အေမီ

(၁)

သူ့ကို " အေမီ " လို့ ခေါ်ကြတယ်။ သူ့နာမည်အရင်းကို ဘယ်သူမှမသိဘူး။ သူ့နာမည်အရင်းမပြောနဲ့။ သူ့ရုပ်သွင်အမှန်ဘယ်လို ဆိုတာကို သိတဲ့သူတောင်ရှိမယ်မထင်ဘူး။ အကြောင်းက သူ့မျက်နှာမှာ နေကာမျက်မှန်တစ်လက်ကို အမြဲတမ်းတပ်ထားခဲ့လို့ပဲ။ ဆေးလိပ်လည်း အရမ်းသောက်တတ်သေးတယ်။

အေမီက မျက်မှန်ကို နေ့ဘက်တင်မကဘဲ ညဘက်လူမြင်ကွင်းမှာထိ တပ်ထားတတ်တာမို့ သူ့ပုံစံဟာ မြင်လိုက်ရတဲ့သူအတွက် ပုံမှန်ဖြစ်မနေဘူး။ ဒီတော့ သူ့ကိုတွေ့လိုက်တဲ့လူတိုင်းဟာ သူ့အကြောင်းကို နည်းနည်းလေးပဲဖြစ်ဖြစ် ပြောတတ်ကြတယ်။ ရီစရာက အေမီ့အကြောင်း ဘယ်သူမှ ဘာမှမသိကြဘူး။ ဒါပေမယ့် အံ့သြစရာကောင်းလောက်အောင်ပဲ လူတွေဟာ အေမီ့အကြောင်းကို ပြောနိုင်ကြပြန်တယ်။

" စောက်ရူးမလေ။ မျက်မှန်တစ်လက်နဲ့ စတန့်ထွင်နေတာ"

" အပျက်မဖြစ်မှာပါ။ ဒီမြို့မှာ လူသိမခံချင်လို့ လာဇာတ်မြှုပ်နေတာနေမယ် "

" သနားပါတယ်။ ရူးကြောင်ကြောင်လေးပဲ"

" သူဌေးသမီးဇာတ်ပျက်ထင်ပါတယ်"

ဒါကတော့ အေမီ့အကြောင်း သူတို့ပြောကြတာပေါ့။ 

အေမီက အသားဖြူတယ်။ လှတယ်လို့ ပြောလို့ရတဲ့ လက်ချောင်းသွယ်သွယ်တွေရှိတယ်။ ဖြူဖျော့ပြီး တစ်ခါတစ်လေ ပန်းသွေးရောင်တောင် သမ်းနေတတ်တဲ့ ဘယ်ဘက်ပါးပြင်ပေါ်မှာ မျက်ရည်ခံမှည့်လေးရှိသေးတယ်။ ဆံပင်ကိုတော့ အမြဲ ဂုတ်ဝဲလောက် တိထားတယ်။ အေမီ့ပုံစံက ခေတ်ဆန်တယ်။ ဟော့တယ်ပေါ့လေ။ သူ ဘယ်ကလာတယ်။ သူဘာလုပ်တယ်ဆိုတာကိုတေ့ာ ဘယ်သူမှမသိကြဘူး။ သိဖို့ကြိုးစားတဲ့လူတွေဟာလည်း လက်လျှော့လိုက်ရတာများတယ်။ ဆိုပေမယ့် မသိရတဲ့အရာဟာ ပိုစူးစမ်းချင်စရာမှတ်လား။ မြို့က အမျိုးသားတွေအတွက်လည်း အေမီဟာ စိတ်ဝင်စားစရာတစ်ခုဖြစ်လို့နေတယ်။

မြို့ကို အေမီရောက်လာတာ သိပ်မကြာသေးဘူး။ မနက်ဘက်ဆိုရင် လက်ဖက်ရည်ဆိုင်ကို သူရောက်လာပြီး လက်ထဲကိုင်လာတဲ့စတီးချိုင့်လေးနဲ့ လက်ဖက်ရည်တစ်ခွက်ဝယ်တတ်တယ်။ အပြန်လမ်းမှာ မြို့က စာတိုက်ကိုဝင်ပြီး သူ့ဆီ စာရောက်မရောက်ဝင်စစ်တတ်တယ်။ အဲ့ဒီအကြောင်းကိုတော့ စာတိုက်က ဝန်ထမ်းတစ်ယောက်က အေမီ့အကြောင်းသိချင်နေတဲ့တစ်မြို့လုံးကို ပြောပြထားခဲ့တာ။ စာတိုက်ကပြန်လာရင်တော့ အေမီဟာ မြို့အပြင်ဘက် ရထားလမ်းအတိုင်းလျှောက်သွားပြီး ဘာရထားမှမလာတဲ့ဘူတာမှာ ခဏတဖြုတ်သွားထိုင်နေပြန်တယ်။ ဘူတာကနေကြည့်ရင် အဝေးက တောင်တန်းကြီးတွေကိုမြင်ရတယ်။ နေကာမျက်မှန်တပ်ထားလို့ အေမီဘယ်ကိုကြည့်နေတယ် သေချာမသိနိုင်ပေမယ့် သူမျက်နှာမူရာအရပ်ကတော့ တောင်တန်းကြီးတွေဆီကိုပဲ။

