ကြိုး


 ကြိုး


သူ့ခေါင်းပေါ်က ဖြူဆွတ်ဆွတ်မီးလုံးရဲ့ နံဘေးမှာ ပိုးကောင်တွေ ရစ်ဝဲလို့နေတယ်။ တချို့အကောင်တွေကလည်း သူ့ခေါင်းပေါ်ပြုတ်ပြုတ်ကျလာလို့ ဆံပင်တွေထဲကို လက်နဲ့ထိုးဖွပြီးခါထုတ်ရတာ ခဏခဏ။ အမှန်တော့ ထိုင်နေတဲ့ နေရာနည်းနည်းရွေ့လိုက်ရင်ကို ဒီကိစ္စက ဘာမှမဟုတ်ပါဘူး။ ခက်တာက သူ့စိတ်။ သူကိုက ဒီနေရာမှာ ကျောက်ချထိုင်နေချင်တာ။ အကြောင်းပြချက်ရယ်လည်း ကြီးကြီးမားမားမရှိပဲ မထချင်တော့တာမျိူးပဲ။ ရုတ်တရက် သူ့လက်ချောင်းတွေက လက်ထဲမှာကိုင်ထားတဲ့ ရေဒီယိုဆီကိုရောက်သွားတယ်။  မနက် ၁နာရီကျော်ပြီမို့ ဖုန်တက်နေတဲ့ရေဒီယိုစပီကာပေါက်ကနေ တဂျစ်ဂျစ်အသံသာကြားရတယ်။


သူ့အလုပ်က ဘာမှထွေထွေထူးထူးမရှိ။ ည ၁၀နာရီလောက်ဆိုရင် ဒီနေရာကို အရောက်လာရတယ်။ ဒီနေရာဆိုတာက သစ်ဆိုင်တဆိုင်ပါ။ သစ်တွေရောင်းတဲ့အပြင် ပွဲတွေမှာလိုတဲ့ စတိတ်စင်တွေဘာတွေလည်း လာအပ်ရင် လက်ခံလုပ်တယ်။ တနေကုန်ဒီဆိုင်ရှေ့မှာ တိုက်နေဖြတ်နေတဲ့ အလုပ်သမားတွေ၊ ဖောက်သည်တွေ၊ ဆိုင်ရှင်မိသားစုက လူတွေနဲ့ စည်ကားနေတာပဲ။ အလုပ်ပိတ်ပြီဆိုမှ သူ့တာဝန်ပေါ့။ သူ့အလုပ်က ညစောင့်လေ။ တညလုံး ဆိုင်ရှေ့က မီးလုံးအောက်နေရာလေးမှာ အရောင်လွင့်နေတဲ့ကော်ခုံတလုံးချ၊ ပြီးရင် ဖင်ကျောက်ချပြီး ထိုင်ပေရော့။ ညောင်းလာလို့ လမ်းနည်းနည်းပါးပါးထလျှောက်တာ ရှိပေမယ့် များသောအားဖြင့်တော့ ထိုင်နေဖြစ်တာများတယ်။ အကြောင်းက သူ့ဒူးတွေက နည်းနည်းလှုပ်ရှားလိုက်တာနဲ့ နာလာတတ်လို့။


