဘာသာ။ တကယ်က ကြောင်တွေကို မွေးခဲ့ဖူးတာမဟုတ်။ မွေးဖို့လည်း စိတ်ကူးမရှိ။ ကြောင်တွေနဲ့ပတ်သတ်လို့ ကြားရတာတွေကလည်း ကောင်းတာရယ်လို့မရှိပြန်။ နေရာတကာ အီအီးပါတယ်၊ သခင်တွေနေမကောင်းရင် အိမ်ကနေထွက်ပြေးတတ်တယ်၊ လူကိုမခင်ဘူး စသဖြင့် စကားအမျိုးမျိုးကြားဖူးသမျှဟာ မကောင်းတဲ့ဘက်ကပဲ ကြားရတာများတယ်။ 

ဒီစကားတွေကိုလည်း ဟုတ်မဟုတ်မစဉ်းစားတော့ပဲ လက်ခံလိုက်ကြတာများတယ်။ ဘယ်သူမှလည်း ကြောင်မွေးဖို့ကိစ္စလောက်ကို တကူးတကအရင်မွေးကြည့်၊ သုတေသနအထပ်ထပ်လုပ်ကြည့်ပြီး " လူတွေပြောကြတာ မှားသဟေ့။ ကြောင်တွေက တအားလိမ္မာတယ်။ ငါဒီကောင့်ကိုမွေးမယ် " ဆိုတာမျိုး လုပ်ကြမှာမှမဟုတ်ပဲ။ ဆိုတော့ " ကြောင်တွေက မကောင်းဘူးဟေ့ " လို့ တယောက်ယောက်ကပြောတဲ့အခါ " ဟုတ်မယ်။ အဲ့ဒါကြောင့်ခွေးပဲမွေးတာ " လို့ အလိုက်သင့်ပြန်ပြောခဲ့ဖူးတယ်။ အဲ့ဒီလိုပြန်ပြောတာကိုများ "အီချီရို" ကြားရင် သူအိပ်နေတဲ့စက္ကူပုံးထဲကနေထလာပြီး လက်သည်းနဲ့ကုပ်မလားမပြောတတ်။ 

အီချီရို ဆိုတာက အင်းလျားလမ်းမှာ ကောက်ရခဲ့တဲ့ကြောင်ကလေး။ ဂျပန်နာမည်နဲ့ဆိုရင် "တဦးတည်းသောသား" လို့ အဓိပ္ပါယ်ရတယ်။ ဂျပန်စကားတတ်လို့တော့ မဟုတ်ဘူး။ ဂျပန်စာ မတောက်တခေါက်တတ်နေတဲ့သူငယ်ချင်းတယောက်ကို ကိုယ်ပေးချင်တဲ့နာမည်မေးလိုက်တာပဲ။ ကြောင်အနေနဲ့ကတော့ စကားတွေဘာတွေများပြောတတ်ရင်  ဒီလောက်ပူလောင်အိုက်စက်နေတဲ့ အပူပိုင်းနိုင်ငံတစ်ခုမှာ သူ့ကို ဘယ်နှယ့်ကြောင့် ဂျပန်နာမည်ပေးရသလဲလို့ ဘုတောတောချင်တောနိုင်တယ်။ 