ရထားဘူတာကိစ္စကလည်း ရီရတယ်။ သူတို့ဒေသကို ကုန်စည်ကူးသန်းနိုင်ဖို့ ဒေသဖြတ်ကျော်ရထားလမ်းတစ်ခုလုပ်မယ်လို့ အစိုးရကပြောတော့ မြို့ကလူတွေဝမ်းသာကြတယ်။ တစ်ချိန်က သူတို့မြို့လေးဟာ တစ်ခြားမြို့တွေဆီရောက်တဲ့လမ်းက ဆုံမှတ်မြို့တစ်မြို့ဖြစ်ခဲ့ဖူးတယ်။ မြို့အနှံ့ ဧည့်သည်တွေ၊ ခရီးသွားကားတွေနဲ့ 
မြို့တနံတလျားက ဆိုင်တွေမှာ စည်ကားခဲ့ကြတယ်။ ဒါပေမယ့် သူတို့ပျော်ရွှင်မှုတွေဟာ ကြာကြာမခံခဲ့ဘူး။ သိပ်မကြာခင်ပဲ သူတို့မြို့နားမှာ အရေးပါတဲ့ မြစ်ကူးတံတားတစ်စင်းကို အစိုးရကဆောက်လိုက်တော့ ခရီးသွားလာသူတွေဟာ တံတားကနေတဆင့် တစ်ခြားမြို့တွေဆီကို အလွယ်တကူရောက်ရှိနိုင်သွားကြတယ်။ တကွေ့ကြီးပတ်သွားရတဲ့ သူတို့မြို့လေးကနေ ဘယ်သူမှ ဖြတ်မသွားကြတော့ဘူး။

ဒီလိုအချိန်မှာ မြို့ကိုရထားလမ်းဖောက်မယ်ဆိုတော့ မြို့က လူကြီးသူမတွေဟာ တစ်ချိန်က ခေတ်ကောင်းခဲ့ပုံတွေစားမြုံ့ပြန်ကြတယ်။ အဲ့အတောအတွင်းကတော့ မြို့ကလူတွေအတွက် ရထားလမ်းအကြောင်းအပြင် ပြောစရာမရှိဘူး။ ဘူတာနားမှ ကယ်ရီဆွဲဖို့ ဆိုင်ကယ်ပြေးဝယ်သူကဝယ်တယ်။ ထမင်းဆိုင်ဖွင့်ဖို့ပြင်သူကပြင်တယ်။ အစိုးရကလည်း အချိန်တိုအတွင်းမှာပဲ ဖျက်ရမယ့်လယ်မြေတွေအတွက် လျော်ကြေးပေး၊ အလု့ပ်သမားအဖွဲ့တွေစုပြီး အလုပ်တွေစတယ်။ ရထားလမ်းဟာ ပြီးသွားခဲ့ပါတယ်။ ဒါပေမယ့် ဘာရထားမှ မြို့ကိုရောက်မလာဘူး။ ရထားလမ်းဆောက်ခဲ့တဲ့ အစိုးရက မဲရှုံးသွားတယ်။ ဆောက်ခဲ့တဲ့လမ်းကလည်း ရထားနှစ်တွဲထက် ပိုသွားရင် အခြေအနေမဟန်ဘူး။ မိုးရွာရင် နှစ်တွဲတောင် သွားမရဘူး။ နောက်ဆုံးတော့ မြို့က လူတွေဟာ ဘာရထားမှ မဆိုက်တဲ့ ရထားဘူတာတစ်ခုရယ်၊ မြက်ရိုင်းတောအရှည်ကြီးတွေထဲမှာ သံချေးတက်နေတဲ့ရထားသံလမ်းတွေနဲ့ အရင်အတိုင်းကျန်ခဲ့တယ်။ ရထားလမ်းအကြောင်းလည်း ဘယ်သူမှမပြောကြတော့ဘူး။

ဒီလိုမြို့၊ ဒီလိုလူတွေကြားမှာ အေမီဟာ ရထားလမ်းကိစ္စပြီးတဲ့နောက် ပထမဆုံးလူစိတ်ဝင်စားစရာ ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။ ဘူတာကနေပြန်ပြီဆိုရင်တော့ အေမီဟာ စာအုပ်ဆိုင်ကိုဝင်ပြီး သူဖတ်ချင်တာတွေ တပွေ့တပိုက်ငှားသွားတတ်တယ်။ ဘာအလုပ်မှလုပ်တာလည်း မတွေ့ရဘူး။ ဘာချက်စားတယ်ဆိုတာလည်း မသိရဘူး။ တစ်ခါတစ်လေတော့ ညဘက်မှ နေကာမျက်မှန်နဲ့ အိမ်ပြင်ထွက်လာပြီး တရုတ်စာလေးဘာလေး ထွက်ဝယ်စားတတ်တယ်။ မလိုအပ်ပဲ ဘာစကားမှလည်း မပြောဘူး။

ဘာပဲဖြစ်ဖြစ် အေမီ့ကိုမြို့ကလူတွေပုံဖော်ကြတာကတော့ နေကာမျက်မှန်တစ်လက်နဲ့ တစ်ခုခုကို ရှောင်ပုန်းနေတဲ့ ရူးကြောင်ကြောင်၊ ဒါမှမဟုတ်လည်း လှတပတမိန်းမတစ်ယောက်ပေါ့။ မိန်းမပျက်တစ်ယောက်လည်းဖြစ်နိုင်တယ်။ သူဌေးသမီးတစ်ယောက်လည်းဖြစ်နိုင်တယ်။ အေမီကတော့ အဲ့အကြောင်းတွေကို ပြန်ကြားမကြားမသိဘူး။ သိပေမယ့် အေမီ့ပုံစံအတိုင်း ဘာမှမတုံ့ပြန်တာလည်းဖြစ်နိုင်သားပဲ။

