ဖေဖော်ဝါရီငါ
ဖေဖော်ဝါရီငါ
မနက်ခင်းအသစ်
လိုင်းကားအဟောင်းကြီးပေါ်တက်လိုက်တာနဲ့
တံခါးဖွင့်စီးနေကြတဲ့
လူအဟောင်းတွေကိုတွေ့တယ်။
လူတွေဟောင်းနွမ်းဆွေးမြေ့နေတဲ့အနံ့
အသက်
အနံ့တွေနဲ့အသက်တွေဟာ
တဆက်တည်းအိုမင်းခဲ့ရတယ်။
အဘွားကြီးတွေက
ပလက်ဖောင်းပေါ်မှာ ဒန်ခွက်တစ်လုံးချပြီး
သေမယ့်အချိန်ကိုစောင့်တယ်။
ငါလည်းကွန်ပျူတာရှေ့မှာ
လိုင်းကားပေါ်မှာ
လက်ဖက်ရည်ဆိုင်မှာ
အိပ်ခန်းထဲမှာ
ငါ့ဘဝထဲမှာပဲ။
အဲ့ငါ့ဘဝထဲမှာ
ငါဘာကိုစောင့်နေမိတယ်မသိဘူး
သံသရာမှ အခါခါလည်နေတာမဟုတ်
ဘဝကလည်း ဒါတွေချည်းပဲလား။
ဖြစ်နိုင်ရင်တော့
ဇွန်ဘီတွေဝင်လာစေချင်တာ
ကမ္ဘာဖျက်မယ့်ဂြိုလ်သားတွေရောက်လာစေချင်တာ။
ဒါပေမယ့် အဲ့ဒီငါကပဲ
အော်ကြီးဟစ်ကျယ်စကားတွေမပြောချင်ဘူး
ဘယ်သူနဲ့မှ မငြင်းခုန်ချင်ဘူး
ရွေဆွဲကြိုးကြီးတွေ မဝတ်ချင်ဘူး
လူနားမလည်တာတွေ မပြောချင်ဘူး။
သေရမှာကိုငါမကြောက်ဘူး
ငါ့ကိုမသိတဲ့မျက်ဝန်းတွေထက်
ငါ့ကိုနားမလည်တဲ့မျက်ဝန်းတွေကြားထဲ
တစ်သက်လုံးတိုးဝှေ့သွားရမှာကို ငါကြောက်လိုက်တာ။
(ထားလိုက်ပါတော့)
ကော်ဖီတစ်ခွက်ပဲပေးပါ
ကမ္ဘာတစ်ပတ်စာလောက် ငါငြိမ်သက်နေနိုင်ပါတယ်။
-ဆပ်ရိပ်
၂၄.၂.၂၀
Comments
Post a Comment