ဆောင်းအိပ်မက်ရှည်ထဲမှ


တစ်ခါက သူကျနော့်ကို မေးဖူးတယ်။ သူ့အကြောင်းကို စာဘယ်လိုရေးမလဲတဲ့။ "သူ"ဆိုတာက ကျနော့်ဘဝမှာ ဘယ်အချိန်ကြည့်ကြည့် အရေးပါတယ်လို့ခံစားရတဲ့ တစ်ဦးတည်းသောအမျိုးသမီးတစ်ယောက်ပါ။

တကယ်တော့ အဲ့ဒီမေးခွန်းက ဖြေဖို့အတွက်ကြောင်စီစီနိုင်လှတယ်။ အဲ့ဒီရက်ပိုင်းတွေက ကျနော့်လွယ်အိတ်ထဲမှာ ကျနော်ဖတ်ဖြစ်နေတဲ့ ဆရာနီကိုရဲရဲ့ မကြည်ပြာနှင့်ချစ်ခြင်း၏နဂ္ဂတစ်များစာအုပ် အမြဲပါတယ်။ ကျနော်သူနဲ့ဆုံတော့ ရုတ်တရက်ကြီး။ အစီအစဉ်မရှိပဲ ကောက်ခါငင်ငါနဲ့ ငါတို့တွေ့မလားဆိုပြီး တွေ့ဖြစ်သွားကြတာ။ မတွေ့ဖြစ်တဲ့လတွေမှာ ဘာမှမဆက်သွယ်ခဲ့ပေမယ့် တွေ့ကြတော့လည်း ကျနော့်မှာသူ့ကိုပြောစရာတွေအများကြီးပဲ။ အဲ့ထဲကမှ ကျနော့်အိတ်ထဲက စာအုပ်အကြောင်းပြောဖြစ်တယ်။ နီကိုရဲရဲ့ မကြည်ပြာအကြောင်း။ ပြီးတော့ ဆရာနေမျိုးရဲ့ မဝင်းမေ၊ ဆရာစိုင်းခမ်းလိတ်ရဲ့ နွဲ့တင် စသဖြင့် ယောကျာ်းတစ်ဦးရဲ့ဘဝထဲက အရေးပါတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းပေါ့။ "ငါ့အကြောင်းကိုရော နင်ဘယ်လိုရေးမလဲ" လို့ ရုတ်တရက်ကြီးသူမေးလိုက်တော့ စက္ကန့်ပိုင်းလောက် ကျနော်ဆွံ့အသွားတယ်။ ဒီမေးခွန်းက ရက်စက်တယ်လို့ပြောရင်လည်းရတယ်။ ဒီနှစ်ပိုင်းတွေမှာ သူဟာ ကျနော့်အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ သူသိနေခဲ့သားပဲ။ အရင်ကတော့ ဒီအကြောင်းက သူသိမသိဆိုတာ မသေချာပါဘူး။ သူထုတ်မေးလိုက်တော့ သူ့ကိုလန့်သွားတယ်။ သိနေတာတောင် သူဟာ ကျနော့်ကိုရွေးချယ်ဖို့ကို အမြဲနောက်တွန့်ခဲ့သူကိုး။

အစ်ကိုတစ်ယောက်က ကျနော့်ကိုပြောခဲ့ဖူးတယ်။ "ကောင်လေး။ ငါတို့ဘယ်လောက်ပဲချစ်ချစ် ငါတို့နဲ့မဖြစ်နိုင်တဲ့မိန်းမတစ်ယောက်က အမြဲရှိတယ်။ တစ်ယောက်အကြောင်းတစ်ယောက် အားလုံးထက်ပိုသိတယ်။ ပြောမနာဆိုမနာလည်းဖြစ်တယ်။ ဒါပေမယ့် သူတို့နဲ့ကျရင် နီးလည်းမနီး၊ဝေးလည်းမဝေးတဲ့အနေအထားနဲ့နေရတာပဲ။ ကိုယ့်မြင်ရာကြားရာကနေ ပျောက်မသွားရင်ပဲ တစ်သက်လုံးသံယောဇဉ်သန့်သန့်နဲ့ ဝမ်းသာနေရတယ်" တဲ့။ သူက ကျနော့်အတွက် အဲ့လိုအမျိုးသမီးမျိုးပါ။ အချစ်ဦးဆိုရင်လည်း ဟုတ်ပါလိမ့်မယ်။