နောက်ဆုံးတော့ သူ့ဘက်ကပဲ ပိုးကောင်တွေကိုအလျှော့ပေးလိုက်ရတယ်။ ခေါင်းပေါ် တဖုတ်ဖုတ်ပြုတ်ကျနေတဲ့ကောင်တွေကို ဘယ်လိုမှသည်းမခံနိုင်တော့ဘူး။ ဒီတော့လည်း သူ့ဒူးတွေမနာအောင် တဖြည်းဖြည်းချင်းထ၊ ထိုင်ခုံကိုမပြီး မီးလုံးနဲ့လှမ်းတဲ့ဘက်ကို ရွှေ့ထိုင်လိုက်တယ်။ မီးလုံးပိတ်လိုက်ရင် ပိုးကောင်တွေပျောက်သွားနိုင်ပေမယ့် ဆိုင်ရှင်ရဲ့တချက်လွှတ်အမိန့်က ရှိပြီးသား။ တညလုံး မီးလုံးကိုမပိတ်ရ။ အကြောင်းက မှောင်နေရင် ဆိုင်နားကို သူခိုးတွေသူဝှက်တွေကပ်လာပြီး သူရှိနေမှန်းသိမှ သူ့ကိုရန်ပြုသွားမှာစိုးလို့တဲ့။ ဟုတ်တော့လည်းဟုတ်ပါတယ်။ သူ့လို ပါးရေနားရေတွေတွန့်ပြီး ဖျတ်ဖျတ်လတ်လတ်မဟုတ်တော့တဲ့အဘိုးကြီးတယောက်ဆီက ဘာများမျှော်လင့်လို့ရမလဲ။ သူ့အလုပ်က မိုးမလင်းမချင်း တညလုံးဆိုင်ရှေ့မှာ စောင့်နေဖို့သာရှိတယ်။ မပြောကောင်းမဆိုကောင်း သူစိမ်းတယောက်ရောက်ပြီး သူ့ကိုဓားနဲ့ထောက်လို့ ဆိုင်ထဲကအဖိုးတန်တာတွေယူသွားမယ်ဆိုရင်တောင် သူလုပ်နိုင်မှာဆိုလို့ ဘေးအိမ်တွေကြားအောင် အော်တာပဲရှိမှာ။ တခြားဘာမှမတတ်နိုင်ဘူး။ နှစ်ပေါင်းများစွာ ကမ္ဘာပေါ်မှာဆွေးမြေ့အောင် ရှင်သန်အပြီးမှာ သူ့ရုပ်ခန္ဓာဟာ အိုမင်းခဲ့ပြီလေ။


ထိုင်ခုံကို အရေတွေတွန့်နေတဲ့သူ့လက်နဲ့ မလိုက်တော့မှ ထိုင်ခုံရဲ့အရောင်ကို ကြည့်မိတယ်။ ဒါကလည်း တကူးတကကြီး ကြည့်ရမယ့်ကိစ္စမဟုတ်ဘူးကိုး။ ထိုင်ခုံရဲ့အရောင်ဟာ အဖြူလည်းမဟုတ်၊ အဝါလည်းမဟုတ်တဲ့ စိမ်းဖန့်ဖန့်၊ ဖြူရော်ရော် အရောင်မျိုးပဲ။ လက်တင်တဲ့တန်းနေရာတွေမှာတော့ အရောင်က ဝါဖန့်ဖန့်ဘက်ကိုသမ်းသွားတယ်။ ဒီထိုင်ခုံစဝယ်တုန်းက တောက်ပတဲ့အရောင်တခုခုရှိမှာပေါ့။ အဖြူဆိုရင်လည်း ဖြူဖွေးနေမယ့်အဖြူ၊ အစိမ်းဆိုရင်လည်း ကျောက်စိမ်းရောင်လို ကြည်တောက်နေမယ့်အစိမ်း စသဖြင့် တခုခုပေါ့။ အခုသူ့ရှေ့ရောက်နေတဲ့အချ်ိန်မှာတော့ အရောင်တွေပျယ်လွင့်နေခဲ့ပြီ။ အင်း။ သူကိုယ်တိုင်လည်း အရောင်လွင့်နေတဲ့ထိုင်ခုံတလုံးပဲမဟုတ်ဘူးလား။ အမှောင်ထဲမှာ ဘာရယ်မဟုတ် ပြုံးမိလိုက်တယ်။ 


