ကမ္ဘာရဲ့အဆုံးသတ်မျဉ်း








မင်းမြင်နေရတဲ့ တိုက်ခန်းတွဲကြီးဆီမှာ ဘာအလင်းရောင်မှရှိမနေတော့ဘူး။ ညနက်လာတဲ့အခါ တိုက်ခန်းထိပ်ဖျားက လူသေတယောက်လို ဇက်ကျိုးနေတဲ့စလောင်းအိုကြီးတွေဟာလည်း အမှောင်ထုထဲမှာ ငြိမ်သက်ကျန်နေခဲ့မှာပေါ့။ လူတွေနဲ့ အရာဝတ္ထုတွေရဲ့အဆုံးသတ်ဆိုတာ ဒီလိုပါပဲ။ သေဆုံးသွားတဲ့လူတွေဟာ ရှင်ကျန်သူတွေဆီမှာ မှတ်ဉာဏ်ဖြစ်သွားမယ်။ အဆုံးတနေ့မှာတော့ နှောင်းလူတွေဟာ မြေသားအထပ်ထပ်ဖုံးအုပ်နေတဲ့သူတို့ကို ရှာဖွေတွေ့ရှိကြမယ်။ အရင်ကဆို အဲ့ဒီဝရန်တာမှာ ညနေတိုင်း ရှိနေကျအဘိုးကြီးတယောက်ရှိတယ်။ အင်း။ ရေညှိတက်နေတဲ့ တိုင်လုံးတွေနဲ့ ဝရန်တာသေးသေးလေးထဲမှာပေါ့။ အဘိုးကြီးက အောက်ပိုင်းသေနေတာ။ သူ့အိမ်ကလူတွေပြန်လာမယ့်အချိန်ကို ညနေခင်းတိမ်တွေကိုကြည့်ရင်း စောင့်ဆိုင်းရတာ။ ဘယ်မှာလဲ အသက်ကြီးလာရင်အနားယူတော့မယ်ဆိုတဲ့ စိမ်းလန်းသောလယ်တောအိမ်လေး။ ဘယ်မှာလဲ အသက်တဝကြီးရှူလိုက်တိုင်း မျက်နှာကိုတသုန်သုန်တိုက်ခတ်နေမယ့် လေနုအေးတွေ။ အခုတော့ အဲ့ဒီအဘိုးကြီးဘယ်ရောက်သွားပြီလဲမသိဘူး။ တခြားလူတွေလည်း အသက်ရှင်သန်မယ်လို့ထင်ရတဲ့လမ်းပေါ်က လူအုပ်ကြီးထဲကို တိုးဝှေ့ပျောက်ကွယ်သွားကြပြီ။ မြို့ရဲ့လမ်းမတနေရာမှာတော့ ပလက်စတစ်ဘူးခွံလေးတခုဟာ လေနဲ့အတူ ဦးတည်ရာမဲ့ရွေ့လျားလို့နေတယ်။ လမ်းကြားတွေထဲမှာလည်း ပိန်လှီဟောင်းနွမ်းနေရှာတဲ့ ခွေးလေခွေးလွင့်တွေ ဟိုတစုဒီတစု။ လမ်းတွေပေါ်မှာ ဘယ်သူမှမရှိ။ ရိက္ခာလုံလောက်သူတွေက အိမ်တံခါးတွေကို ဘယ်သူမှရှိမနေသလို အမှောင်ချပိတ်ထားကြတယ်။ ဇွန်ဘီတွေတံခါးလာခေါက်မှာကို ကြောက်ရွံ့နေသလိုမျိုးလေ။ လူတွေဟာ အိမ်ထဲကနေ ဖုန်းမျက်နှာပြင်ကိုကြည့်ရင်း ကမ္ဘာအနှံ့မှာဖြစ်နေသမျှ သတင်းဆိုးတွေကိုဖတ်ရှုနေကြတယ်။ သတင်းဆိုးတွေဟာ ကြံတွေကိုစက်နဲ့ကြိတ်လိုက်သလို အရည်တတောက်တောက်နဲ့ ကမ္ဘာအနှံ့စီးကျလာနေတယ်။ သေမှာကြောက်လာတဲ့လူတွေဟာ ကိုယ့်အသက်ဓာတ်လေးတည်မြဲဖို့ ဘာမဆိုလုပ်ဖို့အဆင်သင့်ပဲ။ အရင်အပတ်က ဈေးဝယ်စင်တာတခုမှာ လက်ကျန်ဆန်အိတ်ကိုလုဝယ်ရင်း တယောက်က အူပွင့်တဲ့ထိ ဓားနဲ့အထိုးခံလိုက်ရတယ်။ အဲ့လူရဲ့သွေးတွေစိမ့်ဝင်သွားတဲ့ ဆန်အိတ်ကို နောက်တယောက်က ထမ်းယူပြီး အမြန်ထွက်ပြေးသွားတယ်။ ပိန်လှီအိုမင်းနေတဲ့လုံခြုံရေးအဘိုးကြီးတွေက အဲ့လူရဲ့နောက်ကျောကို ငေးကြည့်နေခဲ့ကြတယ်။ တချို့လည်း ကားကြီးကားငယ်အသွယ်သွယ်နဲ့ မြို့ကိုစွန့်ခွာသွားကြလောက်ပြီပေါ့။ တော်တေ်ာများများရဲ့အမြင်ကတော့ ကမ္ဘာရဲ့အဆုံးသတ်မျဉ်းကို တယောက်ယောက်ကရေးဆွဲနေပြီမို့ ပြေးလည်းအလကားပဲတဲ့လေ။ ငါတို့ဘဝတွေဟာ အစကတည်းက ဘယ်လိုမွေးပြီး ဘယ်လိုအဆုံးသတ်ရမယ်ဆိုတဲ့ ပရိုဂရမ်ရှိပြီးသားတဲ့။ တခြားအရပ်မှာလည်း စစ်ပွဲတွေကလည်း ပိုပိုဆိုးလာနေပြီပဲ။ စာသင်ကျောင်းလေးပေါ် ဗုံးဆံကျလို့။ အိမ်တွေဟာ လောင်မီးကျလို့။ တခြားတဖက်မှာလည်း တောမီးတွေ အကြီးအကျယ် ဆက်တိုက်လောင်မြိုက်လို့။ အန္တာတိကက ရေခဲတုံးကြီးတွေအရည်ပျော်လာလို့။ လူသားစားအင်းဆက်တွေ အုပ်ဖွဲ့ပျံသန်းလာလို့။ အက်ဆစ်မိုး ရွာသွန်းဖြိုးလို့။ 

