အခန်းထဲကတစ္ဆေ (၁)
အခန်းထဲက တစ္ဆေ
အခန်းထဲမှာ တစ္ဆေတစ်ကောင်ရှိနေတယ်ဆိုတာကို ကျနော့်ကိုတစ်ယောက်ယောက်က လာပြောပြသွားခဲ့တယ်။ အဲ့ဒီလူဘယ်သူလည်း ကျနော်မမှတ်မိတော့ဘူး။ ဘယ်မှာပြောခဲ့တယ်ဆိုတာလည်း မမှတ်မိတော့ဘူး။ ဘာပဲဖြစ်ဖြစ် အခန်းထဲမှာ တစ္ဆေတစ်ကောင်ရှိနေတယ်ဆိုတာတော့ ကျနော်ယုံကြည်နေခဲ့တယ်။ ပိုသေချာခဲ့တဲ့ အကြောင်းကတော့ ကျနော်တို့စကားပြောဖြစ်ခဲ့လို့ပါပဲ။
ဟုတ်တယ်။ အခန်းထဲမှာ တစ္ဆေရှိတယ်ဆိုတာကိုသိပြီးကတည်းက ညဘက်တွေမှာ ကျနော်လုပ်ဖြစ်ခဲ့တာဟာ စကားပြောခြင်းပါ။ ခါတိုင်း ကျနော့်တစ်ယောက်တည်းလိုနေနေရာကနေ အခန်းထဲရောက်တာနဲ့ ပြန်ရောက်ကြောင်းအသိပေးတယ်။ တစ်ခုခုစားသောက်တဲ့အခါ လှမ်းမေးတယ်။ ကျနော့်မှာအခန်းဖော်တစ်ယောက်ရှိလာသလို ကျနော်ခံစားခဲ့ရတယ်။ နောက်ဆုံး အိပ်ခါနီးအချိန်ကျရင်တော့ မျက်လုံးတွေကိုမှိတ်ပြီး "Goodnight" လို့ပြောဖြစ်ပါတယ်။ တစ်ရက်တော့ မနေနိုင်တော့တဲ့ အခန်းထဲက တစ္ဆေဟာ ကျနော့်ကိုပြန်ဆက်သွယ်လာခဲ့ပုံရပါတယ်။ ကျနော် "Goodnight" လို့ပြောပြီးတဲ့အခါ အခန်းထဲမှာ စကားသံတစ်ခုကြားရတယ်။ သူနဲ့ ကျနော်စကားတွေအများကြီးပြောဖြစ်ခဲ့ပါတယ်။ အခန်းထဲက တစ္ဆေနဲ့ပါ။
အခန်းထဲက တစ္ဆေ (၁)
" Goodnight "
"လူတွေ ဘာလို့အဲ့လိုနှုတ်ဆက်ကြတာလဲ"
မှိတ်ထားတဲ့ကျနော့်မျက်လုံးတွေကို ချက်ချင်းပြန်ဖွင့်လိုက်ရတယ်။ အခန်းထဲမှာ ကျနော့်အပြင် လူတစ်ယောက်ရှိနေတယ်။ စကားသံအရတော့ အမျိုးသားတစ်ယောက်ပဲ။ ကျနော်သိနေခဲ့တဲ့ တစ္ဆေဆိုတဲ့သူဖြစ်မယ်။
" ခုပြောနေတာ တစ္ဆေလား"
ကျနော့်ရဲ့မဝံ့မရဲအမေးကို သူက တုံးတိကြီးပဲ ဖြေပါတယ်"
"အင်း"
"ငါရှိနေတာ မင်းလည်းသိသားပဲ။ ငါ့ကိုစကားပြောနေခဲ့တယ်မှတ်လား"
"ဟုတ်တယ်။ ဘာကြောင့်မှန်းတော့မသိဘူး။ အခန်းထဲမှာ တစ်ခြားတစ်ယောက်ရှိနေတယ်ဆိုတာကို သိလိုက်ကတည်းက ကျနော်စကားပြောဖို့ကြိုးစားနေခဲ့တယ်။ တစ္ဆေတစ်ကောင်နဲ့ စကားပြောရတာ ဘယ်လိုဆိုတာကိုလည်းသိချင်တာပါမယ်"
"မင်းမကြောက်တတ်ဘူးလား"
"ဟင့်အင်း။ ကျနော်တို့အားလုံးက တစ္ဆေတွေပါပဲ။ ကျနော်က လက်ရှိဘဝကနေ မကျွတ်လွတ်သေးတဲ့ကောင်။ ခင်ဗျားကလည်း တစ္ဆေဘဝကနေ မကျွတ်သေးတဲ့ကောင်။ ဒါနဲ့ခင်ဗျားနာမည်က"