အီချီရို အိမ်ကိုရောက်လာတော့ အကောင်သေးသေးလေးရယ်။ သေးသေးလေးမှ လက်သီးဆုပ်ထက် နည်းနည်းလေးပဲကြီးတယ်။ နို့ဘူးဖျောက်တိုက်ပြီး အသက်ရှင်မှရှင်ပါ့မလားလို့ ရင်တမမနဲ့မွေးရတယ်။ ကိုယ်တော်ချောကလည်း ချူချာလိုက်တာမှ အမြဲလိုလို။ " နောက်ဘာမှမမွေးပါနဲ့တော့ သားရယ် " လို့ပြောခဲ့တဲ့အမေက အီချီရိုကို ထည့်ထားတဲ့ စက္ကူပုံးလေးကိုဖွင့်လိုက်တော့ " ဟဲ့ " လို့ အာမေဋိတ်ပြုတယ်။ ပြီးတော့ သူ့မျက်နှာက သစ်သီးမှည့်ကြီးတလုံးလို ရင့်မှည့်ပြီး တဖြည်းဖြည်းပြုံးရွှင်လာတယ်။ သူ့လက်ထဲမှာ ကြောင်ပေါက်လေးကို တယုတယပွေ့ချီတယ်။ အဲ့ဒီနေ့ကစပြီး အမေဟာ အီချီရိုကို " သား " လို့ပဲ ခေါ်တော့တယ်။ နာမည်တောင် ဘယ်တော့မှတပ်မခေါ်ဘူး။ လူတွေများ နားလည်ရမခက်ဘူးလား။


( ၄ )

လူဆိုတာ အထီးကျန်တတ်တဲ့ သတ္တဝါပဲ။ အထီးကျန်တယ်။ အတွေးလွန်တယ်။ လိုအင်တွေများတယ်။ နားလည်ရခက်တယ်။ လူတွေက ချစ်ချင်တယ်။ အချစ်ခံချင်တယ်။ ကိုယ့်ကို အသိအမှတ်ပြုတာ၊ အလေးအနက်ထားတာကို သဘောကျတယ်။ ကိုယ်ကောင်းသလောက် ကိုယ့်ကိုပြန်ကောင်းစေချင်ကြတယ်။ တုံ့ပြန်မှုကောင်းတာတွေကိုပဲ ခံယူချင်ကြတယ်။ ဟုတ်တယ်မို့လား။

ဒီစိတ်နေသဘောထားတွေက ခွေးတွေကြောင်တွေမွေးတဲ့အခါမှာ သွားပြီးသက်ရောက်နေတယ်လို့ ကျနော်တော့ထင်တာပဲ။ ထင်တယ်ဆိုတာက အထင်သက်သက်ပါပဲ။ ( ၁၀၀ ) ရာခိုင်နှုန်းတိကျတဲ့ အချက်အလက်တော့ မဟုတ်ဘူးပေါ့။

ဆိုကြပါစို့။ ခွေးနဲ့ကြောင်နဲ့ယှဉ်လိုက်တဲ့အခါ ခွေးတွေက ပိုပြီးနှစ်လိုဖွယ်ကောင်းတယ်။ အမြဲပွတ်သီးပွတ်သပ်လုပ်မယ်။ သစ္စာအရမ်းရှိယ်။ ဗိုက်ပွတ်ပေးရင် တနေ့လုံးလည်း ငြိမ်နေနိုင်မယ်။ အချိန်တိုင်း တက်ကြွနေမယ်။ " ဟူးမန်း ဟိုအပင်နား သွားရအောင် " " ဟူမန်း အဲ့ဘောလုံးလေးပစ်လိုက်လေ။ အမိဖမ်းပြီး အိမ်ကို (၅) ပတ်လောက် ပတ်ပြေးပြမယ် " " ဟူးမန်း ထတော့ ထတော့ " ဆိုပြီး အမြီးတဖျတ်ဖျတ်နဲ့ မျက်နှာကို လျှာနဲ့လိုက်လျက် စသဖြင့် ခွေးတွေရဲ့ ပျော်တတ်ပုံမြူးတတ်ပုံဟာ ပြောလို့ကုန်နိုင်မယ်မထင်။