လူတွေအနေနဲ့ အသက်ရှင်နေတယ်ဆိုတာ လုပ်စရာတခုခုဆီဦးတည်နေကြတာမှတ်လား။ တခုခုဖြစ်ဖို့၊ ဒါမှမဟုတ်လည်း တခုခုပိုင်ဆိုင်ဖို့။ အဲ့ဒီအရာတွေအားလုံး ဖြစ်ခဲ့ပြီး၊ ပျက်ခဲ့ပြီး ၊ ပိုင်ဆိုင်ခဲ့ပြီး၊ ဆုံးရှုံးခဲ့ပြီးတဲ့ အချိန်တခုရောက်လို့ သူ့လိုအဘိုးကြီးတယောက်ဖြစ်လာခဲ့ရင်ရော။ ဘာဆက်လုပ်ရပါ့မလဲ။ သွားနိုင်သလောက် ဟိုသွားဒီသွားလုပ်။ မလှုပ်ရှားနိုင်တော့အောင် အိုနာကျလာတဲ့အခါမတော့ အိပ်ယာထဲကနေပဲ မျက်နှာကျက်တွေကိုမျက်လုံးအသေနဲ့ငေးရင်း သေမယ့်နေ့ကိုစောင့်နေဖို့ပဲ ရှိတော့တာလား။ သူချလိုက်တဲ့သက်ပြင်းကို ပိုးကောင်တွေတော့ ကြားကြမယ်ထင်ရဲ့။


အနှစ်လေးဆယ်လောက်လုပ်ခဲ့တဲ့အစိုးရဝန်ထမ်းဘဝကနေ အနားယူပြီးတဲ့နောက် သူကြုံရတဲ့ပထမဆုံးပြသနာက လုပ်စရာမရှိတော့တာပဲ။ သူ့ရဲ့တဦးတည်းသောသားကလည်း အဝေးမှာ သူ့သားနဲ့မယားနဲ့။ နှစ်ပေါင်းများစွာပေါင်းခဲ့တဲ့ သူ့ရဲ့ချစ်လှစွာသော အိမ်ရှင်မဟာလည်း သူပင်စင်မယူခင်နှစ်မှာပဲ ကွယ်လွန်ခဲ့ရှာပြီ။ ခမျာ သူနဲ့အတူတသက်လုံးဒိုးတူပေါင်ဖက် နေပေးခဲ့ရှာသား။ သူ့အမျိူးသမီးအကြောင်းစဥ်းစားမိတော့ သူ့မျက်လုံးတွေက ဆိုင်အပြင်ဘက်က အမှောင်ထုထဲမှာနစ်ဝင်လို့။ အေးမြရေ။ မင်းကတော့ မင်းပုံစံအတိုင်း ဘဝတပါးမှာ အေးမြနေမှာပါလေ။ ငါ့မှာသာ ဒီခန္ဓာကိုယ်ကြီးကို မပြီးနိုင်မစီးနိုင်။ အောင်မယ်လေး။


စဥ်းစားရင်း စိတ်လွတ်လက်လွတ်နဲ့ဒူးကိုကွေးမိလိုက်တာ ရိုးတွင်းချင်ဆီထဲထိ အသည်းခိုက်မတတ် နာသွားတာပဲ။ ဒါတောင် သူ့အသက်က ၆၅စွန်းရုံရှိသေးတယ်။ ဒီထက်အိုလာရင် အိပ်ယာပေါ်မှာသေမယ့်နေ့ကိုစောင့်နေရမယ့်အဘိုးကြီးဖြစ်တော့မှာပါလား။ 


