ချစ်ခြင်းမေတ္တာဖြင့် ကွက်လပ်ဖြည့်ပါ
အီတလီက ကိုးဗစ်လူနာအဘွားကြီးတစ်ဦးက သူ့အတွက်ပေးတဲ့ Ventilator (အသက်ရှူစက်) ကို ငြင်းဆန်ခဲ့ပါတယ်။ အကြောင်းက သူ့ထက်အရေးကြီးမယ်ထင်တဲ့ လူငယ်လူရွယ်တွေကို အသုံးပြုစေချင်လို့ပါ။ သူက လုံလောက်အောင်အသက်ရှင်ခဲ့ပြီးပြီမို့ တစ်ခြား လိုအပ်တဲ့လူနာတွေကို အသက်ရှူစက်ပေးသုံးလိုက်ဖို့ သူဆန္ဒရှိခဲ့ပါတယ်။
ကမ္ဘာအနှံ့မှာရော မြန်မာအနှံ့မှာပါ ရောဂါစဖြစ်ကတည်းက ဆရာဝန်တွေနဲ့ ဆေးဝန်ထမ်းတွေဟာ စစ်သည်တွေလိုပဲ ရှေ့တန်းမှာထွက်ပြီး ကုသရေးလုပ်ဆောင်ကြပါတယ်။ သူတို့ကို ရောဂါကူးနိုင်ချေရှိတာ သူတို့သိတယ်။ သူတို့မိသားစုကို ကူးနိုင်တာလည်း သူတို့သိတယ်။ ဒိီလိုလုပ်တဲ့အခါလည်း စင်းလုံးချောအဆင်ပြေတာမဟုတ်ဘဲ နေရေးစားရေးကအစ အခက်အခဲရှိနေတယ်။ ဒါပေမယ့် သူတို့လုပ်နေကြပါတယ်။
မြန်မာနိုင်ငံမှာ ရောဂါပိုးစတွေ့ကတည်းက လိုတဲ့ပစ္စည်းတွေကို နီးစပ်ရာတနိုင်တပိုင်လှူနေတဲ့သူတွေရှိတယ်။ အစားအစာဝေကြတာရှိတယ်။ ကိုယ်တိုင်ဦးစီးပြီး လူအားငွေအားနဲ့ Volunteer လုပ်နေတဲ့သူတွေရှိတယ်။ Qurantine Centre တွေမှာ ကူညီနေသူတွေရှိတယ်။ မြို့နယ်အလိုက် ကိုယ့်အစီအစဥ်နဲ့ကို ဝိုင်းဝန်းနေကြသူတွေလည်းရှိနေပါတယ်။ အင်း။ Stay at home တွေကလည်း ရောဂါမပျံ့ပွားဖို့ ကူညီနေတာပဲမှတ်လား။ မလွှဲမရှောင်သာ အလုပ်လုပ်နေရသူတွေကလည်း တကယ့်ကို မလွှဲမရှောင်သာလို့မှတ်လား။ သူတို့ကိုလည်း အပြစ်မတင်ရက်ပါဘူး။
ဘာပဲဖြစ်ဖြစ် လူသားဆန်မှုနဲ့ လိုအပ်တဲ့အပိုင်းကို
ဖြည့်ဆည်းကူညီနေကြတဲ့လူတွေအားလုံးဆီမှာ ဒီလိုပြုလုပ်ရတဲ့အပေါ် ထင်ပေါ်လိုစိတ်ရှိကြမှာမဟုတ်ဖူးလို့ ကျနော်ထင်ပါတယ်။ မီဒီယာတွေမှာ ဖော်ပြခံရဖို့၊ နိုင်ငံတော်အဆင့်ဆုတံဆိပ်တွေရဖို့ စတဲ့ မျှော်မှန်းချက်တွေအစား သူတို့မှာအများဆုံးရှိမှာ သူတို့လုပ်ရပ်အတွက် သူတို့ကိုယ်သူတို့ဂုဏ်ယူဖို့၊ သူတို့မိသားစုက ဂုဏ်ယူဖို့၊ နောင်တစ်ချိန်ကိုယ့်မျိုးဆက်တွေကို ပုံပြင်တစ်ပုဒ်လို ပြန်ပြောပြနိုင်ဖို့ ဒီလောက်လေးပါပဲ။ လူသားတစ်ယောက်အနေနဲ့လည်း အဲ့လောက်လေးတော့ရှိပျော်ပါတယ်။
Humanity (n.) လူသားဆန်မှု
လူသားဆန်မှုဆိုတာဟာ (ကျနော့်အထင်ကတော့) လူလူချင်းစာနာသနားတတ်မှု၊ လူကိုလူလို့မြင်မှု၊ လိုအပ်တဲ့အခါ ချစ်ခြင်းမေတ္တာနဲ့ လက်အစုံကို ကမ်းပေးတတ်မှုလို့ထင်ပါတယ်။