ကြောင်တွေကတော့ ဘာသိဘာသာနေကြတာမျိုးလေ။ အိမ်မှာ သူ့ကိုမွေးထားတာနဲ့ မတူပဲ သူက အိမ်ကိုရှာကျွေးနေရတဲ့မျက်နှာပေးနဲ့။  တနေ့လုံးနေမှ လူတွေအနား တခါမကပ်။ အပြင်လျှောက်သွားလိုက်၊ ကြမ်းပြင်ပေါ်မှာ ခွေခွေကြီးအိပ်နေလိုက်၊ ကြောင်အိမ်ပေါ်မှာ ဆန့်ဆန့်ကြီးလှဲနေလိုက်။ ပွတ်သီးပွတ်သပ်လုပ်ဖို့ဆိုတာဝေလာဝေး။ သူစိတ်လိုလက်ရရှိရင်တော့ အလုပ်လုပ်နေသောဘာသောနားမလည်ပဲ စာအုပ်ပေါ် ၊ အိပ်ယာပေါ် ဖုတ်ကနဲ မထတမ်းတက်အိပ်နေတတ်သေးတယ်။ အိပ်ရေးမဝသလို လေးလံတဲ့မျက်လုံးကြီးတွေနဲ့။

ဒီတော့ ခွေးချစ်တဲ့သူတွေအနေနဲ့ ကြောင်တွေရဲ့ စိမ်းကားချေမိုးတဲ့ အမူအရာအကျင့်စရိုက်များကို လက်မခံနိုင်ဘူးဆိုရင် ဒါက နားလည်ပေးနိုင်စရာကောင်းတဲ့အချက်ပါပဲ။ ကိုယ်ကချစ်ချင်၊ အချစ်ခံချင်လို့ မွေးပါတယ်ဆို အကောင်က ခေါင်းတောင်အပွတ်မခံပဲ လျှောက်သွားနေတယ်ဆိုတာမျိုးပေါ့။ အိမ်မွေးတိရစ္ဆာန်မွေးတယ်ဆိုတာဟာ ကိုယ့်ဘဝထဲကို အစိတ်အပိုင်းတခုပေါင်းထည့်တာနဲ့တူပါတယ်။ ခွေးမွေးတာကတော့ အဲ့ဒီအစိတ်အပိုင်းက ကိုယ်နဲ့တသားတည်းဖြစ်တယ်။ ကြောင်မွေးတာကတော့ ကိုယ်မပိုင်တဲ့သဘောၤကို ဆီထည့်ပေးနေရတာနဲ့တူတယ်။ သူ့ဘာသာထွက်သွားလိုက်၊ ကိုယ်ကကြည့်နေလိုက်၊ အချိန်တန်ရင်ကျွေးတာစားလိုက်နဲ့ ဟုတ်နေတာပဲ။

အပေါ်ကပြောခဲ့တဲ့ကြောင်တွေအကြောင်း၊ ခွေးတွေအကြောင်း၊ ကြောင်ချစ်သူခွေးချစ်သူတွေအကြောင်းက ကိုယ့်အထင်သက်သက်ပါ။ အထင်ဆိုတော့လည်း ( ၁၀၀ ) ရာခိုင်နှုန်းတိကျတဲ့ အချက်အလက်တော့ မဟုတ်ဘူးပေါ့။

( ၅ )


ငယ်ငယ်က ဝမ်းကွဲအကိုတယောက်ရဲ့ တိုက်ခန်းဆီ သွားလည်ခဲ့ဖူးတယ်။ အဲ့အကိုဆီမှာ ကြောင်တကောင်မွေးထားတယ်။ ကြောင်က မီးခိုးရောင်။ အကောင်က ဝက်ပေါက်တကောင်လို တုတ်တုတ်ကြီး။ အကိုက ပန်းချီဆွဲတဲ့သူမို့ သူ့တိုက်ခန်းထဲမှာ ဆွဲလတ်စကားတွေ၊ ဖရိုဖရဲဆေးဘူးတွေ၊ ဆွဲပြီးတဲ့ကားတွေ၊ ပြန့်ကျဲနေတဲ့အသုံးအဆောင်တွေ ရှိနေတတ်တယ်။ ကြောင်ကတော့ များသောအားဖြင့် ယိုင်နေတဲ့စာအုပ်စင်ရဲ့ ဒုတိယထပ်မှာ အိပ်နေတာချည်းပဲ။ သူ့ကိုယ်ကို တနေရာနဲ့တနေရာသယ်ဖို့တောင် ရပ်ကွက်က အကူအညီတောင်းရမယ့်ပုံစံပေါက်တယ်။