ပင်စင်ယူပြီးတော့ ထိုင်မနေချင်တာနဲ့ တခုခုလုပ်ဖို့ပဲ စိတ်ကရောက်နေခဲ့တယ်။ ဒါပေမယ့် အသက် ၆၀အရွယ် ဝန်ထမ်းဟောင်းအဘိုးကြီးတယောက်ကို ဘယ်သူကများ တာဝန်ကြီးကြီးပေးပါတော့မလဲလေ။ သူ့တသက်လုံး စုမိဆောင်းမိရှိသမျှဟာလည်း အိမ်ကလေးတလုံးအဖက်တင်ပြီး၊ ကျန်တာကတော့ သူ့အမျိုးသမီးနေမကောင်းတုန်းက ထုတ်ကုလိုက်တာနဲ့တင် ကုန်သလောက်ရှိခဲ့ပြီ။ သူ့ရဲ့သားကတော့ နှလတခါလောက် ပိုက်ဆံပို့ပေးပေမယ့် သူတို့မိသားစုလည်း အပြေလည်ကြီးမဟုတ်မှန်းသိတာမို့ သူ့ဘက်ကစပြီး ပိုက်ဆံကိစ္စမပြောခဲ့ဖူးဘူး။ ဒီတော့ သူအလုပ်ရှာတယ်။ ကံကောင်းထောက်မစွာနဲ့ မိတ်ဆွေကောင်းတယောက်အဆက်အသွယ်ကြောင့် ခုဒီဆိုင်လေးမှာ ညစောင့်ရတယ်။ ည ၁၀ နာရီ ဆိုင်ကိုအရောက်လာ။ တညလုံးစောင့်။ မနက် ၇နာရီ အလုပ်သမားတွေရောက်လာပြီဆို နှုတ်ဆက်ပြီး ဘယ်သူမှမရှိတဲ့သူ့အိမ်ခန်းလေးဆီ ပြန်ရုံပဲ။


သူ့အမျိုးသမီးကွယ်လွန်ပြီးတည်းက အိမ်ဟာ သိသိသာသာခြောက်ကပ်သွားတယ်။ အိမ်ထောင့်တွေမှာ ပင့်ကူမျှင်တွေထပ်လို့။ ဘုရားစင်မှာလည်း နွမ်းဖတ်နေတဲ့ ပန်းခြောက်တွေ ရက်အကြာကြီးတင်ထားလို့။ အိမ်ကိုရောက်တာနဲ့ ရေမိုးချိုးပြီး အိမ်ရှေ့ကြမ်းပြင်ကို တံမြက်စည်းလှည်း။ ပြီးရင်တော့ နေ့လည်စာအချိန်ထိ အိပ်ပေတော့ပဲ။ သူအိပ်ခါနီးတိုင်း နံရံပေါ်က အေးမြရဲ့ပုံဟာ သူ့ကိုပြုံးပြီးကြည့်နေသလိုအမြဲခံစားရတယ်။ အဲ့ဒီအချိန်တိုင်း " အေးမြရေ ကောင်းရာမွန်ရာမှာရှိပါစေ " လို့ သူ့စိတ်ထဲကပြောရင်း သူ့မျက်လုံးတွေကိုမှိတ်လိုက်တယ်။ ခဏနေတော့ သူအိပ်ပျော်သွားလိမ့်မယ်။


ဒီနေ့ညတော့ ပိုးကောင်တွေကြောင့် ထိုင်နေကျမီးလုံးအောက်နေရာကနေ ဆိုင်ထောင့်ဘက်ကို ရွေ့ထိုင်လိုက်ရတယ်။ သူ့လက်ထဲမှာ ရေဒီယိုဟောင်းလေးတလုံးရယ်၊ သူ့သားဝယ်ပေးထားတဲ့ keypad ဖုန်းလေးရယ်ရှိတယ်။ ရေဒီယိုကတော့ ၁၁နာရီလောက်ထိ လွှင့်တတ်ပါတယ်။ ရေဒီယိုအစီအစဥ်ပြီးသွားရင်တော့ ဖုန်းထဲမှာ ဆိုင်ကသွင်းပေးထားတဲ့ သီချင်းဟောင်းတွေဖွင့်ရင်ဖွင့်၊ မဟုတ်ရင်လည်း တရားတော်တွေ ခပ်တိုးတိုးဖွင့်ရင်ဖွင့်ထားရင်း တညတာကိုအချိန်ကုန်ရတာပဲ။