၁၆နှစ်သားလောက်က တွေ့ခဲ့တဲ့အမျိုးသမီးတစ်ယောက်က အခုအချိန်ထိ ကျနော့်ကိုလွှမ်းမိုးနိုင်တုန်းပဲလို့ပြောရင်တစ်ယောက်ယောက်ကတော့ ရီမှာပဲ။ ဒါပေမယ့် အဲ့ဒါတကယ်။ နောက်လည်း တစိတ်တပိုင်းအနေနဲ့ သူကလွှမ်းမိုးနေဦးမှာ။ ကြောက်စရာလည်းကောင်းသလို တစ်ခါကတော့ဖြင့် လူတစ်ယောက်ကို ငါချစ်ခဲ့ဖူးပါတယ်ဆိုတဲ့ ပုံပြင်တစ်ပုဒ်လည်းဖြစ်ပါတယ်။

ကျနော်တို့သိကြတုန်းက (ကျနော့်အတွက်တော့) ဘဝမှာအရူးမိုက်ဆုံးဆိုတဲ့အချိန်တွေပဲ။ လုပ်ချင်တာအကုန် ရှေ့နောက်မစဉ်းစားပဲ လုပ်ဖြစ်ခဲ့တဲ့အချိန်။ မြောက်ဥက္ကလာက လမ်းဘေးကလေးတွေရဲ့ စာသင်ဝိုင်းလေးတစ်ခုကို အဖွဲ့လိုက်သွားသင်ကြတယ်။ အိမ်ပြန်ချိန်ကျရင် ရထားတွေပေါ်လုတက်ရင်း၊ ရထားစက်သံကိုဖုံးအောင် စကားတွေပြောရင်း၊ ဆင်းရမ့ယ့်နေရာရောက်ရင် နှုတ်ဆက်ရင်း လတွေအများကြီးကြာခဲ့တယ်။ ကလေးတွေကိုစာသင်နေတဲ့အချိန် တက်ကြွရယ်မောနေတဲ့သူ့မျက်နှာကို ကျနော်ကြည့်မိခဲ့တာ အခါပေါင်းမြောက်များစွာ။ စကားဖောင်ဖွဲ့ရင်း ညနက်နက်ထိ chat ခဲ့တာလည်း လပေါင်းများစွာပဲ။ ကျနော်သူ့ကို ကျနော်ဖြစ်ချင်တဲ့အိပ်မက်တွေအကြောင်းပြောခဲ့တယ်။ ကျနော်ဘာတွေလုပ်နေတယ်ဆိုတာပြောခဲ့တယ်။ ကျနော်အဆင်မပြေတာ၊ ကျနော်ပျော်နေတာ အားလုံးသူ့ကိုပြောခဲ့တယ်။ အပြန်အလှန်အားဖြင့် သူကလည်း သူနဲ့သူ့အမေအကြောင်း၊ သူလုပ်နေတာတွေအကြောင်း၊ သူကြည့်နေတဲ့ရုပ်ရှင်တွေအကြောင်း စုံလို့ပဲ။ တစ်ချို့ညတွေကျရင် ကျနော်တို့စကားပြောပြီးချိန်က မနက်၃နာရီဝန်းကျင်ရောက်နေပြီ။ ဒါပေမယ့် နောက်တစ်နေ့မနက်အိပ်ရာနိုးလို့ ဖုန်းကိုင်တာနဲ့ စတစ်ကာတစ်ခုအရင်သွားပို့ထားတာကလည်း သူ့ဆီကိုပဲ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကတော့ အဲ့ဒါတွေအားလုံးဟာ တကယ့်ကိုပျော်စရာပဲ။ အဲ့ဒီပျော်ရွှင်မှူတွေဟာ နောက်နှစ်တွေအများကြီးထိ ကျနော့်ဆီကို တစ်ခြားပုံစံတစ်မျိူးနဲ့လိုက်ပါနေမယ်ဆိုတာ ကျနော်မသိခဲ့ဘူးရယ်။