အဲ့ဒီတုန်းက အကို့ကို ကျနော်မေးခဲ့တယ်။ " ခွေးမွေးရတာ ပိုပျော်စရာမကောင်းဘူးလား။ ကြောင်က ကြည့်တာနဲ့တင် ပျင်းစရာကြီး " လို့။

အကိုက " မပျော်ချင်ပါဘူးကွာ။ ခွေးတွေက တအား အန်နာဂျီများလွန်းတယ်။ ငါက အေးဆေးနေချင်တာဆိုတော့ အဲ့ဒါတွေ မခံစားနိုင်ဘူး။ ကြောင်က အေးဆေးပဲ။ ငါ့လည်း အဖက်မလုပ်ဘူး။ ငါလည်း ငါ့အလုပ်နဲ့ငါမို့ သူ့ကိုအဖက်မလုပ်နိုင်ဘူး။ ဒါပေမယ့် ငါတို့နှယောက်က တယောက်မရှိရင် တယောက်အဆင်မပြေဘူးဆိုတာလည်း သေချာတယ်။ ပြောစရာမလိုတဲ့ နားလည်မှုအသိအမှတ်ပြုမှုတခု ငါတို့ကြားမှာ ရှိတယ်။ တယောက်ဘဝတယောက် ပေါ့ပေါ့ပါးပါးမျှဝေနေတာမျိုးပေါ့။ သစ္စာတွေ၊ဝတ္တရားတွေ၊ ကျေးဇူးတရားတွေ ဘာမှမရှိဘူး။ အဲ့ဒါက ငါ့အတွက် ပိုအဆင်ပြေတယ်လေ " တဲ့။

အဲ့ဒီတုန်းကတော့ သူပြောတာတွေ ရေရေရာရာဘယ်နားလည်ပါ့မလဲ။ ကြောင်ကတော့ နားလည်သလားမပြောတတ်။ စာအုပ်စင်ပေါ်ကနေ ပျင်းကြောဆန့်ပြီး သမ်းဝေပြနေတယ်။

( ၆ ) 

အိချီရို ကို စတွေ့တုန်းက တက္ကစီတစီးပေါ်မှာရယ်။ မြန်မာပလာဇာရှေ့ကနေ နေဝင်ချိန်ကိုငေးပြီး စိတ်ကူးယဉ်လမ်းလျှောက်လာရင်း ခြေထောက်ခေါက်သွားတာနဲ့ တွေ့တဲ့တက္ကစီတစီး လှမ်းတားလိုက်ရတယ်။ ကားပေါ်ရောက်တော့ ခရီးသည်ထိုင်ခုံပေါ်မှာ စက္ကူပုံးတပုံးရယ်။ အထဲမှာ အိပ်နေတဲ့ကြောင်သေးသေးလေးတကောင်ရယ်။

အံသြသွားတာနဲ့ ကားဆရာကို " သူ့ကြောင်လား " လို့ မေးတော့ သူအံ့သြသွားတာမြင်ရတာနဲ့ ကိုယ့်မှာပိုအံ့သြရတယ်။ ပြီးတော့ ကားဆရာက " ခုနက ကလေးမလေးတယောက် ကျန်ခဲ့တာတူပါတယ်ကွာ"လို့ပြောပြီး အိုးတိုးအမ်းတမ်းလုပ်နေတယ်။ စိတ်လည်းရှုပ်နေပုံရတယ်။ ဒီကြောင်ကိုဘယ်နားထားခဲ့ရပါ့လို့ စဉ်းစားနေပုံလည်းရတယ်။ ကိုယ်က " ဒါဆို ကျနော်မွေးလိုက်တော့မယ် " လို့ပြောတဲ့အခါကျ သူကထီပေါက်တဲ့မျက်နှာကြီးနဲ့ " အေး ကောင်းတာပေါ့ " တဲ့။ ဒီလိုနဲ့ပဲ ကြောင်တကောင်မွေးဖြစ်သွားတယ်ဆိုပါတော့။