ညကတော့ ၈နာရီလောက်က သူ့သားဆီကဖုန်းလာတယ်။ သူ့သားဆိုပေမယ့် တကယ်စကားပြောတာက သူ့မြေးမလေးပါ။ သူ့မြေးမလေးက သူ့အချစ်တော်။ ငယ်သလောက် စကားကလည်းတက်ပါ့။ သွက်လည်းသွက်ပါ့။ ဖုန်းဝင်လာတော့ အိမ်မှာ ကော်ဖီကြမ်းတခွက်ဖျော်ဖို့ ရေနွေးအိုးတည်နေတဲ့အချိန်ကြီး။ ဖုန်းခလုတ်တွေက လွတ်နေတော့ ကိုင်ဖို့ကို လေးချက်လောက်ဖိလိုက်ရသေးတယ်။


"ဟယ်လို "


"ဟယ်လို ဘိုးဘိုးကြီး"


သူအားရပါးရပြုံးရယ်လိုက်မိတဲ့အချိန် မှန်ထဲက သူ့ပုံရိပ်က သွားမစုံတော့တဲ့ရေမြင်းကြီးနဲ့တောင်တူသေး။ ဒါပေမယ့် ပျော်နေတဲ့ရေမြင်းကြီးပေါ့လေ။ အော်။ ဘဝကိုချည်ထားတဲ့ ကြိုးလေးတွေပါလား။


" မီးမီးကိုလေ။ ချက်ဘီးဝယ်ပေးပါလား "


"အာ။ ဝယ်ပေးမှာပေါ့။ မင့်အဖေက မဝယ်ပေးဘူးလား"


ဖုန်းထဲမှာ နောက်က သူ့သားရဲ့ ဘိုးဘိုးကိုအားနာစရာကြီးဆိုတဲ့အသံကို ဖျတ်ခနဲကြားလိုက်ရတယ်။


" ဖေဖေဝယ်ပေးတာ ချီးချင်ဘူး။ ဘိုးဘိုးဝယ်ပေးတာက လိုချင်တာ "


"ဟာ။ ဟုတ်ပါပြီဗျာ။ ဝယ်ပေးပါ့မယ်။ ဒီလကုန် ပိုက်ပိုက်ရတာနဲ့ ဝယ်ပေးမယ်နော်။ ဘာအရောင်လေး ယူမှာလဲ "


" ပန်းပြာရောင် "


" ဟဲ့။ ဘယ့်နှယ့်တုန်း။ ပန်းရောင်ဆိုလည်း ပန်းရောင်ပေါ့"


" မရဘူး။ မီးမီးက နှရောင်လုံးကြိုက်လို့။ ဘိုးဘိုးရအောင်ဝယ်ပေး။ မဝယ်ပေးရင် မူကြိုမသွားဘူး။ ဟွန့်"


" ကဲ ဝယ်ပေးမယ်လို့ဆို။ မင်းဖေကြီးကို ဖုန်းပေးလိုက်ပါဦး"


"ရော့ ဖေဖေ "


" ဟယ်လို အဖေ။ နေကောင်းရဲ့လား။ သုံးစရာရှိသေးလား"


" ကောင်းပါတယ် သား။ သုံးဖို့လည်း သားဟိုတခါပေးတာက ပိုတောင်ပိုနေသေးတယ်။ နောက်အဲ့လောက်အများကြီး မပို့နဲ့။  ကိုယ့်မိသားစုကိုယ် လောက်ငှအောင်သုံးကွယ် "


" အိမ်မှာတယောက်တည်း မပျင်းဘူးလား အဖေရာ။ သားတို့နဲ့လာနေပါဆိုတာကို။ အဖေက သိပ်ခေါင်းမာ "


" ဒီမှာပဲ ခေါင်းချချင်လို့ပါသားရယ်။ ဘယ်မှလည်းမသွားနိုင်တော့ပါဘူး။ ဒူးက ဒီရက်ပိုင်းပိုပိုဆိုးလာတယ် "


" ဒီတခါ ဆေးပါပို့လိုက်မယ်။ ပဲခူးက တိုင်းရင်းဆေးဆရာတယောက်ဆီက လိမ်းဆေးကောင်းတယ်တဲ့"