 "ချစ်တယ်" ဆိုတဲ့စကားကို ဘယ်အချိန်မှာလူတွေပြောကြလဲ။ "ချစ်တယ်" ဆိုတဲ့ခံစားချက်ပါလို့ ဘယ်အရာတွေဖြစ်လာတဲ့အခါ နာမည်တပ်ကြလဲ ကျနော်မသိဘူး။ ကျနော်သိတာကတော့ ကျနော်သူ့ကိုမြင်ပြီးရင်း မြင်ချင်လာတယ်။ သူ့မျက်နှာ၊သူ့နောက်ကျော၊ ဘေးတစောင်းမြင်ရတဲ့သူ့ဆံနွယ်၊ ဘယ်လိုဖြစ်ဖြစ် မြင်ကွင်းဟာ သူဖြစ်နေရင် ပျော်စရာပဲ။ သစ်ရွက်တွေကွန်ကရစ်လမ်းပေါ်ကြွေနေတဲ့ ညနေခင်းအိမ်အပြန်လမ်းမှာ ကျနော့်ရှေ့မယ် ကလေးတစ်ယောက်လို ခုန်ပေါက်သွားလာနေတဲ့သူ့ပုံရိပ်ကို ကျနော်ဘယ်တော့မှမမေ့။ ပြီးတော့ သူနဲ့စကားမပြောရ မနေနိုင်ဖြစ်လာတယ်။ တစ်ခြားတစ်ယောက်နဲ့သူ့ကို ယှဉ်တွဲတွေ့မြင်ရတဲ့အခါ စိတ်ထဲပင်ပန်းလာတယ်။ အချစ်ဆိုတဲ့အရာဟာ ကျနော့်ကိုပြင်းပြင်းထန်ထန်ဝင်တိုးလာခဲ့တယ်။ ကျနော်သတိဝင်တဲ့အချိန်မှာ သူကလွဲလို့တစ်ခြားဘာမှမသိတော့ဘူး။

တစ်ရက်တော့ ကျနော့်အိမ်က ကျနော်လုပ်နေတာတွေသဘောမကျကြောင်း (အထူးသဖြင့် ကျောင်းစာထိခိုက်မှာစိုးရိမ်လို့) ပြောလာတယ်။ မု့န်ဖိုးလုံးဝလျှော့လိုက်တယ်။ ကျနော်ကတော့ ခေါင်းမာမာနဲ့ ရှေ့ဆက်လုပ်မြဲပဲ။ အဲ့အချိန်မှာလည်း သူဟာကျနော့်အတွက် ရဲဘော်ရဲဘက်တစ်ယောက်ဖြစ်ခဲ့ပြန်တယ်။ တစ်ခြားသူငယ်ချင်းတွေရောပေါ့လေ။ နေ့လည်စာကို မျှစားရတဲ့နေ့တွေမှာ သူတို့ကြောင့်ကျနော်အဆင်ပြေခဲ့ပါတယ်။ အဆင်မပြေတဲ့တစ်ရက်မှာတော့ အဲ့မနက်က အိမ်ကကျနော့်ကိုအပြင်လုံးဝမသွားခိုင်းတော့ဘူး။ အဲ့တုန်းက စာသင်နေတဲ့ကလေးတစ်ယောက်က နေမကောင်းဖြစ်လို့ကလေးဆေးရုံတင်ထားရတယ်။ ကျနော်မှတ်မိနေတာတွေက ဆေးရုံနံ့၊ လူနာစောင့်တွေ၊ ခပ်လေးလေးလည်နေတဲ့ပန်ကာအို၊ အခန်းထောင့်က ပင့်ကူမျှင်၊ ဆေးကြောင့် ကုတင်ပေါ် အမြဲလိုလိုအိပ်ပျော်နေတဲ့ကလေး။ အဲ့နေ့ကတော့ ကလေးက အသေးစားခွဲစိတ်မှုလားမသိလုပ်ဖို့ရှိတယ်။ ဆေးရုံကို မဖြစ်မနေကျနော်အရောက်သွားချင်တယ်။ နောက်တစ်ချက်ကတော့ သူ့ကြောင့်ပေါ့လေ။ သူနဲ့မတွေ့တာတစ်ပတ်လောက်ရှိပြီ။ အဲ့ဒီနေ့က သူဆေးရုံလာမှာ။ ကျနော့်စိတ်မှာ အဲ့နေ့မှမတွေ့ရရင်မဖြစ်ဖူးဆိုတာမျိူးထိ ခံစားနေရတယ်။ အဲ့မနက်မှာ အိတ်ထဲရှိတဲ့ပိုက်ဆံစတွေရေတယ်။ အိမ်တံခါးကိုအသံမကြားအောင်ဖွင့်တယ်။ နောက်၁၀မိနစ်လောက်ကြာတော့ အချစ်ကြီးသလောက် စိတ်လည်းကြီးတဲ့အဖေ့ရဲ့အပြင်မထွက်ရအမိန့်ကိုလွန်ဆန်ပြီး ကျနော်အပြင်မရရအောင်ထွက်ခဲ့ပါတယ်။ ဆေးရုံရောက်တော့ သူနဲ့တွေ့တယ်။ မပြန်ခင်အထိစကားတွေပြောဖြစ်ကြတယ်။ ကျနော့်စိတ်ထဲမှာတော့ တစ်ခုခုကိုစိတ်ပူနေမှုက များနေခဲ့ပြီ။ အဲ့ညကအိမ်ပြန်တော့ အဖေက စိတ်အကြီးအကျယ်ဆိုးပြီး ကျနော့်ဖုန်းကိုလုံးဝမကိုင်ဘူး။ ကြောက်လည်းကြောက်သလို ကြံရာမရတဲ့ကျနော်လည်း အိမ်ပေါ်ကဆင်းခဲ့တယ်။ အဲ့ညက ကားပေါ်မှာ ကျနော်ငိုတယ်။ ဘာလို့ဒီလောက်ထိဆိုးဆိုးဝါးဝါးတွေဖြစ်လာတာလဲဆိုတဲ့စိတ်ကြောင့်ငိုတာဖြစ်ပါလိမ့်မယ်။ အိမ်နဲ့ တတိတိဖြစ်လာတာ ကြာပြီကိုး။ အရင်ကတော့ အမြဲတမ်း အိမ်မှာကျနော်က လူလိမ္မာကိုး။ ငိုပြီးတော့ သူ့ဆီစာပို့တယ်။သူက "နင်အဆင်ပြေရဲ့လား" တဲ့။ ကျနော်သူ့ကို ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောခဲ့တယ်။ ပြီးတော့ အိမ်မပြန်ဖြစ်တဲ့ညရဲ့ လရောင်မှိန်မှိန်၊ အရင်ထက်ပိုပြီးမှောင်နေတဲ့လမ်း၊ ကိုယ့်ကိုဝိုင်းပြီးရန်ပြုတော့မလို အမှောင်ထဲကလူတွေ အားလုံးကို လူသေကောင်လိုငေးကြည့်နေမိတယ်။