ကြောင်တကောင်အိမ်မှာရှိနေတာများတော့လည်း ဝမ်းကွဲအကိုပြောခဲ့တဲ့ ဆက်နွယ်မှုကို ရေးတေးတေးနားလည်စပြုလာတယ်။ အပြန်အလှန် တွတ်တီးတွတ်တာလုပ်နေချိန်နည်းပေမယ့် အိမ်ပြန်ရောက်ရင်တော့ ကြောင်ကိုအရင်ခေါ်တယ်။ တခုခုကျွေးတယ်. သူပဲ လူစကားနားလည်သလိုလိုနဲ့ စကားတွေပြောတယ်။ စိတ်ညစ်နေတဲ့အခါတော့ အခန်းတံခါးပိတ်ပြီး ကြောင်ကို စားပွဲပေါ်ခေါ်ထားလိုက်တယ်။

သူလည်း သူ့ဘာသာအိပ်နေရင်း ကိုယ့်ကိုအဖက်မလုပ်ဘူးဆိုပေမယ့် အခန်းထဲမှာ သက်ရှိတကောင်ကို မြင်နေရတာ၊ အထူးသဖြင့် ကိုယ့်ရှေ့မှာ ကြီးပြင်းလာတဲ့သံယောဇဉ်တခုကို မြင်ရတာက ဘယ်လိုစိတ်သက်သာရာရစေမှန်းမသိဘူး။ ကိုယ်တယောက်တည်းမဟုတ်ဘူး ဆိုတဲ့ခံစားချက်လို့ပြောရမလား။ ကိုယ့်ကိုလည်း ဘာစိတ်အနှောင့်အယှက်မှ မပေးဘူး။ အီချီရိုသာ မရှိတော့ရင် အိမ်မှာ ကွက်လပ်ကြီးတခုဖြစ်သွားလိမ့်မယ်။ ရှေ့က မရှိတော့တဲ့ခွေးတွေလိုပဲ အဲ့ဒီကွက်လပ်ကို အချိန်တွေအကြာကြီးသတိတရနဲ့ဖြည့်ရလိမ့်ဦးမယ်။ အဆုံးမတော့ သံယောဇဉ်တွေ ချစ်ခြင်းမေတ္တာတွေဟာ နွေးထွေးအေးမြတယ်ကိုး။ မဆုံးရှုံးရခင် အထိပေါ့လေ။


( ၇ )

တညတော့ ကိုယ့်အဘွားအသည်းအသန်ဖြစ်တယ်။ ညတွင်းချင်းကြီး ဆေးရုံပို့ဖို့စီစဉ်ကြရင်း ကိုယ့်ကိုတော့ အိမ်စောင့်အနေနဲ့ထားခဲ့တယ်။

အိပ်ခန်းထဲမှာနေရင်း ကိုယ့်ရင်တွေပူနေတယ်။ ကိုယ့်အဘွားက ကိုယ့်ကိုဘယ်လောက်ချစ်တယ်ဆိုတာ သိနေတာကိုး။  ထိုင်ရမလို၊ ထရမလို၊ အနီးဆုံးဘုရားကို ဆုတောင်းရမလိုနဲ့ လူက အိပ်ရာပေါ်မှာ လှဲနေပေမယ့် စိတ်က ဂဏာမငြိမ်ယောက်ယက်ခပ်လို့နေတယ်။ 

ဖုန်းလှမ်းဆက်ပြီး အခြေအနေမေးဖို့လည်း လူကြီးတွေအလုပ်ရှုပ်နေမှာအားနာရတယ်။ အီချီရိုကို ကြည့်လိုက်တော့ စားပွဲပေါ်ကနေ ကိုယ့်ကိုကြည့်နေတာကို ထူးထူးဆန်းဆန်းတွေ့ရတယ်။

