အခန်းထဲကတစ္ဆေ (၂)


အခန်းထဲက တစ္ဆေ (၂)

"ကျနော် ညဘက်တွေ အိပ်မပျော်ဘူး"

"အင်း”

"ကြာတော့ကြာပြီ။ အိပ်မပျော်ဘူးဆိုတာ လွယ်လွယ်နဲ့အိပ်မရတာကိုပြောတာပါ။ အိပ်ပြီးရင်လည်း တစ်ချက်တောင်မနိုးဘူး။ သေနေတယ်တောင်ထင်ရတယ်"

"အင်း"

တစ္ဆေဆီက ဘာသံမှမကြားတော့ဘူး။ ကျနော်လည်း လက်အငြိမ်မနေဘဲ အခန်းမီးခလုပ်ကိုဖွင့်လိုက်နဲ့လုပ်နေမိတယ်။ ညမီးရောင်က အဝါရောင်။ ဒါပေမယ့် မှိန်ဖျော့လွန်းတော့ အမှောင်ဘက်သန်းနေသလိုပဲ။

"အိပ်လည်းမအိပ်။ တခြားဘာမှလည်းမလုပ်ပဲ အိပ်ယာပေါ်လှဲပြီး မင်းဘယ်လိုနေနိုင်တာလဲ"

"လူတွေ ဒီလိုပဲလုပ်ကြတာပဲလေ။ ပင်ပန်းတဲ့ကိစ္စမှမဟုတ်ပဲ။ ခင်ဗျားကရော ညဘက်ဘာလုပ်လဲ"

"ငါမနေ့ကပြောဖူးသလိုပဲ။ အမှောင်ထဲလျှောက်သွားတယ်။ သစ်ပင်တွေအောက်ထိုင်တယ်။ လမ်းတွေပေါ် သွားတယ်။ မနက်အလင်းရောင်ရောက်လာရင် ငါပျောက်သွားတယ်။ ညမှောင်ရင် ပြန်ပေါ်လာတယ်။ တခြားဘာလုပ်ရမလဲ"

"ခင်ဗျားဘဝကြီးက ကြောင်တောင်တောင်ပဲ"

"အိပ်ရာပေါ်မျက်လုံးမှိတ်လှဲနေပြီး မအိပ်တဲ့ကောင်ကများ င့ါပြောရတယ်လို့"

စကားဝိုင်းက တိတ်ဆိတ်သွားတယ်။ လက်က အိပ်ရာခေါင်းရင်းကိုမှီထိုင်ပြီး တံခါးဘောင်ကိုခေါက်နေမိပြန်တယ်။

"မအိပ်ဘဲလှဲနေရင်း မင်းဘာတွေစဥ်းစားလဲ"

"ဒီလိုပါပဲ။ ခင်ဗျားက​ရော တစ်ညလုံးဟိုသွားဒီသွားနဲ့ ဘာမှမစဥ်းစားဘူးလား"

"ဟင့်အင်း။ ငါ့စိတ်ကမြင်တာကိုမြင်တယ်ပဲ။ ကြားတာကိုကြားတယ်ပဲ။ အမြင်အကြား အာရုံအားလုံးက ငါ့စိတ်ထဲမှာ ထိပြီးတာနဲ့ ဓာတ်ပြယ်သွားတယ်ထင်တယ်"

"မိုက်တယ်"

"ဘာကမိုက်တာတုန်း"

"အဲ့လိုမြင်ပြီး ပြီးသွား။ ကြားပြီး ပြီးသွားတာက မိုက်တယ်လို့"

"အော်"

"လူတွေက အဲ့လိုမပြီးသွားဘူးလေ။ တစ်ခုခုမြင််တယ်။ အဲ့ဒါက စိတ်ထင့်စရာဆို မပြီးနိုင်မစီးနိုင် စိတ်ထင့်နေတယ်။ တစ်ခုခုကြားတယ်။ အဲ့ဒါက မကောင်းတာဆိုလည်း စိတ်ထဲက အဲ့ဒါကိုတွေးနေတယ်။ ကောင်းတဲ့ပျော်စရာဆိုလည်း ကြိတ်ပျော်နေတာပေါ့ဗျာ။ မှတ်ဥာဏ်က ကျနော်တို့ကို နေ့တိုင်းသယ်ဆောင်သွားနေတယ်။ ဒါပေမယ့်"