ဒါက ကျနော့်ဘဝမှာသူ့ရဲ့အရေးပါမှုတွေထဲက သေးသေးလေးတစ်ခုကိုပြောပြတာပါ။ သူနဲ့ပတ်သတ်ရင် ကျနော့်စိတ်ထဲရောက်လာတာက ဆရာအောင့်ချိမ့်ရဲ့ကဗျာစာသားတွေပဲ။

"ငါတို့ဘယ်ရထားမှာလွဲခဲ့လဲ
တစ်ခါလွဲရင်နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ"
-အောင်ချိမ့်

နှစ်တွေအများကြီးအပြီး ပြန်စဉ်းစားမိတဲ့အခါ
သူနဲ့ကျနော့်ကြား ဘာတွေလွဲခဲ့တယ်ဆိုတာကျနော်မသိဘူး။ ဘာပဲဖြစ်ဖြစ် ကျနော်တို့အတူမရှိဖြစ်ခဲ့ကြပါဘူး။ ပုံမှန်ဆိုရင် ကျနော်က တအားပျော်ပျော်နေတတ်တယ်။ ဒုက္ခသုက္ခအားလုံးကို ဟာသလုပ်ပြီးရီမောပစ်တတ်တယ်။ သူနဲ့ပတ်သတ်ရင်တော့ ကျနော်မရီမိတာတွေအများကြီးပဲ။ ခရီးတစ်ခုမှာ သူ့ကိုတစ်ခြားကောင်လေးနဲ့ပူးပူးကပ်ကပ်တွေ့ရလို့ အပြန်ကျ ကမ်းနားဘက်သွားပြီးငိုတာမျိုးပေါ့။ သူငယ်ချင်းတွေပြန်ဆုံကြတဲ့အခါ အကြောင်းသိတွေက အဲ့ဒါကိုပြန်ပြောပြီး ရီကြတယ်။ ကျနော့်ကိုနစ်နာစေချင်တဲ့စိတ်မရှိမှန်းသိလို့ စိတ်တော့မဆိုးပါဘူး။ ဒါပေမယ့် အဲ့လိုခံစားမှုတွေဟာ ကျနော့်အတွက်အခုထိ ရီစရာလို့မခံစားရဘူး။ နည်းနည်းလေးတောင် ကိုယ့်ကိုယ်ကိုမရီမိခဲ့ဘူး။