ဒါပေမယ့် တစ်ခုသောမနက်မှာတော့ အေမီအိမ်ထဲကထွက်လာတာကို ဘယ်သူမှမတွေ့ရတော့ဘူး။ ညအချိန်မတော်ကားတစ်စီးရောက်လာပြီး လာခေါ်သွားတယ်လည်းပြောကြတယ်။ အထုတ်တစ်ထုတ်နဲ့ တစ်ယောက်တည်းကားစောင့်နေတာမြင်ခဲ့တယ်လို့ ပြောတဲ့သူလည်းရှိတယ်။ အေမီနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေဟာ မသေချာမရေရာတဲ့ ကောလဟာလတွေသာဖြစ်တာမို့ ဘယ်တစ်ခုအမှန်ဆိုတာ မသိကြရပြန်ဘူး။ ဘာပဲဖြစ်ဖြစ် မြို့ကနေ အေမီပျောက်သွားခဲ့တယ်။

(၂)

" လူတွေရဲ့အသက်က နှလုံးသားလို့ တစ်ချို့က ပြောကြလိမ့်မယ်။ ကျွန်မအတွက်ကတော့ လူတွေရဲ့အသက်က မျက်လုံးပဲ။ အဲ့ဒါကိုဖုံးလိုက်တာနဲ့ သူ့အကြောင်းကို ရှင်ဘာမှမသိနိုင်တော့ဘူး။ သူတို့ဘယ်ကိုကြည့်နေလည်း။ ရှင်မသိဘူး။ သူတို့ဘာတွေးနေတယ်ရှင်မသိနိုင်ဘူး။ မျက်လုံးတွေ။ သူတို့က ဘယ်တော့မှ မလိမ်ကြဘူးလေ။

မျက်လုံးတွေရဲ့ အရေးပါမှုကို အမြင်အာရုံမရှိတော့မှ သိမယ်ဆိုတာမျိုးလည်း ကျွန်မပြောချင်တာမဟုတ်။ အဲ့ဒီထက်ကို ကျွန်မအတွက် အရေးပါသေးတယ်။ တကယ်တော့ မျက်လုံးတွေက ခံစားချက်ပဲ။ မျက်လုံးတွေကိုက အသံပဲ။ မျက်လုံးတွေဟာ စကားပြောတတ်တယ်။ ရီတတ်တယ်။ ငိုတတ်တယ်။ နှုတ်ခမ်းချည်းပဲပြုံးရုံနဲ့ အပြုံးဖြစ်မလာဘူးဆိုတာ ရှင်သတိထားမိလား။ မျက်လုံးတွေပါပြုံးနေမှ အပြုံးတစ်ခုက အသက်ဝင်တာ။

လူတစ်ယောက်နဲ့တစ်ယောက်ဆုံတွေ့ကြတဲ့အခါ စပြီးဆက်သွယ်ကြတာလည်း မျက်လုံးတွေနဲ့ပဲ။ လူတစ်ယောက်ဘာဖြစ်နေတယ်ဆိုတာကို မျက်လုံးတွေကိုကြည့်ပြီး အကြမ်းဖျင်းအားဖြင့် ခန့်မှန်းလို့ရမယ်ထင်တယ်။ ဘာစကားမှမပြောပဲ မျက်လုံးတွေနဲ့ပဲ လူတစ်ယောက်ကို ဝမ်းနည်းအောင်လုပ်ချင်လုပ်လို့ရသေးတယ်။ ဒီတိုင်းပြောပြတာပါ။ ကျွန်မပြောနေတာတွေကို ရှင်လက်ခံစရာမလိုပါဘူး။ ကမ္ဘာကြီးမှာ ကိုယ့်အတွေးကို တစ်ယောက်ယောက်က လက်ခံမှ ဆိုတာမျိုးမှ မရှိတာ။ "

(၃)

တစ်ရက်တော့ မြို့ကိုလူတစ်ယောက်ရောက်လာပြီး ကားဂိတ်မှာ လူပျောက်ကြော်ငြာတွေ လိုက်ကပ်သွားတယ်။ ကားဂိတ်က ထမင်းဆိုင်ကိုဝင်ပြီး ဆိုင်ရှင်နဲ့လည်း စကားစမြည်ပြောသွားတယ်။ အဓိကကတော့ ကြော်ငြာထဲက အမျိုးသမီးကိုတွေ့ရင် ဆက်သွယ်ပေးဖို့ပေါ့။ အမျိုးသမီးအကြောင်းကိုလည်း တီးမိခေါက်မိရှိအောင် ပြောပြသွားသေးတာပေါ့။

လူပျောက်ကြော်ငြာထဲက အမျိုးသမီးရဲ့ နာမည်က " ေ၀ " တဲ့။ အဲ့ဒီသူစိမ်းလူ ပြောပြသွားတဲ့ ဝေ့အကြောင်းကလည်း သနားစရာ။ နှမျောတသဖြစ်စရာ။ ရင်ပူစရာပါပဲ။

