ဇာတ်ကောင်များအကြောင်း



ဇာတ်ကောင်တွေအကြောင်းပြောကြစို့။

နေ့စဥ်ဘဝဟာ စက်ဝိုင်းတစ်ခုလို သံသရာလည်နေတယ်။ လူတွေအားလုံးက ကိုယ်ရောက်နေတဲ့ကဏ္ဍက လုပ်စရာအသီးသီးကို ပုံမှန်လုပ်ကိုင်ကြတယ်။ အဲ့ကနေမှ ကိုယ့်အတွက်ပိုကောင်းမယ်ထင်တာလေးတွေရှာကြတယ်။ ရလာတဲ့အခါ အဲ့ကောင်းတာလေးတွေကို ထိန်းသိမ်းဖို့နဲ့ ပိုကောင်းတာရရှိဖို့ ဆက်ပြီးပုံမှန်လုပ်ကိုင်ရပြန်တယ်။ ဒီသံသရာထဲကနေ နွမ်းနယ်လာတဲ့အခါမှာတော့ ရုပ်ရှင်လေး၊စာအုပ်လေး၊သီချင်းလေးတွေနဲ့ ဖြေသာပေါ့။ ယမကာလေးမှီဝဲပေါ့။ ခရီးလေးဘာလေးသွားပေါ့။ ဒီလိုသံတူကြောင်းကွဲ ပျင်းစရာကောင်းတဲ့နေ့စဥ်ဘဝထဲကိုရောက်လာတာကတော့ ဇာတ်ကောင်တွေဖြစ်ပါတယ်။

ဇာတ်ကောင်တွေဟာ ပုံမှန်လူသားကမ္ဘာကိုငြီးငွေ့လာတဲ့ စိတ်ကူးယဥ်သူတွေဆီကနေတဆင့် ကျနော်တို့ဆီကိုရောက်လာကြတယ်။ စိတ်ကူးယဥ်မှုဟာ အတိုင်းအဆမဲ့တဲ့အတွက် ဇာတ်ကောင်ဖန်တီးသူတွေဟာ သူတို့စိတ်ကြိုက်ကမ္ဘာတွေကိုဖန်ဆင်းပြီး ကျနော်တို့ရဲ့ ပုံမှန်ကမ္ဘာထဲကို ပစ်ထည့်ပေးနိုင်လာတယ်။ စိတ်ကူးထဲမှာ လက်ထဲကလည်းမီးတောက်နိုင်တယ်။ တိရစ္ဆာန်တွေကလည်း စကားပြောနိုင်တယ်။ ဒီလို စိတ်ကူးယဥ်မှုပန်းပွင့်တွေဟာ ကျနော်တို့ရဲ့ကမ္ဘာထဲကို စက်သေနတ်တစ်ခုနဲ့ဒရစပ်ပစ်သလို ကျူးကျော်ဝင်ရောက်လာခဲ့တယ်။ ဒါပေမယ့် သူတို့ကျူးကျော်မှုက နူးညံ့လွန်းတော့ ကျနော်တို့ခေါင်းငုံ့ပေးလိုက်ရတယ်။ ထပ်ဆောင်းအနေနဲ့ ကျနော်တို့ခေါင်းထဲက စိတ်ကူးယဥ်တံခါးကိုပါဖွင့်ပြီး သူတို့ကိုနေရာပေးလိုက်ကြရတယ်။ 