"ဒါပေမယ့်" သူ့အသံက မေးတဲ့အသံ။ သိချင်လို့စကားထောက်ပေးတဲ့အသံ။

"ဒါပေမယ့် ဒီရက်ပိုင်း ကျနော့်စိတ်ထဲမှာ ဘာမှမရှိတော့သလိုခံစားနေရတယ်သိလား။ မှတ်ဥာဏ်လည်းရှိမနေသလိုပဲ။ စိတ်ဓာတ်ကျနေတာလည်းမဟုတ်ဘူး။ ကျနော့်စိတ်ထဲက ဗလာပေါက်ကြီးက တဖြည်းဖြည်းကြီးထွားလာနေတယ်ထင်တယ်။ ကျနော်လုပ်စရာရှိတာတွေအားလုံးလုပ်နေပေမယ့် အဓိပ္ပါယ်ရှိတယ်လို့မထင်ဘူး။ ပျော်လည်းမပျော်ဘူး။ ဝမ်းလည်းမနည်းဘူး။ ဒါတွေအားလုံးကို ကျနော့်စိတ်ကလုပ်နေတာမဟုတ်ဘဲ ခန္ဓာကိုယ်ကလုပ်နေတာကို စိတ်က ထိုင်ကြည့်နေရသလိုပဲ။ တစ်နေ့ပြီးတစ်နေ့ကုန်သာကုန်နေတယ်။ ကျနော်ကအခွံသက်သက်ကြီးကို သယ်နေရသလိုမျိုး"

"အဲ့ဒါ မွေးကတည်းကဖြစ်တာလား"

"မွေးကတည်းကဖြစ်မှတော့ ငါးနှစ်သားလောက်တည်းက သတ်သေကုန်ကြမှာပေါ့ တစ္ဆေရာ။ ဘာတွေမေးနေတာလဲ"

"ဟ။ ငါမသိလို့လေ"

"လွန်ခဲ့တဲ့နှစ်တွေ ဆယ်တန်းပြီးကာစကတော့ ကျနော့်မှာ ဒီစိတ်တွေဘယ်ရှိမလဲဗျာ။ ဆယ်တန်းပြိီးမယ်။ အမှတ်ကောင်းကောင်းရမယ်။ ကျောင်းကောင်းကောင်းတက်မယ်။ အလုပ်ရမယ်။ တိုက်တွေကားတွေဝယ်မယ်။ မိသားစုနဲ့ချမ်းချမ်းသာသာနေမယ်။ အသက်ကြီးလာရင် ဘုရားတရားအေးဆေးလုပ်မယ်။ ဒီလိုပေါ့ဗျာ။ ငယ်ငယ်က လူကြီးတိုင်းဖြစ်စေချင်တဲ့ဘဝတစ်ခုပေါ့။ အိပ်ခန်းထဲမှာ မျက်စိမှိတ်လှဲပြီး ညတိုင်းအိပ်မပျော်ဖြစ်နေတာဟာ လူကြီးဘဝပဲလို့ ကျနော်ဘယ်သိခဲ့မလဲ။

ပြီးတော့ မထင်ထားတာတွေဖြစ်လာတယ်။ ဒီထဲမှာ ကျနော်အသုံးမကျတာတွေကြောင့်လည်းပါရင်ပါမယ်။ ဘာဖြစ်ဖြစ် ငယ်ငယ်ကထင်ထားတာတွေတော့ တစ်ခုမှရှိမနေဘူး။ မနက်က ဂျစ်ပစီမိုးတိမ်သီချင်းနားထောင်ဖြစ်တော့ ကျနော့်ကိုကျနော်ပြန်မြင်ရတယ်။"

"သီချင်းဆိုတာ ဘာကြီးလဲ"

"စာသားတွေ။ တီးလုံးတွေပေါင်းထားတဲ့တစ်ခုပေါ့။ လူတွေအတွက် အရေးကြီးတဲ့ထဲပါတယ်ပြောရမယ်။ ဂျစ်ပစီမိုးတိမ်သီချင်းကတော့ ဇော်ဝင်းထွဋ်ဆိုတာ။ ခင်ဗျားနားထောင်ကြည့်မလား။"

"အင်း။ ကောင်းသားပဲ။ ဘာအကြောင်းလဲ"

"လူငယ်တစ်ယောက်အသက်တွေကြီးလာတယ်။ သူက ကဗျာဆရာဖြစ်ချင်ဖူးတယ်။ ပီကာဆိုဖြစ်ချင်ဖူးတယ်။ ကျောင်းပြေးဖူးတယ်။ ဆိုးဖူးပေဖူးတယ်။ သူအသက် ၃၀မှာ သူ့ဘဝကိုပြန်ကြည်တော့ငယ်ငယ်က သူဖြစ်ချင်တဲ့ဘဝနဲ့ နည်းနည်းတောင် နီးစပ်မနေဘူး။ သူကြုံခဲ့တွေက ပြဇာတ်တစ်ပုဒ်လိုပဲတဲ့။ ပြဇာတ်ဆိုတော့ အကောင်းရောအဆိုးရော၊ ရယ်တာရောငိုတာရော ၊ အကုန်ပါနေတာပေါ့လေ