" ေ၀ " တဲ့။ ဆံပင်ရှည်ဖားဖားကြီးတွေနဲ့ ဝေ။ ငယ်ငယ်ကတည်းက ဗိုင်းကောင်းကျောက်ဖိ၊ ပြစ်မျိုးမှဲ့မထင်နေတတ်တဲ့ဝေ။ သိပ်လှတဲ့ဝေ။ အဲ့ဒီ သိပ်လှတဲ့ဝေဟာ တစ်ရက်တော့ သူ့အိမ်ကနေ အပြီးတိုင်ပျောက်ဆုံးသွားခဲ့တယ်။ ပိုဆိုးတာက ဝေ့အမျိုးသားဟာ တစ်ကိုယ်လုံးဓားဒဏ်ရာအပြည့်နဲ့ ဝေထွက်သွားတဲ့အိမ်မှာ သေဆုံးနေခဲ့တာပဲ။

ဒါပေမယ့် ဝေဟာ ဘဝတစ်လျှောက်လုံး ဓလေ့ထုံးတမ်းတွေနဲ့အညီ ယဉ်ကျေးသိမ်မွေ့စွာနေထိုင်ခဲ့ပြီး အိမ်ထောင်ရှင်မကောင်းတစ်ယောက်လည်းဖြစ်ပြန်တာမို့ ဝေ့အမျိုးသားသေတဲ့ကိစ္စမှာ ဝေ့ကို ဘယ်သူမှတရားခံအဖြစ်မမြင်ခဲ့ကြဘူး။ ရာဇဝတ်မှုထုံးစံအရ သံသယတရားခံစာရင်းကို ထည့်ထားတာရှိပေမယ့် အသိုင်းတဝိုင်းတစ်ခုလုံးဟာ ဝေပျောက်သွားခြင်းဟာ တစ်ယောက်ယောက်က ရန်ပြုပြီး အကြမ်းဖက်ခေါ်သွားလို့ လို့ပဲထင်ကြတယ်။ စိတ်ပူကြတယ်။ အိမ်ပေါ်မှာ သွေးစွန်းနေတဲ့ ဝေ့အင်္ကျီလည်း ကျန်နေခဲ့တယ်။

ဝေ့အမျိုးသားကလည်း ဝေ့ကိုချစ်လွန်းလို့ မရရအောင်ယူခဲ့သူမို့ ခုလိုဖြစ်သွားတဲ့အခါ အားလုံးက သနားကြတယ်။ ဝေတစ်ယောက်ရော အသက်ရှင်လျက်ရှိသေးရဲ့လား မေတ္တာပိုြ့ကတယ်။ ဝေကတော့ လုံးဝပေါ်မလာခဲ့ဘူး။ ဝေ့မိသားစုဟာ ဝေ့အတွက် ဆွမ်းသွပ်ပွဲကလေးကို တိတ်ဆိတ်ညှိုးငယ်စွာနဲ့ ပြုလုပ်ခဲ့ကြတယ်။ အသိုင်းအဝိုင်းတစ်ခုလုံး ယုံကြည်တာကတော့ မနက်၆နာရီထပြီး ဆွမ်းလောင်းတတ်တဲ့ဝေ၊ ယုန်ကလေးတွေမွေးထားပြီး စကားပြောနေတတ်တဲ့ဝေ၊ စံပါယ်ပန်းဖြူဖြူတွေကို မြတ်မြတ်နိုးနိုးပန်တတ်တဲ့ဝေ၊ လူကြီးသူမတွေကို သိတတ်တဲ့ဝေဟာ ဘာအကြောင်းနဲ့မှ လူသတ်သမားမဟုတ်ဘူးဆိုတာကိုပဲ။

ဝေ့အကြောင်းကိုကြားတဲ့အခါ ထမင်းဆိုင်ပိုင်ရှင်က အေမီ့ကို သတိရတယ်။ ဒါပေမယ့် ဘာမှမပြောဖြစ်ဘူး။ ဝေ့ပုံစံနဲ့ ခပ်ဟော့ဟော့အေမီနဲ့က ဘာမှကိုမပတ်သတ်တာ။ ခဏနေတော့ ဟိုလူပြန်သွားတယ်။ လူပျောက်ကြော်ငြာတွေပဲ ကားဂိတ်မှာ ကျန်ခဲ့တယ်။ 

( ၄ )

" လူတစ်ယောက်ကောင်းတယ်ဆိုးတယ်ဆိုတာကို ဘယ်လိုလူတွေက ဝိုင်းပြီးအမှတ်ပေးကြသလဲ။ အဲ့ဒီလူတွေကို ဘယ်သူတွေကပြန်ပြီး အမှတ်ပေးထားကြသလဲဆိုတာကို ကျွန်မသိချင်မိတယ်။