ပျော်စရာအကောင်းဆုံးကတော့ အဆက်အသွယ်အကြာကြီးမပြတ်ခင်တစ်ရက်မှာ ကျနော်သူနဲ့ရုပ်ရှင်ကြည့်ဖူးတယ်။ ကားလမ်းကူးချိန်မှာ သူ့လက်ကိုဂရုတစိုက်ကိုင်ဖူးတယ်။ သူဆံနွယ်စတွေကို အနီးကပ်ငေးကြည့်ခဲ့ဖူးတယ်။ အချစ်ရေးအချစ်ရာမှာ သိပ်ပြီးထူးထူးထွေထွေမရှိဖူးတဲ့ကျနော့်အတွက် သူနဲ့တစ်နေကုန်အနီးကပ်ရှိခဲ့ရတဲ့တစ်နေ့တာဟာ အအောင်မြင်ဆုံးလို့တောင်ပြောလို့ရတယ်။ ပြီးတော့ ကျနော်တို့ အရင်ထက်ဝေးသွားကြတယ်။ သူရည်းစားရသွားတာကြောင့်လည်းပါတယ်။ ကြားထဲမှာ ကိစ္စတွေဘာဖြစ်ခဲ့တယ်ဆိုတာတောင် မပြောတတ်ပေမယ့် တစ်ခါတစ်လေကလွဲလို့ မတွေ့ဖြစ်ကြတော့ဘူး။ မတော်တဆ တွေ့ဖြစ်ကြရင်လည်း ၁၆နှစ်သားတစ်ယောက်လို ကျနော်ပျော်မိတုန်းပဲ။

ချစ်တယ်ဆိုတာ လွယ်ရင်လွယ်မယ်။ စိတ်ထဲမှာအကြာကြီးသိမ်းထားရတာကတော့ ခက်ခဲလှတယ်။ တစ်ခါတစ်လေလည်း လူသတ်သမားက သူသတ်ခဲ့တဲ့သူကိုလာကြည့်သလို သူကျနော့်ကို အဆင်ပြေလား လာမေးတတ်တယ်။ ဒါက ကျနော့်ဘက်က အဆိုးမြင စွပ်စွဲချက်လည်းဖြစ်နိုင်ပါတယ်လေ။ သူကျနော့်ကို သံယောဇဉ်ရှိတာတော့ ကျနော်လည်းသိပါတယ်။ ဘာပဲဖြစ်ဖြစ် ဘဝမှာလူတစ်ယောက်ကို ချစ်ခဲ့ဖူးပါတယ်လို့ အခုအချိန်မှာ ခံစားချက်ကင်းမဲ့သွားတတ်တဲ့ ကျနော့်ကိုယ်ကျနော်ပြန်ပြောလို့ရတာပေါ့။ သူ့နောက်ပိုင်းမှာ တစ်ခြားအမျိုးသမီးတွေရှိပါတယ်။ ဒါပေမယ့် "သူတော့မဟုတ်ဘူး" ဆိုတဲ့စိတ်ကို သူ့ဆီမှာပဲ ကျနော်ရခဲ့တယ်။

ပြီးတော့ ဆယ်ကျော်သက်အချိန်မှာ ချစ်တယ်လို့ပြောခဲ့တဲ့စကားရဲ့ စစ်မှန်မှုကို အခုအချိန်အထိ သူဘာလုပ်လုပ်စိတ်မဆိုးနိုင်တဲ့အခါ၊ အဆက်အသွယ်ဘယ်လောက်ပျက်ပျက် စကားတစ်ခွန်းနဲ့လည်း ပြန်နွေးထွေးနိုင်တဲ့အခါ၊ ငါနဲ့မဟုတ်လည်း နင်အသက်ရှည်ရှည်နေတာမြင်ရရင်ပြီးရောဆိုတဲ့စိတ်မျိုးနဲ့နေနိုင်​နေတဲ့အခါ ကျနော့်ကိုယ်ကျနော် "ဒါအချစ်ပါ" လို့ သက်သေပြနိုင်ခဲ့ပါတယ်။ ၁၆နှစ််သားတုန်းက  ကျနော်သူ့ကို "ငါအသက်ကြီးလာရင် နင့်ကိုပဲဘာကြီးဖြစ်နေနေ လက်ထပ်ယူမှာ။ နင်ဂျပန်သွားရင် ဂျပန်ထိလိုက်ပြီး တောင်းရမ်းယူမှာ" လို့ အတည်ပေါက်ကြီးပြောခဲ့ပါတယ်။ ခုထိအဲ့စိတ်ကို ကလေးကလားနဲ့လို့မခံစားရသေးတာကတော့ ရီစရာပါပဲ။