"တစ္ဆေပေါ့။ အဲ့လိုခေါ်တာပဲကောင်းပါတယ်။ ငါမေးတာဖြေပါဦး"
"ဆောရီး။ ဘာမေးထားတာလဲ"
"အိပ်ခါနီးရင် လူတွေဘာလို့ Goodnight လို့နှုတ်ဆက်ကြတာလဲ"
"အော်။ ဒီလိုပါပဲ။ ကျနော်က လုပ်နေကြမို့ပါ။ လူတိုင်းတော့ မလုပ်ကြပါဘူး"
"မင်းက ဘာလို့အဲ့လိုနှုတ်ဆက်တာလဲ"
"စိတ်အားဖြင့် လုံခြုံတယ်လို့ခံစားရလို့ထင်တယ်။ အဆက်အသွယ်ရှိနေတဲ့ တစ်ယောက်ယောက်ကို နက်ဖန် ငါတို့ပြန်ဆုံကြဦးမယ်နော်လို့ ပြောသလိုမျိုးပဲ။ မျှော်လင့်ချက်အသေးစားလေးလို့ဆိုရမလား။ နောက်တစ်ခုကတော့ အိပ်မက်တွေထဲ တစ်ညလုံးမသွားခင် ခဏနှုတ်ဆက်တာပေါ့။ အိပ်မက်ထဲကနေ ပြန်မထွက်လာနိုင်တော့လို့ နောက်မနက်မှာ ကျနော်ပြန်မနိုးလာခဲ့ရင် အနည်းဆုံးတော့ အဲ့ဒီလူကို ကျနော်နှုတ်ဆက်ခဲ့ရတယ်ပေါ့။ Goodnight ဆိုတာ လူတိုင်းကိုပြောခွင့်ရှိတဲ့စကားမှမဟုတ်ဘဲဗျာ"
"မင်းပြောတာ ငါသိပ်တော့နားလည်ဘူး။"
"ပြသနာမရှိပါဘူး။ ကိစ္စအားလုံးကို နားလည်ဖို့မှမလိုတာ"
"ငါနားလည်ချင်တယ်လေ။"
" ဒုက္ခော။ ခင်ဗျားက စပ်စုတဲ့တစ္ဆေပဲ"
စကားပြောတာ ခဏရပ်ပြီး ခေါင်းရင်းက ပြတင်းပေါက်ကိုထဖွင့်လိုက်မိတယ်။ ကောင်းကင်မှာ ဘာကြယ်မှရှိမနေဘူး။ လေအေးတွေတော့ အခန်းထဲကို တဖြေးဖြေးဝင်လာတယ်။
ပြီးတော့ အိပ်ယာပေါ်မှာ တင်ပျဥ်ခွေထိုင်ပြီး အိမ်အပြင်ကညကို ကြည့်နေမိတယ်။ သစ်ပင်တွေပေါ်ကို လရောင်က ဖွဖွလေးကျနေတယ်။ တိုက်ခန်းတွဲကြီးတွေဟာ အိပ်မောကျနေကြပြီ။ လမ်းပေါ်က အဝါရောင်မီးရောင်အောက်မှာ မြူတွေလွင့်နေသလိုပဲ။
" ကျနော့်မှာ တစ်ခါက ရင်းနှီးတဲ့သူတွေအများကြီးရှိခဲ့တယ်။ နေ့တိုင်းကို ထိတွေ့ဖြစ်နေတဲ့သူတွေပေါ့။ အဲ့တုန်းက ကျနော့်အသက် ၁၆၊၁၇။ အထက်တန်းကျောင်းမှာ သိတဲ့သူတွေ၊ သင်တန်းမှာသိတဲ့သူတွေ အများကြီးပဲ။ သူတို့နဲ့ နေ့တိုင်းလိုလိုထိတွေ့ဖြစ်တယ်။ စကားပြောဖြစ်တယ်"
"အဲ့ဒါနဲ့ မင်းပြောနေတာတွေ ဘယ်လိုသက်ဆိုင်တုန်း"
ကျနော်သက်ပြင်းချမိတယ်။ ဒီတစ္ဆေကို ကျနော်တွေးတာတွေလျှောက်ပြောလို့ရော အဆင်ပြေပါ့မလား။