လူတွေကိုကြည့်လိုက်ရင် သူတို့အားလုံးက လူကောင်းတွေချည်းပဲ။ နေရာတိုင်းမှာ ဘာသာရေးကိုင်းရှိုင်းတဲ့သူတွေ၊ မိဘကျေးဇူးသိတတ်သူတွေ၊ ကိုယ်ကျိုးစွန့်နေတယ်ဆိုတဲ့သူတွေ၊ ငါကတစ်ခြားသူလို မယုတ်မာဘူးဆိုတဲ့လူတွေကို ရှင်တွေ့လိမ့်မယ်။ သူတို့အားလုံးရဲ့ ပြသနာက ဘာလဲသိလား။ သူတို့က လူကောင်းဖြစ်ဖို့ဆိုတာကို မွေးရာပါ တံဆိပ်ခပ်နှိပ်ထားတဲ့ ထုတ်ကုန်တစ်ခုလို မှတ်ယူလာကြတာ။ ရှင့်အနေနဲ့ ငါလူကောင်းမဖြစ်ချင်ဘူးလို့ လူတွေကိုပြောခဲ့ရင် သူတို့က ရှင့်ကို ရွံစရာသတ္တဝါတစ်ကောင်လို ကြည့်ကြလိမ့်မယ်။ ရီရတာက သူတို့ကိုယ်တိုင်လည်း သူတို့ကိုယ်သူတို့ထင်နေသလောက် လူကောင်းမဟုတ်ဘူး။ မကောင်းပေမယ့်လည်း ကောင်းတာမှလက်ခံတဲ့လူ့အဖွဲ့အစည်းကနေ ဖယ်ကျဉ်မခံရအောင် အမြဲကောင်းချင်ယောင်ဆောင်နေကြရတော့တာပဲ။ "

ရဲအရာရှိက သွေးအေးအေးနဲ့ တစ်လုံးချင်းဖြေနေတဲ့ အမျိုးသမီးကို ဘာမှပြန်မပြောဘဲ ထိုင်နားထောင်နေတယ်။ အမျိုးသမီးက စကားပြောပြီးတော့ တကယ့်ကို အော်ဂလီဆန်နေတဲ့ပုံနဲ့ ကြမ်းပြင်ပေါ် တံထွေးပျစ်ကနဲထွေးထုတ်လိုက်တယ်။

( ၅ )

လူပျောက်ကြော်ငြာတွေကပ်ထားပေမယ့် မြို့ကို လူပျောက်ကြော်ငြာထဲကနဲ့တူတဲ့ ဘယ်အမျိုးသမီးမှ ရောက်မလာပါဘူး။ ထမင်းဆိုင်ပိုင်ရှင် စကားလက်ဆင့်ကမ်းထားလို့ ဝေ့အကြောင်းကိုတော့ တစ်မြို့လုံးသိနေကြပြီ။ ရက်အတန်ကြာတော့ မြို့မှာ မိုးတွေသည်းကြီးမဲကြီးရွာတယ်။ ရက်ဆက်ပြီးကို ရွာတာ။ မိုးရွာတော့ ကားဂိတ်မှာကပ်ခဲ့တဲ့ လူပျောက်ကြော်ငြာတွေဟာ မိုးရေကြောင့် အရောင်မှိန်ပြီး ရိရွဲစုတ်ပြဲကုန်တယ်။ ပျောက်ဆုံးနေတဲ့ဝေဟာ လူပျောက်ကြော်ငြာအနေနဲ့ပါ ထပ်ပြီးပျောက်ဆုံးသွားခဲ့တယ်။

အေမီဟာလည်း မြို့ကို ဘယ်တော့မှပြန်မလာတော့ပြန်ဘူး။ မြို့က လူတွေအတွက် အေမီရော ဝေရောဟာ ပဟေဠိတစ်ပုဒ်အနေနဲ့ပဲ မေ့ပျောက်သွားခဲ့ကြတယ်။

( ၆ )

" ကျွန်မနာမည် ခင်ထားဝေပါ။ လူတွေခေါ်ကြတာတော့ ဝေပေါ့။ ဘယ်လိုပဲခေါ်ခေါ်အရေးမကြီးပါဘူး။ အခုပြန်ကြည့်ရင် ဝေဆိုတဲ့အမျိုးသမီးဟာ ကျွန်မဆိုတာကို လက်ခံဖို့တောင် မလွယ်ဘူး။ တစ်ခြားတစ်ယောက်ကို မြင်နေရသလိုပဲ။

ကျွန်မအဖေက ဦးတင်မောင်ကြည်။ အမေက ဒေါ်ထားရီ။ ကျွန်မက သူတို့အိမ်ထောင်သက်နောက်ကျမှရတဲ့ တစ်ဦးတည်းသောသမီးဆိုတော့ ကျွန်မကို သူတို့ဘယ်လောက်ချစ်တယ်ဆိုတာ ပြောနေစရာတောင်မလိုဘူး။ ဒါပေမယ့် ရှင်သိလား။ ချစ်တယ်ဆိုတာ ချစ်တိုင်းလည်း မကောင်းဘူး။ မချစ်တတ်ပဲချစ်ရင် ကြောက်စရာကောင်းလွန်းတယ်။ ကျွန်မရခဲ့တာ အဲ့လိုအချစ်တွေချည်းပဲ။

ကျွန်မတစ်သက်လုံး ကြားခဲ့ရတာတွေရှိတယ်။ မိန်းကလေးပီသဖို့၊ ယဉ်ကျေးသိမ်မွေ့ဖို့၊ ဗိုင်းကောင်းကျောက်ပိနေဖို့။ ကျွန်မလည်း နေခဲ့တာပဲ။ စကားနည်းတယ်။ အိန္ဒြေကြီးတယ်။ အရှက်အကြောက်ကြီးတယ်။ လူကြီးတွေစကားနားထောင်တယ်။ လူတွေအတွက် စင်းလုံးချော ချစ်စရာသမီးပျိုလေးလေ။ ဘယ်လောက်နားထာင်လို့ကောင်းလဲ။ အဟင်း ။