" အဆင်မပြေဘူးကွာ " လို့ သူ့ကိုကြည့်ပြီး တိုးတိုးလေးပြောလိုက်တယ်။ အီချီရိုက " မြောင် " လို့ အသံတချက်ပေးပြီး စားပွဲပေါက်နေ အိပ်ယာပေါ်ကို ဖျတ်ခနဲခုန်ဆင်းလာတယ်။ ကိုယ့်ခြေထောက်တွေပေါ် ခွေခွေလေးအိပ်နေတယ်။

အဲ့ဒီတည်းက ကြောင်တွေမကောင်းကြောင်း တယောက်ယောက်ကပြောလာရင် အလိုက်သင့်ပြန်ပြောစရာမလိုတော့ဘူး။ အီချီရိုနဲ့ကိုယ်နဲ့ကြားထဲမှာ ထုတ်ပြစရာမလိုတဲ့ အသိအမှတ်ပြုမှု၊ နားလည်မှုတခုရှိနေတယ်ဆိုတာ သိလိုက်ရပြီကိုး။

-ဆပ်ရိပ်
၁.၁.၂၁


 

Comments

  1. ဒီလို အံ့ဖွယ်အမှုတွေ တစ်သက်လုံး တစ်ခါမှ မတွေ့ဖူးဘူး။
    ကျွန်မခင်ပွန်းက ကျွန်မနဲ့ အသက် ၅ နှစ်သားလေးကို ထားခဲ့ပြီး ၉ လကျော်၊
    ကျွန်မ အရမ်းစိတ်ထိခိုက်ပြီး စိတ်ပျက်မိတယ်၊ ကျွန်မခင်ပွန်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့် သူ့ကို ကျွန်မဆီပြန်ပို့ဖို့ နေရာအမျိုးမျိုးက အကူအညီတောင်းခဲ့ပေမယ့် ကွာခြားမှုမရှိပါဘူး။ ကျွန်မအမေက ကျွန်မကို (DR DAWN) နဲ့ မိတ်ဆက်ပေးမချင်း ဒီဆရာဝန်က ကျွန်မကို ပြောပြပြီး ၄၈ နာရီအတွင်း ကျွန်မခင်ပွန်းက ကျွန်မဆီပြန်လာမယ်လို့ ကတိပေးခဲ့ပြီး ၄၈ နာရီအကြာမှာ ကျွန်မခင်ပွန်းက ကျွန်မကို ဖုန်းဆက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။ သူက ကျွန်မကို ဘယ်တော့မှ ထားသွားတော့မှာ မဟုတ်ပါဘူး၊ ဒေါက်တာ DAWN ကို ကျေးဇူးအများကြီးတင်ပါတယ် ဘာလို့လဲဆိုတော့ အခုဆို ကျွန်မခင်ပွန်းနဲ့ ပျော်နေတာ 3 နှစ်ကျော်ပြီ၊ သူက ကျွန်မကို ဘုရင်မလို ဆက်ဆံတယ်၊
    ပြဿနာတစ်စုံတစ်ရာရှိပါက DR DAWN သို့ ဆက်သွယ်ပါ။

    *မင်းရဲ့ချစ်သူကို ပြန်ရဖို့။
    * ပြန်လည်ညှိနှိုင်းရန်
    *ကိုယ်ဝန်ဆောင်ရန်
    *ကင်ဆာကို ကုသရန်
    *လက်စားချေရန်
    *စီးပွားရေးကိုမြှင့်တင်ရန်
    * သင့်ငွေ/ပိုင်ဆိုင်မှုကို ပြန်လည်ရယူရန်
    *HIV/AIDS သို့မဟုတ် အခြားရောဂါများကို ကုသရန်။
    သူ့ကို ဆက်သွယ်ပါ: dawnacuna314@gmail.com
    Whatsapp- +2349046229159

    ReplyDelete

Post a Comment