လူအုပ်ထဲမှာပျောက်ဆုံးခြင်း


ခင်ဗျားက ပါတီပွဲတစ်ခုကိုရောက်နေမယ်။ မီးရောင်တဖျတ်ဖျတ်နဲ့ စိတ်လှုပ်ရှားစရာဂီတသံနဲ့။  ခင်ဗျားဘေးမှာလည်း လူတွေအများကြီးရှိနေတယ်။ အဲ့ဒီလူအုပ်ကြီးရဲ့ အလယ်မှာ ရောက်နေတာတောင်ဖြစ်နိုင်တယ်။ ဒါပေမယ့် ထူးဆန်းတဲ့ခံစားချက်က ခင်ဗျားစိတ်မှာ အရမ်းအထီးကျန်ဆန်နေတာပဲ။ မပျော်ရွှင်နေတာပဲ။ ရယ်မောပျော်ရွှင်နေတဲ့လူတွေရဲ့မျက်နှာတွေကို အဓိပ္ပါယ်မဲ့ငေးမောရင်း ဒီလူတွေကြားကနေ ခင်ဗျားထွက်ပြေးချင်လာလိမ့်မယ်။ နောက်ဆုံးတော့ ပါတီရဲ့အပြင်ဘက်ကိုရောက်သွားမယ်။ အမှောင်ထုကိုငေးမယ်။ ဆေးလိပ်တစ်လိပ်လောက်ထုတ်ဖွာမယ်။ ခုနကထက် စိတ်သက်သာရာရလာပေမယ့် ပိုဆိုးတဲ့အချက်က ငါသူတို့လိုဘာလို့မပျော်တာလဲဆိုတဲ့စိတ်ဟာ ခင်ဗျားကိုပိုဝမ်းနည်းနေတာပဲ။ နောက်ဆုံးတော့ လူတွေကိုတောင်နှုတ်မဆက်တော့ပဲ အမှောင်ထုအတိုင်း တစ်ယောက်တည်းအိမ်ကိုပြန်ခဲ့မယ်။ ကားမှတ်တိုင်မှာ ခင်ဗျားမသိတဲ့သူစိမ်းတွေရဲ့မျက်ဝန်းတွေ ခင်ဗျားကိုစောင့်နေတော့မယ်။

ဒီအဖြစ်အပျက်မျိုးကို တစ်ခါမကခံစားလာရတဲ့အခါ တစ်ခုခုများမှားယွင်းနေပြီလားလို့ ကျနော်စဥ်းစားမိတယ်။ ကျနော့်ကိုယ်တွင်းမှာ ဒါမှမဟုတ်လည်း ကျနော့်အာရုံကြောတွေမှာ ကြွက်တစ်ကောင်ဝင်ရောက်ကိုက်ဖြတ်သွားခဲ့ပြီလားပေါ့။ ပိုနားမလည်နိုင်စရာက အဲ့ဒီအထီးကျန်ခြင်းရှိနေတာကပဲ ကျနော့်စိတ်ကိုလုံခြုံနေ​စေတယ်ဆိုတဲ့ စိတ်ခံစားမှုပဲ။ အထီးကျန်ခြင်းဟာ လူတစ်ယောက်လိုမျိုး အခန်းထဲမှာ ကျနော်နဲ့အတူရှိနေသလိုမျိုးပေါ့။ တစ်ခြားဘယ်သူမှတော့ရှိမနေတော့ဘူး။ ကျနော်ဘာဖြစ်နေတယ်မသိသလို သိဖို့လည်းမကြိုးစားဘူး။ အဲ့အစား ကားပြတင်းပေါက်မှာ နားကျပ်တပ်ရင်း လူသေကောင်လို ငြိမ်သက်မျောပါနေခဲ့မိတယ်။