"အေးပါ အေးပါ။ မင်းမိန်းမကိုလည်း ဂရုစိုက်နော်။ ရန်မဖြစ်ပဲ ချစ်ချစ်ခင်ခင်နေနော်။ မိသားစုကိုအချိန်ပေးတာ ယောကျာ်းကောင်းတယောက်ရဲ့အလုပ်ပဲ။ 


ပြီးတော့ ငါ့မြေးအတွက် စက်ဘီးဝယ်ထားမယ်။ ငါ့မှာစုထားတာလေးရှိတယ်။ အဲ့ဒါနောက်လ မင်းတို့လာမှာမို့လား။ အဲ့ကျတခါတည်းယူသွားချေ"


"အဖေကလည်း မဟုတ်တာ"


"ကဲ ဒါပဲ။ အဖေတရားထိုင်လိုက်ဦးမယ်ဟေး"


ဖုန်းချပြီးတော့ ပြက္ခဒိန်ကိုလှမ်းကြည့်လိုက်တယ်။ မနက်ဖန်လကုန်ရက်။ ညစောင့်အလုပ်က လခရပြီ။ သူ့သားကို အလုပ်လုပ်နေတာ မပြောထားဘူး။ ပြောရင်လည်း တားမှာသိနေတာကိုး။ မလုပ်ပဲနေရင်လည်း အပိုသုံးဖို့စွဲဖို့ဘယ်ကရမလဲ။ ကြုံရင်ကြုံသလို လှူချင်တန်းချင်တဲ့စိတ်လေးကလည်းရှိသေးတယ်။


သားဆီကဖုန်းအကြောင်းစဥ်းစားရင်း သူ့မြေးမလေးပူဆာတဲ့ စက်ဘီးအကြောင်းကို စိတ်ရောက်သွားတယ်။ တကယ်တော့ သူကိုယ်တိုင်လည်း စက်ဘီးတစီးလောက်ဝယ်မလို့ စဥ်းစားပြီးသား။ ဒူးနာတော့ ဟိုနားဒီနား စက်ဘီးလေးနဲ့သွားရလာရတာ နည်းနည်းသက်သာမလားလို့ပါ။ စက်ဘီးခြင်းထဲ သူ့ရေဒီယို၊ဖုန်းနဲ့ ကော်ဖီချိုင့်လေးထည့်ပြီး ညစောင့်အလုပ်ကိုအသွားအပြန်လုပ်ရရင် မဆိုးဘူးပေါ့။   အခုတော့ သူ့မြေးမလေးကလည်း စက်ဘီးတဲ့။ ရမယ့်လခက စက်ဘီးနှစီးဝယ်ရလောက်အောင် ပိုလျှံမနေတာလည်းသေချာတယ်။


ဖုန်းခလုတ်ကိုဖိလိုက်တော့ ရက်က တရက်နေ့ပဲ။ အချိန်က မနက် ၅နာရီထိုးလုပြီ။ နောက် နာရီပိုင်းနေရင် ဆိုင်လာဖွင့်မယ်။ သူ့အတွက် ပိုက်ဆံရှစ်သောင်းပါတဲ့ လခစာအိတ်လေးကို ဆိုင်ရှင်က သူ့ကိုပေးလိမ့်မယ်။ အိမ်မှာ ခဏပြန်အိပ်ပြီး နိုးတဲ့အခါ စက်ဘီးရောင်းတဲ့ဆိုင်ကို သွားရမယ်။