အိမ်ထဲမှာ ကြွက်တစ်ကောင်ရှိနေတယ်။ ကြွက်ဆိုတဲ့ သတ္တဝါဟာ ညစ်စုတ်တယ်။ အစားအစာတွေ၊ အဝတ်အထည်တွေကို ကိုက်တယ်။ အခန့်မသင့်ရင် ကျန်းမာရေးကိုတောင်ထိခိုက်နိုင်တယ်။ ကြွက်တစ်​ကောင်လိုချင်လားလို့ တစ်ယောက်ယောက်ကမေးလာခဲ့ရင် ဟင့်အင်းလို့ ဖြေကြမှာပဲ။ ဒါပေမယ့် ဂျယ်ရီ့ကို ချစ်လားဆိုရင်တော့ အားလုံးက ခေါင်းတွေပြိုင်တူငြိမ့်ကြလိမ့်မယ်။ တွမ်နဲ့ဂျယ်ရီဟာ ကျနော်တို့အပေါ်အများကြီးလွှမ်းမိုးနိုင်ခဲ့တယ်။ သူ့ထဲကဇာတ်ကောင်တွေဟာ အရှိတရားကနေလည်း သွေဖယ်မသွားဘူး။ အိမ်က အစားအစာတွေကို ခိုးစားနေတဲ့ ကြွက်ကလေးဂျယ်ရီ နဲ့ သူ့ကိုဖမ်းဖို့အမြဲကြိုးစားတဲ့ ကြောင်ကြီးတွမ်၊ ခွေးပေါက်လေးကို အမြဲကာကွယ်ပေးနေတဲ့သူ့အဖေခွေးဘီလူးကြီး၊ ဂျယ်ရီရှိတာကို မနှစ်မြို့တဲ့အိမ်ရှင်၊ တွမ်လို ကောင်းကောင်းမနေရတဲ့ လမ်းပေါ်ကကြောင်မည်း စသဖြင့် ဇာတ်ကောင်တွေဟာ နေ့စဥ်ဘဝကိုအခြေခံတည်ဆောက်ထားတယ်။ ဒါပေမယ့် အဲ့အပေါ်ကို ဇာတ်ကောင်တွေရဲ့ချစ်စရာနဲ့သနားစရာကောင်းမှုတွေ၊ အပြန်အလှန်ဥာဏ်ကစားမှု၊ ရီစရာတွေ ဇာတ်အိမ်တွေပေါင်းထည့်လိုက်တဲ့အခါမှာတော့ ကြောင်နဲ့ကြွက်ကို ကျနော်တို့ပျော်ရွှင်စွာလက်ခံလိုက်ကြတယ်။ ကိုယ့်အိမ်ထဲက ကြွက်ကလေးကို ဂျယ်ရီဖြစ်စေချင်လာတယ်။ ဇာတ်လမ်းထဲက အသားတုံးကြီးတွေကို အိပ်မက်မက်ကြတယ်။ ကျနော်တို့အသက်တွေဘယ်လောက်ကြီးလာလာ တွမ်နဲ့ဂျယ်ရီကတော့ နုပျိုလတ်ဆတ်နေတုန်းပဲ။ ဇာတ်လမ်းဖွင့်လိုက်တာနဲ့ ဂျယ်ရီက တွမ်ရဲ့အမြီးကို ကြွက်ထောက်ချောင်ထဲပစ်ထည့်နေတုန်း၊ ဂေါ်ပြားကြီးကြောင့် တွမ်ရဲ့မျက်နှာပြားသွားတုန်း၊ ခရစ္စမတ်အရမ်းအေးတဲ့ညက အပြင်မှာအိပ်ရလို့အေးခဲနေတဲ့ဂျယ်ရီ့ကို အိမ်ထဲပြန်ထည့်ပြီး နွေးထွေးအောင်ပြုစုတဲ့တွမ့်ကို ကျနော်တို့ချစ်နေကြရတုန်း။ ဟုတ်တယ်မှတ်လား။

ကျနော်တို့ငယ်ငယ်က အရုပ်တွေက ကျနော်တို့မသိတဲ့အချိန်မှာ သူတို့အချင်းချင်းစကားပြောနေကြမယ်ဆိုရင်ရော။ Toy Story ဟာ နောက်ထပ်ချစ်စရာကမ္ဘာတစ်ခုကို ကျနော်တို့စိတ်ကူးယဥ်မှုထဲပေါင်းထည့်ပေးခဲ့တယ်။ ဇာတ်ကြောင်းပြောသူဟာ သူ့အလုပ်သူလုပ်နေတယ်။ သူ့စိတ်ကူးယဥ်မှုကို ချပြတယ်။ သူဘာမှမပြောပေမယ့် Toy Story ကို ကြည့်ပြီးတဲ့အခါ အိမ်ကအရုပ်တွေကို ပြီးစလွယ်တက်နင်းတာ၊ လွှတ်ပစ်တာတွေလုပ်ဖို့ ကျနော်အားနာခဲ့ရတယ်။ တစ်ခါတစ်လေများ တကယ်သူတို့စကားပြောနေလားလို့ ချောင်းကြည့်ခဲ့ရတယ်။ အန်ဒီအသက်ကြီးလာလို့ အရုပ်တွေကို ပိုင်ရှင်အသစ်ဆီလက်လွှဲယူမယ့်နေ့ကပေါ့။ အန်ဒီဟာ ပိုင်ရှင်ကလေးလေးနဲ့အတူ ဝူဒီ၊ ဘဇ်လိုက်ရီးယားတို့နဲ့တစ်နေကုန်ပျော်ရွှင်စွာကစားတယ်။ အရုပ်တစ်ရုပ်အတွက် အကောင်းဆုံးနှုတ်ဆက်ခြင်းက နောက်ဆုံးကစားခြင်းပဲလေ။ အန်ဒီထွက်သွားတော့ "So long ,partner" လို့ မျက်ရည်ဝဲပြီးနှုတ်ဆက်တဲ့ ဝူဒီ့ကိုကြည့်ပြီး ကျနော်လည်း မျက်ရည်ကျရတယ်။ Toy Story ဟာ ကျနော်တို့ရဲ့ ကလေးဘဝကိုရော ကြီးပြင်းလာမှုကိုပါ ကောင်းကောင်းကြီးထင်ဟပ်နိုင်ခဲ့တယ်။