ကမ္ဘာကြီးဟာ ဒီစကြာဝဠာထဲမှာ နှစ်သန်းပေါင်းများစွာရှိနေခဲ့တယ်။ လူသားတွေဟာလည်း ကမ္ဘာကြီးနဲ့အတူပဲ။ အလားတူ တောတောင်တွေ၊ တိရစ္ဆာန်တွေ၊ ပန်းတွေ၊ သဘာဝအရင်းအမြစ်တွေဟာလည်း အတူရှိနေခဲ့တယ်။ ကမ္ဘာကြီးမှာ လူသားမျိုးနွယ်စုသမိုင်းနဲ့အတူ အဆိုးဆုံးနေ့တွေလည်းရှိခဲ့ဖူးတာပဲ။ အိုဇုန်းလွှာပါးလျဖူးတယ်။ သစ်တောကြီးတွေ မီးလောင်ဖူးတယ်။ လူတွေအစုလိုက်အပြုံလိုက်သေကြဖူးတယ်။ ဒါပေမယ့် အရာအားလုံးက ဆက်လက်ရွေ့လျားလျက်ပါပဲ။
ကမ္ဘာကြီးမှာ လူဆိုးတွေလည်းရှိခဲ့တယ်။ ကမ္ဘာကြီးမှာ လူတွေအစုလိုက်အပြုံလိုက်သတ်ခဲ့တဲ့သူတွေရှိလိမ့်မယ်။ အကြမ်းဖက်သမားတွေရှိလိမ့်မယ်။ စာသင်ကျောင်းကို လောင်ချာနဲ့ပစ်တဲ့သူတွေရှိလိမ့်မယ်။ သက်ငယ်မုဒိမ်းသမားတွေရှိလိမ့်မယ်။ လူသတ်သမားတွေရှိလိမ့်မယ်။ ပရဟိတ၊လူ့အခွင့်အရေးအကြောင်းပြပြီး လုပ်စားနေသူတွေလည်းရှိလိမ့်မယ်။ လူဆိုးတွေ၊ လူယုတ်မာတွေအများကြီးရှိခဲ့သလို နောက်လည်းရှိနေဦးမယ်။
ဒါပေမယ့်လေ။ ကမ္ဘာကြီးဆက်ပြီးလည်ပတ်နေတာ လူကောင်းတွေကြောင့်ပါ။ လူသားဆန်မှုနဲ့ချစ်ခြင်းမေတ္တာကို ဖြည့်ဆည်းပေးတတ်တဲ့သူတွေကြောင့်ပါ။ ကမ္ဘာကြီးမှာ မာသာထရီဆာရှိခဲ့တယ်။ကမ္ဘာကြီးမှာ ပရဟိတသမားတွေရှိခဲ့တယ်။ ကမ္ဘာကြီးမှာ စိတ်ထားကောင်းတဲ့သူတွေအများကြီးရှိနေပါသေးတယ်။ အီတလီဆေးရုံပေါ်က အဘွားကြီးကစလို့ လမ်းပေါ်ကလူတွေကို ထမင်းထုတ်ဝေနေကြသူတွေကနေ မိဘမဲ့ဂေဟာက ဂစ်တာတီးသံတွေအထိ။ ကမ္ဘာကြီးဟာ အဆိပ်သင့်နေတယ်ဆိုရင် ပန်းတွေလည်းဆက်ပွင့်နေပါသေးတယ်။ (ကို)ကျားပေါက်စကားနဲ့ပြောရရင် ကမ္ဘာကြီးမှာ ကွက်လပ်ဖြည့်နေသူတွေအများကြီးရှိပါတယ်။
ကျနော်ပြောနေတာက ဘာသာတရားအကြောင်း၊ ဝါဒယုံကြည်မှုတွေအကြောင်း၊ နိုင်ငံရေးပါတီတွေအကြောင်း မဟုတ်ဘူး။ လူအချင်းချင်း လူလို့မြင်ပြီး ချစ်ခင်ကမ်းလှမ်းကြတဲ့လက်တွေအကြောင်းပဲ။ ဘဝကရိုက်ခတ်လို့ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်မကောင်းလို့ဖြစ်ဖြစ် ၊ စိတ်ညစ်ညမ်းစရာတွေရှိလာခဲ့ရင်တောင် လူသားဆန်တဲ့ (ဝါ) ကောင်းမွန်တဲ့စိတ်ကလေးကို ဘယ်တော့မှ လွှင့်မပစ်လိုက်ပါနဲ့လား။ လူကောင်းဖြစ်နေမှုကို အရှုံးမပေးလိုက်ပါနဲ့လား။
ကျနော့်ကိုယုံပါ။
ကမ္ဘာကြီး နဲ့ လူသားတွေအခုထိဆက်ရှိနေတာ လူကောင်းတွေကြောင့်ပါ။ အကြမ်းဖက်သမားတွေကြောင့်မဟုတ်ပါဘူး။
-ဆပ်ရိပ်
၇.၄.၂၀
💜
ReplyDelete