သူ့မြေးမလေးကိုလည်း ဝယ်ပေးမယ်ပြောထားပြီးပြီဆိုတော့ သူ့အတွက်စက်ဘီးဝယ်ဖို့မဖြစ်နိုင်တော့ဘူး။ ဒူးကလည်း အဲ့အကြောင်းစဥ်းစားမှ ပိုနာလာတယ်။ မောပန်းနွမ်းလျစွာနဲ့ အိမ်ပြန်ရောက်တဲ့အခါ ဘယ်သူမှရှိမနေတဲ့သူ့အိမ်ခန်းလေးကိုလည်း မြင်ယောင်လာတယ်။ သူ့မှာ ထွေထွေထူးထူးလုပ်စရာဘာမှမရှိတော့။ ဘဝကို ပြုတ်ထွက်မသွားအောင် လက်ကျန်သံယောဇဥ်ကြိုးတွေနဲ့ တုပ်နှောင်ထားရတဲ့အရွယ်ရောက်ခဲ့ပြီပဲလို့။ သူသက်ပြင်းထပ်ချလိုက်တယ်။ မီးလုံးအရောင်ဟာ လင်းအားကြီးကောင်းကင်အောက်မှာ မှိန်ဖျော့လာသလိုလို။ ပိုးကောင်တွေတော့ မရှိတော့ဘူး။


မနက်လင်းတော့ ဆိုင်ရှင်ရောက်လာတယ်။ သူ့ကို စာအိတ်အပြင် အပိုမုန့်ဖိုးတသောင်းလည်းပေးလိုက်တယ်။ သူတကယ်ကျေးဇူးတင်ပါတယ်။ လူအချင်းချင်းလေးစားတတ်တဲ့သူတွေကို သူသဘောကျတယ်။ 


အိမ်အပြန်လမ်းမှာတော့ တညလုံးမအိပ်ထားတာမို့ သူ့မျက်တွင်းတွေကျနေမှာသေချာတယ်။ ဒူးကိုလည်းထိန်းလျှောက်ရတာမို့ လမ်းလျှောက်ရတာ ပိုပင်ပန်းတယ်လေ။ အိမ်ပြန်ရောက်တော့လည်း ညအလုပ်ချိန်မရောက်မချင်း တိတ်ဆိတ်နေတဲ့အိမ်ခန်းထဲမှာ ဟိုလှည့်ဒီလှည့်နဲ့ ဒီလိုပဲ အချိန်ကုန်သွားတာပဲ။ ဒီလိုပဲ အသက်တွေကြီးသွားမှာပဲ။ တွေးနေရင်း ရုတ်တရက် အိမ်ပြန်လမ်းကို ဦးတည်နေတဲ့သူ့စိတ်ကူးတွေပြောင်းသွားတယ်။ ခြေလှမ်းတွေကို စျေးကြီးဘက် လှည့်လိုက်တယ်။ သူ့မြေးမလေးအတွက် စက်ဘီးအရင်ဝယ်ရမယ်လို့။ 


ဆိုင်ရောက်တော့ ကလေးစီးစက်ဘီးတွေအများကြီးထဲကမှ သူ့မြေးမလေးကြိုက်မယ့်အစီးကို စိတ်လိုလက်ရ လိုက်ကြည့်နေမိတယ်။ အိပ်မှုန်စုံမွှားဖြစ်နေတဲ့ဆိုင်ရှင်ကတော့ သူ့ကိုစိတ်ဝင်စားပုံမရ။ ဘုရားစင်သေးသေးလေးပေါ်မှာ အမွှေးတိုင်ထွန်းနေတယ်။ အမွှေးတိုင်က နံ့သာနံ့တွေဟာ သူ့ဆီတောင်တိုးဝင်လို့လာတယ်။ သူ့စိတ်ထဲမှာတော့ ကလေးဘဝတုန်းက အရုပ်ရွေးသလို ခံစားမှုမျိုး။ ပျော်ရွှင်မှုမျိုး။ မြေးမလေးကြိုက်မယ့် စက်ဘီးတစီး။ သူဝယ်ပေးတဲ့စက်ဘီးပေါ်မှာ ရီမောပျော်ပါးနေမယ့် သူ့မြေးမလေးကို မြင်ချင်လာတယ်။ ဒါပေမယ့်လည်းလေ။ ကြိုးတွေက ဘဝတဏှာကိုဆက်စေတယ်မို့လား။ သူတွေးတာမှားချင်လည်းမှားမှာပေါ့။