ဇာတ်ကောင်တွေအကြောင်းပြောမယ်ဆိုရင်တော့ အများကြီးပေါ့။ နောက်ထပ် ကမ္ဘာတွေအများကြီး၊ စိတ်ကူးယဥ်စရာတွေအများကြီး။ My neighbour totoro ကြောင့် ကိုယ့်အနားမှာရော ချစ်စရာသတ္တဝါကြီးတွေရှိနေမလားလို့ ရှာခဲ့တယ်။ ဟယ်ရီပေါ်တာဟာ ကျနော်တို့ရဲ့ ခဲတံတွေကိုဝှေ့ယမ်းပြီး "အိတ်စပပ်တို ပတ်ထရိုနမ်" လို့ ရွတ်စေခဲ့တယ်။ ငြီးငွေ့စရာနေ့စဥ်ဘဝထဲကို ဇာတ်ကောင်တွေကြောင့် နဂါးကြီးတွေရောက်လာတယ်။ ကယ်ရိုလင်းရောက်လာတယ်။ အီးတီနဲ့ဘိုဘိုရောက်လာတယ်။ လူပျိုကြီးပိုးဇာရောက်လာတယ်။ အိုင်းယွန်းမန်းရောက်လာတယ်။ ဘတ်မန်းရောက်လာတယ်။ ဒင်းနဲ့ဆမ်ရောက်လာတယ်။ အသက်ရှင်မှုထဲမှာ အရေးပါတဲ့ပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားစရာကောင်းမှုကို ဇာတ်ကောင်တွေဆီကနေ ကျနော်တို့ရရှိခဲ့ကြပါတယ်။

ဒီအတွက် ဇာတ်ကောင်တွေကိုရော၊ ဖန်တီးသူတို့ကိုရော လေးလေးနက်နက်အသိအမှတ်ပြုပါတယ်။ ကျနော်တို့ဟာ သက်တမ်းရှိသရွေ့ရှင်သန်ကြမယ်။ တစ်နေ့မှာ အားလုံးကိုနှုတ်ဆက်ကြရမယ်။ ဒါပေမယ့် ဇာတ်ကောင်တွေကတော့ အမြဲတမ်း သူတို့ရဲ့ကမ္ဘာလေးမှာ တည်ရှိနေလိမ့်မယ်။ ကျနော်တို့နဲ့အတူရှိနေကြလိမ့်မယ်။ ဝေဝါးမသွားဘူး။ ပျောက်ကွယ်မသွားဘူး။ တစ်ခြားကမ္ဘာတွေမှာ နတ်ပြည်၊ငရဲပြည်၊ ဂြိုလ်သားတွေရှိနေတယ်ဆိုတဲ့အယူအဆလိုပဲ ဇာတ်ကောင်တွေဟာ ကျနော်တို့ကမ္ဘာမဟုတ်တဲ့နေရာတစ်ခုမှာ ပျော်ရွှင်စွာတည်ရှိနေကြပါလိမ့်မယ်။ တွက်ပီက တောထဲဝင်တိုင်း " မြိုင်ရာဇာတွတ်ပီ လာပြီဟေ့"လို့အော်တဲ့အခါ ဗိုက်ကလေးက " တပည့်ကျော်ဗိုက်ကလေးလည်းပါတယ်နော်" လို့ အော်နေမယ်။ လူပျိုကြီးပိုးဇာဟာ ကောင်မလေးတွေနဲ့ ဘယ်တော့မှကံမစပ်။ အရုပ်ကလေးတွေဟာ အချင်းချင်းစကားပြောနေကြတယ်။ ဒင်းနဲ့ဆမ်ဟာ အမေရိကားပတ်ပြီး သရဲတွေကို ဆားသေနတ်နဲ့ပစ်နေတယ်။ အိမ်နောက်ဖေးတံခါးက အံဝှက်ကိုဖွင့်လိုက်ရင် လူပုလေးတွေနေတဲ့ကမ္ဘာတစ်ခုရှိနေမယ်။ နဂါးကြီးတွေ မျိုးသုန်းသွားတယ်ဆိုတာမဟုတ်သေးဘူး။ 

ဇာတ်ကြောင်းပြောသူတွေရဲ့ ဇာတ်ကောင်တွေဟာ စင်ဒရဲလားရဲ့ဖန်ဖိနပ်လို ကျနော်တို့နှလုံးသားမှာ ကျန်နေခဲ့တယ်။ ဒါပေမယ့် ဖန်ဖိနပ်ဟာ အရိပ်သက်သက်။ ဆုပ်ကိုင်ထိတွေ့မရဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ကို တကယ်ရှိစေချင်ကြတယ်။ သူတို့အားလုံးနဲ့အပြင်မှာတွေ့ပြီး သူတို့ကိုဘယ်လောက်ချစ်ကြောင်း စကားတွေပြောခဲ့ရရင် သိပ်ပျော်ဖို့ကောင်းမှာပဲလို့ ကျနော်စဥ်းစားမိပါတယ်။

-ဆပ်ရိပ်
၄.၃.၂၀

Comments