ကျွန်မအနေနဲ့ တစ်ယောက်ယောက်က ကျွန်မကို တစ်ခုခုပြောလာခဲ့ရင် အဲ့ဒီအကြောင်းအရာကို လက်ခံပြီး လိုက်ပါပြောဆိုဖို့။ လက်မခံရင်လည်း ဘာမှပြန်မပြောပဲ အများဆုံးလုပ်နိုင်တာက ရီပြီးငြိမ်နေလိုက်ဖို့ပဲ။ ဒါကို ကျွန်မကောင်းကောင်းတတ်မြောက်ခဲ့တယ်။ ကျွန်မဟာ အသိုင်းအဝိုင်းအတွက် ဂုဏ်ယူရတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့တယ်။

ဒီကြားထဲကပဲ ကျွန်မလုပ်ဖြစ်ခဲ့တာ စာအုပ်တွေဖတ်တာပဲ။ ဒါတောင် အိမ်က မကြိုက်လို့ ခိုးပြီးဖတ်ရတယ်။ ဘာပဲဖြစ်ဖြစ် စာအုပ်ထဲကနေ ကျွန်မမသိတာတွေသိရတယ်။ သိပေမယ့်လည်း အိမ်မှာတော့ မသိတဲ့ပုံပဲနေတယ်။ ဘယ်သူ့ကိုမှ ဘာမှပြန်မပြောတတ်ဘူး။ ပြောလည်းမပြောရဲဘူး။

အသက် ၂၀ပြည့်တဲ့နေ့မှာတော့ ကျွန်မဆီကို လူတစ်ယောက်ရောက်လာခဲ့တယ်။ သူ့နာမည်က ကိုအောင်ထွန်းတဲ့။ သူတစ်ယောက်တည်းရောက်လာတာမဟုတ်ဘူး။ သူ့မိဘတွေနဲ့ ကျွန်မကို လာတောင်းရမ်းတာ။ အဲ့ကိစ္စတစ်ခုလုံးကို အဖေက ဘာမှအသိမပေးထားခဲ့ဘူး။ ကြောင်းလမ်းဖို့ စကားခင်းကြတော့ အဖေက ကျွန်မကို တစ်ချက်ပဲကြည့်တယ်။ အဲ့အကြည့်ကို ကျွန်မသိတယ်။ ကျွန်မအမြဲနာခံခဲ့ရတဲ့အကြည့်။ ကျွန်မလက်ခံရမယ့် အကြည့်။ ကိုအောင်ထွန်းကလည်း သူ့မိတ်ဆွေရဲ့သားကိုး။

အံသြစရာကောင်းတာက အဲ့ဒီနေ့က ကျွန်မမှာ ရုတ်တရက်ရောက်လာတဲ့ သတ္တိတွေရှိနေတယ်။ ကိုအောင်ထွန်းတို့ မိသားစုကို ကျွန်မ ငြင်းခဲ့တယ်။ ကျွန်မ လက်မထပ်နိုင်ပါဘူးလို့ကို ပြတ်ပြတ်သားသားငြင်းခဲ့တာ။ နှစ်ဖက်မိဘတွေအကုန် ကျွန်မကြောင့် မျက်စိပျက်မျက်နှာပျက်ဖြစ်ကုန်တယ်။ အဲ့ဒီအချိန် သူတို့မျက်နှာတွေကို ရှင်မြင်စေချင်တယ်။ ကျွန်မဘဝမှာ တစ်ခါမှအဲ့လောက်မပျော်ဖူးဘူး။ သူတို့ဖြစ်ပျက်နေတာကို မြင်ရတာလေ။ ကျွန်မအနေနဲ့ ရှေ့လျှောက်လည်း ကိုယ့်ဘဝအတွက် လူသားတစ်ယောက်လိုရွေးပြီးလျှောက်မယ်လို့ သတ္တိဆက်မွေးနိုင်ခဲ့တယ်။ ဒါပေမယ့်.."

အမျိုးသမီးက သူ့နှုတ်ခမ်းကို ပြတ်ထွက်လုမတတ်ကိုက်ထားတယ်။ သူ့ရဲ့ အေးစက်အသက်မဲ့သောမျက်ဝန်းအိမ်ကနေ မျက်ရည်တစ်ပေါက်စီးကျလာတယ်။ ရဲအရာရှိက စိတ်မသက်သာဟန်နဲ့ တစ်ရှူးတစ်ရွက်ထုတ်ပေးလိုက်တယ်။

( ၇ )

" အဲ့တော့ သူပြောတာက သူ့မိဘတွေကိုယ်တိုင်က သူ့ကိုချောက်ထဲတွန်းချခဲ့တယ်ပေါ့။ ဖြစ်နိုင်ပါ့မလားဗျာ။ အပြစ်ပေါ့အောင် လျှောက်ပြောနေတာဖြစ်မှာပါ "

ရဲအရာရှိ ၂ က ခေါင်းကိုခါယမ်းတယ်။ မှန်ခန်းထဲမှာ ရုပ်အလောင်းတစ်ခုလို ထိုင်နေတဲ့ ဝေ့ကို သူကြည့်နေတယ်။