" အသက်ကြီးလာတာနဲ့ Life circle က ကျဥ်းမြောင်းလာနေတယ်ဗျ။ ဒါကဘယ်သူမှလုပ်လို့မဟုတ်ဘူး။ ဘဝကိုယ်တိုင်က သတ်မှတ်ပေးထားသလိုပဲ။ လူတော်တော်များများနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ အကြောင်းကိစ္စတစ်ချို့ကြောင့်ဝေးသွားတယ်။ ကျနော်ရုတ်တရက်ကျောင်းထွက်လိုက်ရပြီး အဆောင်က ကျနော့်ကောင်တွေနဲ့ မတွေ့ဖြစ်တော့သလိုပဲ။ တစ်ရက်ဆုံမယ်လေဆိုတဲ့ ဝတ်ကျေတန်းကျေစကားကလွဲလို့ တကယ်လည်းမဆုံဖြစ်ကြဘူး။ သေချာစဥ်းစားကြည့်တော့ လူတော်တော်များများနဲ့ အဲ့လိုဖြစ်ခဲ့တာပဲ။ ကျောင်းကဘော်ဒါတွေ၊ ပွဲတွေမှာသိခဲ့တဲ့အစ်ကိုအစ်မတွေ။ ပြီးတော့လည်း ကိုယ့်ဘဝနဲ့ကိုဆက်သွားကြ။ မအားမလပ်ကြနဲ့။ အခုပြန်ကြည့်တော့ ကျနော့်မှာ လူအများကြီးမရှိတော့ဘူး။ ဒါဝမ်းနည်းစရာမဟုတ်ပေမယ့် လတ်ဆတ်တဲ့ဆယ်ကျော်သက်ဘဝလောက်တော့ ပျော်စရာမကောင်းတော့ဘူးရယ်။ အရင်ကဆို ကျနော်အိပ်ခါနီးရင် Chat Group တွေမှာဖြစ်ဖြစ် Goodnight လို့ပို့ရင်ပို့မှာပေါ့။ အဆောင်ကကောင်တွေကို "အိပ်ပြီ ဂွတ်နိုက်" ဘာညာပြောပြီးမှ မအိပ်သေးဘဲ ဟီလာထရင်လည်းထနေမှာပေါ့။ အခုကတော့ အဲ့လိုမဟုတ်ဘူး။ ကျနော် Goodnight လို့ပြောလို့ရတဲ့သူကို လက်ချိုးရေလို့ရနေပြီ။ တစ်ခါတစ်လေ အလုပ်ပင်ပန်းလွန်းရင် ဘယ်သူ့ကိုမှဘာမှမပြောဘဲ အိပ်လိုက်တာတောင်ရှိတယ်။
ကျနော်ပြောတာနားရှင်းရဲ့လားတော့မသိ။ Goodnight ဆိုတဲ့စကားက ကိုယ်နဲ့အဆက်အသွယ်ရှိနေသေးတဲ့သူတွေကိုပဲ ပို့ခွင့်ရတာ။ တစ်ညတစ်လေ စကားပြောဖြစ်သွားတဲ့သူဖြစ်ဖြစ်၊ လက်ရှိရင်းနှီးနေတဲ့သူဖြစ်ဖြစ်။ ခင်ဗျားပို့ချင်ရင်တောင် တစ်ချို့လူတွေကို ဘယ်လိုဆက်သွယ်ရမှန်းသိမှာမဟုတ်ဘူး။ ဒီတော့ Goodnight ဆိုတာ ကျနော့်အတွက်တော့ အိပ်ခါနီးရွတ်တဲ့ကဗျာပဲ။ ချစ်တဲ့သူတွေကိုပြောမယ်။ ကျနော်နဲ့တစ်ရက်တာအချိန်ကုန်ပေးခဲ့တဲ့သူကိုပြောမယ်။ ပြောခဲ့သလိုပဲ။ Goodnight ဆိုတာ လူတိုင်းကိုပြောခွင့်ရှိတဲ့စကားမှမဟုတ်ဘဲ တစ္ဆေရ"
"အင်း။ မင်းပြောတာတွေက ကြောင်တောင်တောင်ကြီး"
"ကျနော်သိပါတယ်။ ဒီအချိန်ပြောမှတော့ ဒါတွေပဲရမှာပေါ့။"
"ဒါဆို ဂွတ်နိုက်"
"ဟားဟား။ ခင်ဗျားမအိပ်ဘူးလား"
"ငါက တစ္ဆေလေ။ ခဏနေ လမ်းတွေပေါ်လျှောက်သွားရမယ်။ အမှောင်ထဲက သစ်ပင်အောက်သွားထိုင်နေရဦးမယ်။ တစ္ဆေတွေက အဲ့လိုပဲ အဲ့လိုလုပ်တတ်တယ်မှတ်လား။ ငါလည်း တစ္ဆေဘဝနဲ့အသားမကျသေးဘူး။ ငါလုပ်နေတာတွေမှန်ရဲ့လားတောင်မသိဘူး"
"ခင်ဗျားပြောပုံအရဆို ကျနော်လည်း ကျနော့်ဘဝနဲ့အသားမကျသေးဘူးထင်တယ်.."