သီချင်းထဲမှာ ကျနော်အကြိုက်ဆုံးစာသားက

"ကြိုတင်ကာဇာတ်ညွှန်းဖတ်မလာသူ
ဘဝဟာ ပြဇာတ်တစ်ပုဒ်ပါပဲ" ဆိုတဲ့နေရာလေး။ အဲ့နေရာမှာ သူဆိုနေ
တဲ့အသံက မျက်လုံးတွေမှိတ်ပြီး သူလုပ်ခဲ့သမျှကို playback အနေနဲ့ပြန်ကြည့်နေတဲ့ပုံနဲ့တူတယ်။

ကျနော်လည်း အသက်၃၀ရောက်ရင် ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ပြန်ကြည့်ရမယ်။ တမေ့တမောကြီး။ မှတ်ဥာဏ်ပန်းခင်းကြီးထဲ ဝင်ပစ်ဦးမယ်။ အမေကျောင်းလိုက်ပို့တုန်းက လမ်းပေါ်က ဗွက်အိုင်ထဲခုန်ခုန်ချပြီး ပျော်နေတဲ့ကလေးလေးဟာ နောက်အနှစ် ၃၀မှာ ဘာတွေလုပ်နေတယ်ပေါ့ဗျာ။ ပျော်ရမောရမှာပဲနော်။ စိတ်ထိခိုက်စရာတွေလည်းအများကြီးပါမှာပဲ"

"အင်း"

"သီချင်းနားထောင်မယ်မှတ်လား။ ဖွင့်ပြမယ်။"

"လုပ်လေ။ မင်းပြောတာ စိတ်ဝင်စားစရာပါပဲ"

အိပ်ရာပေါ်မှောက်ထားတဲ့ဖုန်းကိုကိုင်ပြီး သီချင်းရှာနေလိုက်တယ်။ တစ္ဆေက ပြတင်းပေါက်ဘောင်ကို တက်ထိုင်လိုက်ပုံရတယ်။ တံခါးက ကျွီခနဲအသံမြည်ပြီး အကျယ်ကြီးပွင့်သွားခဲ့တယ်။

"ခင်ဗျားဘာလုပ်နေတာတုန်း"

"လရောင်ကိုငေးနေတာလေ။ င့ါခြေထောက်တွေချပြီး ဘောင်ပေါ်ထိုင်နေတယ်။ သီချင်းနားထောင်ရင်အဲ့လိုပဲလုပ်ရတာမှတ်လား"

"ဟင်။ ဘယ်ကတွေ့လာတာလဲ။ လူတိုင်းမလုပ်ကြပါဘူး။"

"မနေ့က မအိပ်သေးတဲ့ကောင်လေးတစ်ယောက်သီချင်းဖွင့်ပြီးအဲ့လိုထိုင်နေတာတွေ့လိုက်တာပဲ။ သူလရောင်ကိုငေးနေတဲ့ပုံကို ငါသဘောကျတယ်။ သူလုပ်နေရတာကို သူကျေနပ်နေတဲ့ပုံ"

"အော်"

သီချင်းဖွင့်လိုက်တော့ အင်ထရိုဂစ်တာသံချိုချိုလေးဝင်လာတယ်။ တစ္ဆေဆီက ဘာသံမှမကြားရ။ ကျနော်လည်းနံရံကိုမှီ၊ ကိုယ်ကိုနည်းနည်းစောင်းလိုက်ပြီး လရောင်ကို ငေးနေမိတယ်။ ပြီးတော့ သီချင်းဆုံးခါနီးစာသားတွေမှာ တိမ်ဝင်သွားတဲ့ ဇော်ဝင်းထွဋ်ရဲ့အသံ။

"ဘဝကအပြောင်းကြီးပြောင်းလဲခဲ့
မရည်ရွယ်တာအကုန်လုံးဖြစ်လာတယ်
မယုံနိုင်ဘူးရုပ်ရှင်ကြည့်ရသလို
ဘဝဟာပြဇာတ်တစ်ပုဒ်ပါပဲ"

-ဆပ်ရိပ်
၉.၃.၂၀၂ဝ

Comments