အထီးကျန်ခြင်းဟာ အခုခေတ်လူနေမှုဘဝက လူတွေရဲ့အရေပြားထဲကို တဆစ်ဆစ်ထိုးဖောက်ဝင်ရောက်လာနေတယ်။ အထီးကျန်တယ်ဆိုတာနဲ့ တစ်ကိုယ်တည်းဖြစ်နေတယ်လို့ ဆိုလိုတယ်လည်းမဟုတ်ပြန်ဘူး။ ကျနော်ဆို Social ကျတယ်လို့ပြောနိုင်တဲ့အထဲမှာပါတယ်။ ဘယ်သူ့ကိုမဆို ကျနော်ဆက်သွယ်လို့ရတယ်။ ဖုန်းတစ်ချက်ဆက်ရုံ၊စာတစ်စောင်ပို့ရုံနဲ့ အလွယ်တကူဆက်သွယ်နိုင်တယ်။ 

ဒါပေမယ့် အဲ့ဒီအရာအားလုံးဟာ ကျနော်ဆက်သွယ်ချင်တဲ့သူတွေဟုတ်မနေခဲ့ရင်ရော။ ကိုယ်လိုချင်တာမရတဲ့အခါ လူတွေအသည်းကွဲရတာပဲ။ တခြားဘာတွေရရ၊ ဘယ်လောက်များများရရ။ ကျနော်လိုနေတာက ပျော်ရွှင်မှုနည်းနည်းပါးပါးပါ။ ဒီတော့ အဲ့လုပ်ရပ်တွေအားလုံးဟာ အဓိပ္ပါယ်တစ်ခုခုရှိတယ်လို့ မခံစားရစေတဲ့အခါ ကျနော် newfeed ကြည့်တယ်။ရယ်စရာတွေ့ရင်ရီတယ်။ ဒီနည်းအားဖြင့် ကျနော်ဟာ လူမှုကွန်ရက်အလွန်အကျွံအသုံးပြုသူတစ်ယောက်ပါ ဖြစ်လာပြန်တယ်။ ဆင်ခြေပေးစရာတစ်ခုက လူမှုကွန်ရက်မှာ ကျနော့်ကိုယ်ပိုင်ကမ္ဘာတစ်ခုရှိနေခဲ့လို့ပဲ။ ရယ်စရာတွေပဲတင်နေတဲ့ကျနော်၊ ပျော်နေတဲ့ကျနော့်ကို ကျနော့်အကောင့်မှာ အမြဲတွေ့ရတယ်။ အဲ့ကမ္ဘာမှာလည်း ကျနော်​ပျော်နေတယ်။ ကြယ်တွေကိုမြင်နေရတာဟာ အခုပုံရိပ်မဟုတ်ပဲ လွန်ခဲ့တဲ့အလင်းနှစ်တွေအများကြီးတုန်းက ပုံရိပ်ပါတဲ့။ ကျနော်ပျော်နေတဲ့ကမ္ဘာဟာလည်း ကြယ်တွေရဲ့ပုံရိပ်တွေလိုပဲ။ အပြင်ဘဝမှာတော့  မြို့ပျက်ကြီးတစ်ခု။ မြို့ပျက်ကြီးဟာ လူသူကင်းမဲ့လျက်။ ကျနော့်သူငယ်ချင်းတွေနဲ့ မတွေ့ဖြစ်ဘူး။ လူတွေနဲ့စကားသိပ်မပြောဖြစ်ဘူး။ အားလုံးက အဆက်အသွယ်တွေပြတ်တောက်လျက်။ ဦးတည်ရာကင်းမဲ့လျက်ပါပဲ။