အခန်းထဲမှာ ဘာစကားသံမှမကြားရတော့ဘူး။ တစ္ဆေထွက်သွားပြီထင်တယ်။ ဖွင့်ထားတဲ့ပြတင်းပေါက်က လေတွေခပ်ဖျော့ဖျော့ဝင်လာနေတယ်။ ကျနော့်ဘဝထဲက လူတွေရဲ့နာမည်ကို ကျပန်းစဥ်းစားနေမိတယ်။ ဂွတ်နိုက်လို့ ကျနော်ပြောခဲ့ဖူးတဲ့လူတွေလေ။
ဆက်ရန်
-ဆပ်ရိပ်
၈.၃.၂၀
😔😔😔
ReplyDeleteဒီလို အံ့ဖွယ်အမှုတွေ တစ်သက်လုံး တစ်ခါမှ မတွေ့ဖူးဘူး။
ReplyDeleteကျွန်မခင်ပွန်းက ကျွန်မနဲ့ အသက် ၅ နှစ်သားလေးကို ထားခဲ့ပြီး ၉ လကျော်၊
ကျွန်မ အရမ်းစိတ်ထိခိုက်ပြီး စိတ်ပျက်မိတယ်၊ ကျွန်မခင်ပွန်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့် သူ့ကို ကျွန်မဆီပြန်ပို့ဖို့ နေရာအမျိုးမျိုးက အကူအညီတောင်းခဲ့ပေမယ့် ကွာခြားမှုမရှိပါဘူး။ ကျွန်မအမေက ကျွန်မကို (DR DAWN) နဲ့ မိတ်ဆက်ပေးမချင်း ဒီဆရာဝန်က ကျွန်မကို ပြောပြပြီး ၄၈ နာရီအတွင်း ကျွန်မခင်ပွန်းက ကျွန်မဆီပြန်လာမယ်လို့ ကတိပေးခဲ့ပြီး ၄၈ နာရီအကြာမှာ ကျွန်မခင်ပွန်းက ကျွန်မကို ဖုန်းဆက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။ သူက ကျွန်မကို ဘယ်တော့မှ ထားသွားတော့မှာ မဟုတ်ပါဘူး၊ ဒေါက်တာ DAWN ကို ကျေးဇူးအများကြီးတင်ပါတယ် ဘာလို့လဲဆိုတော့ အခုဆို ကျွန်မခင်ပွန်းနဲ့ ပျော်နေတာ 3 နှစ်ကျော်ပြီ၊ သူက ကျွန်မကို ဘုရင်မလို ဆက်ဆံတယ်၊
ပြဿနာတစ်စုံတစ်ရာရှိပါက DR DAWN သို့ ဆက်သွယ်ပါ။
*မင်းရဲ့ချစ်သူကို ပြန်ရဖို့။
* ပြန်လည်ညှိနှိုင်းရန်
*ကိုယ်ဝန်ဆောင်ရန်
*ကင်ဆာကို ကုသရန်
*လက်စားချေရန်
*စီးပွားရေးကိုမြှင့်တင်ရန်
* သင့်ငွေ/ပိုင်ဆိုင်မှုကို ပြန်လည်ရယူရန်
*HIV/AIDS သို့မဟုတ် အခြားရောဂါများကို ကုသရန်။
သူ့ကို ဆက်သွယ်ပါ: dawnacuna314@gmail.com
Whatsapp- +2349046229159