" သူ့အိမ်ကို လာစေ့စပ်ပြီး မအောင်မြင်တဲ့နောက် နောက်တစ်ပတ်မှာ သူမတရားပြုကျင့်ခံခဲ့ရတယ်။ သူ့အိမ်ထဲမှာပဲ။ အဲ့အချိန်က သူ့အဖေရောအမေရော တစ်ခြားလူတွေရော ဘယ်သူမှရှိမနေဘူး။ တရားခံက အောင်ထွန်းပဲ။ ဒါပေမယ့် ဘာအမှုမှမဖြစ်ခဲ့ဘူး။ အကြောင်းက သူက အောင်ထွန်းကို ယူလိုက်ဖို့ သဘောတူခဲ့တာကြောင့်ပဲ။ "

( ၈ )

" မိန်းမတစ်ယောက်ကို လူတစ်ယောက်က အိမ်ထိလာစော်ကားသွားတယ်။ အဲ့ဒါကိုမိန်းမဘက်က အရှက်ကွဲရမတဲ့လား။ ကိုအောင်ထွန်းလာတောင်းပန်တော့ အမေက ဘာပြောလဲသိလား။ အရှက်တွေသိက္ခာတွေ ရေစုန်မျောရတေ့ာမယ်တဲ့။ အဲ့ခဏလေးမှာ ကျွန်မတစ်ကိုယ်လုံး ကျုံ့ဝင်သွားတော့မတတ် ပျောက်ကွယ်သွားချင်ခဲ့တယ်။

နောက်ဆုံးတော့ ကျွန်မဟာ ကိုအောင်ထွန်းနဲ့ လက်ထပ်လိုက်တယ်။ ရပ်ကွက်ထဲကလူတွေက ကျွန်မနဲ့ကိုအောင်ထွန်းနဲ့ ရည်းစားဖြစ်နေလို့ ကျွန်မဘက်က မဟုတ်တရုတ်ကြံစည်ခိုင်းသလိုတောင်ပြောကြတယ်။ လူတွေကို အဲ့ကတည်းက ရွံသွားတာပဲ။ လူတွေမှာ သူတို့စိတ်တိုင်းကျပစ်ခတ်ဖို့ ပါးစပ်သေနတ်တွေအပြည့်ရှိတယ်။ လူတစ်ယောက်ကို သေအောင်ပစ်နိုင်တယ်။ ကျွန်မအတွက်ကတော့ ဘာမှမထူးပါဘူး။ ကျွန်မက သေလူလေ။ အရင်ကလိုပဲ ဘယ်သူ့ကိုမှ ဘာမှပြန်မပြောတော့ဘူး။

တကယ်တမ်းကျ တဏှာရူးက တဏှာရူးပါပဲ။ မုဒိမ်းကျင့်တာ အတိုအပြတ်ကြောင့် ဘာကြောင့်ညာကြောင့်ဆိုတဲ့ ဆင်ခြေတွေပေးနေကြပေမယ့် ကျွန်မအတွက်တော့ တဏှာရူးက တဏှာရူးပဲ။ တဏှာရူးတွေက လူကောင်းမှကြိုက်တဲ့လူ့အဖွဲ့အစည်းေြ့ကာင့် ဟန်ဆောင်နေကြပေမယ့် လစ်တာနဲ့ တဏှာရူးဖို့ အဆင်သင့်ပဲ။ လူသည် ဆိတ်ကွယ်ရာအရပ်တွင် မကောင်းမှုကိုပြုတတ်သည် ဆိုတဲ့စကားအတိုင်းပေါ့ရှင်။ 

အဲ့ထက်ဆိုးတာက အိမ်ထောင်ကျပြီးနောက်ပိုင်းနှစ်တွေမှာ လက်ပါလာတဲ့ကိစ္စ။ အလိုမကျတိုင်း အရိုက်ခံရတဲ့ကိစ္စ။ အခုတွေးရင်တောင် နာတယ်။ ကျွန်မပုံစံအတိုင်းပဲ ဘာမှပြန်မပြောပြန်မလုပ်နိုင်ခဲ့ဘူး။ ကိုယ့်ကိုယ်ကို အသက်ရှင်နေတယ်လို့လည်း မထင်တော့ဘူး။

တစ်ညတော့ အိပ်ပျော်နေတဲ့ ကိုအောင်ထွန်းမျက်နှာကိုကြည့်ပြီး ကျွန်မတစိမ့်စိမ့်ရွံမုန်းလာတယ်။ စိတ်ထဲပေါ်လာတဲ့အတိုင်း မီးဖိုချောင်ထဲက ဓားတစ်ချောင်းကိုသွားယူပြီး သူ့ရင်ဝကို ထိုးထည့်လိုက်တယ်။ တကယ့်ကို စိတ်ထဲပေါ်လာတဲ့အတိုင်းပဲ။ သူ့ရဲ့ နာကျင်ပြီး အံ့အားသင့်နေတဲ့မျက်နှာကို အရသာခံပြီးကြည့်တယ်။ ပြီးတော့ မျက်လုံးနှစ်လုံးထဲ ဓားထိုးထည့်ပြီး စိမ်ပြေနပြေမွှေနေလိုက်တယ်။