ကျနော့်ကို တစ်ယောက်ကပြောဖူးတယ်။ ပေ့ချ်မှာ ပျော်တဲ့အကြောင်းလေးဘာလေးရေးတင်ပါလားတဲ့။ ကျနော်ထင်တာကတော့ ပျော်ရွှင်စရာအားလုံးဟာ ပျော်လိုက်ရုံနဲ့ အဆင်ပြေပါတယ်။ ပျော်ရွှင်ပြီးတဲ့အခါ ငါပျော်တယ်ငါပျော််တယ်ဆိုတဲ့ ဆက်စပ်ခံစားမှုမျိုးရှိမနေတော့ပဲ မှတ်ဥာဏ်တစ်ခုအနေနဲ့ သူ့ဘာသာ နေရာယူလိုက်ပါတယ်။ ဝမ်းနည်းစရာကျတော့ ဆက်လျက်အားဖြင့် စိတ်ထဲမှာဝါဂွမ်းစတွေလို ဆို့နေတယ်။ မွန်းကျပ်မှုကြီးနဲ့ ရုန်းကန်ရတယ်။ ဒီခံစားချက်ကို တော်တော်များများက ကြိတ်မှိတ်ခံကြပါတယ်။ တစ်ချို့ကလည်း သူတို့ဘာဖြစ်နေတယ်မပြောချင်တော့လို့။ တစ်ချို့ကလည်း မပြောတတ်လို့။ ကျနော်ကတော့ စာပဲရေးတယ်။ စိတ်ရဲ့အရိအရွဲတွေကို စကားလုံးအနေနဲ့အန်ချရတာ ပေါ့ပါးမှုတစ်မျိုးပဲ။ နောက်တစ်ခုက ဒီအရေးအသားတွေအပေါ်ကို အပြင်ဘဝမှာထုတ်ပြောသလို မေးငေါ့ပြီး " နင်ဂေါက်နေပြီ" လို့ အပြောခံရဖို့ရှိမနေခဲ့ဘူး။ 

မပျော်ရွှင်မှုလို့ပြောလိုက်ရင် အခန်းထဲအောင်းမယ်။ ငိုမယ်။ မီးပိတ်ထားမယ်။ အခန်းထောင့်မှာ ထိုင်နေတယ်ဆိုတာမျိုးတွေလို့ ပြေးမြင်တတ်ကြပေမယ့် တကယ်တမ်းကျ အဲ့ဒါက ဝမ်းနည်းမှုပါပဲ။ မပျော်ရွှင်ခြင်းကတော့ နေရာတိုင်းမှာရှိနေတယ်။ လူအုပ်ထဲမှာတိုးဝှေ့သွားလာနေတယ်။ အလုပ်တွေလုပ်ရင်းရှိနေတယ်။ သူငယ်ချင်းတွေနဲ့ထိုင်နေတုန်း ရောက်လာတယ်။ လှည်းတန်းတံတားပေါ်ရောက်တိုင်း ပလက်ဖောင်းပေါ်ကလူတန်းကြီးကို ကျနော်အမြဲငေးတယ်။ မပျော်ရွှင်ခြင်းမှာ ကျနော်ပျော်နေတယ်ထင်တယ်။ တစ်ခုရှိတာက ခင်ဗျားမှာ ဒီခံစားချက်မျိုးရှိနေခဲ့ရင်လည်း ကျနော်နားလည်နိုင်ပါတယ်။ တစ်ခြားဘာမှမလုပ်ပေးနိုင်ပေမယ့် ကျနော်တကယ်နားလည်ပါတယ်။ ဒါဟာ ခင်​ဗျားတစ်ယောက်တည်းဖြစ်နေတာမဟုတ်ဘူးရယ်။

Chester ရဲ့ မကွယ်လွန်ခင်နေ့မှာ သူဟာသူ့မိသားစုနဲ့ ရယ်မောပျော်ရွှင်နေတယ်။ နောက်ညကျတော့ သူ့ကိုယ်သူသတ်သေသွားတယ်။ တစ်ခြားဆူဆိုက်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ရော်ဘင်ဝီလျံဟာလည်း အမြဲဟာသတွေပြောနေတတ်တဲ့သူ။ ဒီလိုလူတွေအများကြီးပဲ။ အထီးကျန်ခြင်းနဲ့စိတ်ကျခြင်းဟာ လက်ကောက်ဝတ်ကို ဘလိတ်ဓားနဲ့ခြစ်ပြနေမှရယ်မဟုတ်။ ကွယ်လွန်သူတွေ ရယ်မောနေခဲ့ပေမယ့် သူတို့စိတ်ထဲဘာရှိနေတယ်လို့ ဘယ်သူမှမသိနိုင်ခဲ့​ကြဘူး။ 

ဘယ်သူ့စိတ်ထဲ ဘာရှိနေတယ်ဆိုတာလည်း ကျနော်တို့မသိနိုင်ကြပါဘူး။ ဟုတ်တယ်မှတ်လား။

-ဆပ်ရိပ်
၃.၃.၂၀

Comments