အခုအခါမှာတော့ ကျနော်ချစ်ခဲ့တဲ့အမျိုးသမီးဟာ သူ့ကိုချစ်တဲ့နောက်ထပ်အမျိုးသားတစ်ဦးနဲ့အတူ ကျနော့်အဝေးမှာ အဆင်ပြေပြေနေထိုင်လျက်ရှိပါတယ်။ ကျနော်ဂစ်တာတီးတတ်လာတဲ့အကြောင်း၊ အလုပ်တွေပိုလုပ်ဖြစ်တဲ့အကြောင်း၊ ခွေးမွေးဖို့ကြိုးစားနေကြောင်း စသဖြင့် သူကျနော့်အကြောင်း အရင်လောက်မသိနိုင်တော့ပါဘူး။ ဒီစာကလည်း သူသိဖို့မဟုတ်ပါဘူး။ ကျနော့်စိတ်ထဲမှာ နှစ်ပေါင်းများစွာပိတ်မိနေခဲ့တဲ့ငှက်တစ်ကောင်ကို ခဏဖြစ်ဖြစ်လွှတ်ထုတ်လိုက်ခြင်းပါ။ အဲ့ငှက်ကလေးက ကျနော့်ဆီကဘယ်တော့မှပျံမသွားတော့မှာလည်းကျနော်သိနေပါတယ်။ အပြန်အလှန်အားဖြင့် ဒဏ်ရာရော၊ပျော်စရာရော နှစ်ယောက်လုံးမှာရှိခဲ့မှာမို့ ကျေးဇူးတင်အားနာရပါတယ်။ ဘာပဲဖြစ်ဖြစ် "နင်ငါ့အကြောင်းဘယ်လိုရေးမလဲ"ဆိုတဲ့စကားအတွက် ကျနော့်အဖြေကတော့ဒါပါပဲ။

(စာကြွင်း: စာကအရမ်းပါဆင်နယ်ဆန်မလားလို့ခံစားမိပေမယ့် ဒီစာက ကျနော့်အတွက်ကလွဲလို့ ဘယ်သူ့ကိုမှမထိခိုက်စေနိုင်ဘူးထင်လို့ တင်လိုက်ပါတယ်။ ကျနော်သူ့ဆီနောက်ဆုံးပို့ခဲ့တာဟာ မူးပြီး "I fuckin hate ya" ဆိုတဲ့စာဖြစ်ပြီး သူ့ဘက်က seenတောင်မပြခဲ့ပါ။ ပြခဲ့ရင်လည်း အဲ့ဒါဟာကျနော်လိမ်နေတာဖြစ်ကြောင်း သူသိပါလိမ့်မယ်။ ခုရေးတဲ့စာအတွက်တော့ တစ်ခြားဘာမျှော်လင့်ချက်မှ မရှိပါ)

-ဆပ်ရိပ်
၁၈.၂.၂၀၂၀

You can read my writings in my blog too.

sakyeik.blogspot.com

Comments

  1. Facebook acc ဖျက်ထားလို့ သူငယ်ချင်းကို ကိုဆပ်ရိပ် ရဲ့ page က post အသစ်ကို ဖတ်ပေးပါ လို့ပြောမိတယ် ။ တစ်၀က်လောက်မှာပဲ သူ ဆက်မဖတ်နိုင်တော့ပဲ ရပ်လိုက်တယ် ။ တစ်ခါတစ်ခါ ဆောင်းအိမ်မက်ရှည်ထဲမှာလည်း ထိရှစရာတွေ များလိုက်တာ 🤒

    ReplyDelete
  2. This essay make me feel something... Nice...

    ReplyDelete

Post a Comment