ကျွန်မအားရပါးရလုပ်ခဲ့တာသိလား။ ဟားဟား။ ကျွန်မဟောဒီ့လက်နဲ့ အဲ့ကောင်စောက်လုံးတွေကို ဖောက်ယူခဲ့တာ "

ဝေက စကားပြောနေရာကနေ အားပါလာပြီး ခုံကိုဆောင့်တွန်းလိုက်တယ်။ ရဲအရာရှိက မတ်တပ်ရပ်လိုက်ပြီး လက်ထိပ်ခတ်ဖို့ပြင်တယ်။

အဲ့ခဏမှာ ဒေါသကြောင့် တောက်လောင်နေတဲ့ဝေ့မျက်ဝန်းများတွေဟာ တခဏအတွင်းညှိုးငယ်သွားခဲ့တယ်။ နေရောင်မရတဲ့ ပန်းကလေးလို သေလုမျောပါးနွမ်းနယ်သွားတာ။

" အကြောင်းက သူတို့အားလုံးက ကျွန်မမျက်လုံးတွေကိုဖတ်ပြီး ကျွန်မကိုအနိုင်ယူနိုင်ခဲ့ကြလို့ပဲ။ ကျွန်မရဲ့ပျော့ညံ့မှု၊ တွေဝေမှု၊ ကြောက်ရွံ့မှုအားလုံးကို သူတို့မြင်ပြီး လိုသလိုအသုံးချခဲ့ကြတာ။ "

ရဲအရာရှိက ဝေ့ကိုလက်ထိပ်ခတ်နေတယ်။ ဝေကတော့ စကားပြောနေရင်းနဲ့ ကလေးတစ်ယောက်လို သည်းထန်စွာငိုကြွေးလို့နေတယ်။ တစ်ချိန်က ဆံပင်ရှည်တွေနဲ့ လှခဲ့တဲ့ဝေဟာ အခုတေ့ာ နက်မှောင်နေတဲ့ မျက်တွင်းနက်နက်တွေနဲ့ မျက်ရည်ခံမှည့်ကလေးပဲရှိတော့တယ်။ ဆံပင်ကလည်း ဂုတ်ဝဲအတိမှာ။ သူ့မှာ ဝေနဲ့တူတာ ဘာမှမရှိတော့ဘူး။

"  ဒေါ်ခင်ထားဝေ။ ခင်ဗျားကို လူသတ်မှုနဲ့ ကျွန်တော်တို့ဖမ်းလိုက်ပါပြီ။ တရားစီရင်နေတုန်းမှာ ရှေ့နေငှားပြီး လုပ်ထုံးလုပ်နည်းအတိုင်း ခင်ဗျားအတွက်ခင်ဗျား လုပ်ဆောင်နိုင်ပါတယ်"

ဝေက ရုပ်ရှင်ထဲကလို အသံအနေအထားနဲ့ပြောနေတဲ့ အရာရှိကို စိတ်ပျက်စွာကြည့်တယ်။

" မငှားလို့ရော မရဘူးလား။ ကျွန်မနောက်ဘဝရလည်း အဲ့ကောင်ကို ထပ်သတ်ဦးမှာပဲ။ နောင်တရစရာကိုမရှိဘူး"

ရဲအရာရှိက စိတ်ပျက်တဲ့ပုံနဲ့ ခေါင်းခါယမ်းပြတယ်။ ဝေက စကားတစ်ခွန်းထပ်ပြောတယ်။

" ထောင်ထဲကိုတော့ ကျွန်မနေကာမျက်မှန်ယူသွားလို့ရမယ်မှတ်လား။ ဖြစ်နိုင်ရင် ခုကတည်းကတောင် တပ်ထားချင်တယ်။ လူတွေကျွန်မကို မသိနိုင်တာနဲ့ ကျွန်မနေသားကျနေပြီ။ "

ဒါကိုတော့ ရဲအရာရှိက ခေါင်းငြိမ့်တယ်။ ဝေတဖြစ်လဲ အေမီဟာ နေကာမျက်မှန်ကိုတပ်၊ ခေါင်းကိုမော့လိုက်ပြီး အောင်နိုင်သူတစ်ယောက်လို အမှုစစ်ခန်းထဲကနေထွက်လာတာကို အားလုံးမြင်လိုက်ရတယ်။

( ၉ ) 

မြို့လေးမှာတော့ တစ်ခါကရောက်လာပြီး ထူးဆန်းစွာပျောက်ကွယ်သွားတဲ့ အေမီဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို တစ်ခါတစ်လေ စကားကြုံရင် ပြောဖြစ်နေကြသေးတယ်။ အထူးသဖြင့် နေကာမျက်မှန်တပ်တဲ့သူကို မြင်မိကြရင်ပေါ့။ ဒါပေမယ့် မြူတွေဟာ ရုတ်တရက်ရောက်လာပြီး အစရှာမရအောင် ထိတွေ့မရအောင်ပျောက်ဆုံးသွားရတဲ့ ဘဝဖြစ်ရပ်တွေလို။ သူတို့အတွက် မြို့ကိုရောက်မလာခဲ့တဲ့ ရထားလမ်းအကြောင်းလိုပဲ အေမီ့ကိစ္စဟာ အချိန်နဲ့အမျှ ေ၀ဝါးပျောက်ဆုံးသွားပါတယ်။

-ဆပ်ရိပ်
၆.၅.၂၀

Comments