စက်ဘီးဝယ်ပြီးတော့ သူ့ကိုယ်ကိုနည်းနည်းကွေးပြီး တွန်းလာခဲ့တယ်။ ကုန်စုံဆိုင်တဆိုင်ကို ဝင်တယ်။ " နိုင်လွန်ကြိုးလေး ပြပေးပါ " လို့ပြောတော့ ဆိုင်ရှင်က အများကြီးထုတ်ပြနေသေးတယ်။ သူ့လက်တွေနဲ့ကိုင်ကြည့်ပြီး အလုံးကြီးကြီးကြိုးတချောင်းကို သူဝယ်လိုက်တယ်။ သူ့မြေးမလေးရဲ့ စက်ဘီးခြင်းထဲထည့်တယ်။ ပန်းနုရောင်စက်ဘီးခြင်းလေးထဲမှာ ညိုပုပ်ပုပ်နိုင်လွန်ကြိုးက ထင်းလို့။


အိမ်ပြန်ရောက်တော့ ခြံတံခါးကိုသေချာပိတ်လိုက်တယ်။ စက်ဘီးကို ခြံဝန်းထောင့်မှာ ဂရုတစိုက်ထားတယ်။ အိမ်ခန်းထဲဝင်လိုက်တော့ နံရံကအေးမြရဲ့ဓာတ်ပုံဟာ သူ့ကိုစိုက်ကြည့်လို့နေတယ်။ သူလိပ်ပြာမလုံဘူး။ ဒါပေမယ့် သူအရှုံးပေးတာမဟုတ်ဘူးလေ။


နောက်ဆုံးတော့ သေတ္တာထဲက အဝတ်စတစကိုထုတ်လို့ အေးမြရဲ့ဓာတ်ပုံပေါ်ကို အုပ်ထားလိုက်မှ စိတ်ထဲသက်သာရာရတော့တယ်။ ပြီးတော့ မျက်နှာသစ်တယ်။ ခြေလက်ဆေးကြောပြီး ပန်းခြောက်တွေနဲ့ ဖုန်တက်နေတဲ့ဘုရားစင်ရှေ့ဦးချတယ်။ ​ဝယ်လာတဲ့ကြိုးခွေကို ကွင်းလျှောလေးဖြစ်အောင် ထုတ်တန်းမှာခိုင်ခိုင်ချည်လိုက်တယ်။ ခုံပုတလုံးချတယ်။ သူ့ခြေထောက်နဲ့လှမ်းထောက်လို့မမီမယ့် ခုံပုလေးတခု။ ဒီမနက်အားလုံးကို သပ်သပ်ရပ်ရပ်လုပ်နိုင်ခဲ့တယ်။ ပင်စင်ယူပြီးတည်းက ကိုယ့်ကိုယ်ကိုမကျေမနပ်ဖြစ်နေတဲ့သူ့အတွက်တော့ ကျေနပ်စရာပါပဲ။ သူ့မြေးမလေး သေချာပေါက်ကြိုက်မယ့်စက်ဘီးတစီး။ ပြီးတော့...။


နောက်ရက်တွေကြာရင် သူ့သတင်းဟာ အဝေးကသူ့သားဆီရောက်လိမ့်မယ်။ သူ့သားရောက်လာတဲ့အခါ ခြံထောင့်မှာထောင်ထားတဲ့ ပန်းနုရောင်စက်ဘီးလေးကိုအရင်ဆုံးတွေ့မှာပဲ။ အနည်းဆုံးတော့ လူတယောက်ပျော်အောင် သူနောက်ဆုံးလုပ်နိုင်ခဲ့တယ်။ အနည်းဆုံးတော့ သူ့မြေးမလေးတယောက် စက်ဘီးကလေးစီးရင်း ပျော်နေမှာပါလေ။


-ဆပ်ရိပ်

၅.၉.၂၀


Comments