တကယ်လို့ ကမ္ဘာဟာ တကယ်အဆုံးသတ်မျဉ်းပေါ်ရောက်နေပြီလို့ ခံစားလာရပြီဆို မင်းဘယ်မှမပြေးနဲ့တော့။ ဒီခေါင်မိုးပေါ်ကနေ လူသူတိတ်ဆိတ်နေတဲ့ မြို့ကြီးကိုကြည့်။ တခါကရောက်ခဲ့ဖူးတဲ့ အဝေးက တောင်တန်းတွေပေါ်မှာ တောင်ယာမီးရှို့ထားတဲ့မီးခိုးငွေ့တွေနဲ့ အဝေးပြေးလူတွေရဲ့အဝေးပြေးကားမီးတန်းတွေ ရောထွေးယှက်နွယ်နေမှာကို စိတ်ကူးယဉ်ကြည့်။ မင်းစိတ်ကူးကိုမင်းမမြင်နိုင်တော့အောင် နွမ်းနယ်လာတဲ့အခါ ကျောခင်းချလိုက်ပြီး အလင်းနှစ်သန်းပေါင်းများစွာအတိုင်း ငါတို့ဆီရောက်လာခဲ့တဲ့ ကြယ်တွေဆီကိုကြည့်။ 

ဘာစကားမှမပြောချင်ဘူး။ အခြေအနေတွေပုံမှန်ပြန်ဖြစ်သွားတဲ့ထိ မင်းလက်နွေးနွေးလေးကိုကိုင်ရင်း ညကောင်းကင်ကြီးကို အတူငေးနေလို့ရမလား။

-ဆပ်ရိပ်
၂.၉.၂၀


 

Comments