ယနေ့နေသာသည်


"ဒီနေ့တော့ ကိုယ်နားတယ်ဟေ့။ သူ့လက်ရာမြည်းကြည့်လိုက်"

ဆိုင်ထဲမှာ လူနည်းနည်းကျနေတယ်။ ဆိုင်ထဲဝင်လိုက်တာနဲ့ ကိုဆံရှည်ရဲ့အသံကိုအရင်ကြားရတယ်။ အူမြူးနေတဲ့အသံမှန်း တော်တော်သိသာပါတယ်။ ကိုဆံရှည်ကိုကြည့်လိုက်တော့ ပြုံးဖြီးဖြီးလုပ်နေတယ်။ သူ့လက်ရာလို့ သူညွှန်းတဲ့တစ်ယောက်ကတော့ မိန်းကလေးငယ်ငယ်တစ်ယောက်။ ငယ်ငယ်ဆိုပေမယ့် ကျနော်နဲ့တော့ သိပ်မကွာ​လောက်ဘူးပေါ့။ အဲ့ကောင်မလေးက ဆိုင်ခုံနောက်မှာ အဆင်သင့်။ မှာမယ့်စားစရာကို မဆိုင်းမတွလုပ်ပေးမယ့်ပုံနဲ့။ 

ကိုဆံရှည်တို့ဆိုင်က ဒီနားတဝိုက်မှာ နာမည်ကြီးပါတယ်။ အဓိကရောင်းတာက ရခိုင်မုန့်တီပေါ့။ ပြီးတော့ ငါးဖယ်သုပ်ရတယ်။ တို့ဟူးသုပ်စားချင်လား။ ရတယ်။ ပဲပြားသုပ်ရတယ်။ သင်္ဘောသီးသုပ်ချဥ်ချဥ်စပ်စပ်လေးရတယ်။ ဘာစားစား တစ်ပွဲငါးရာဆိုတော့ ထမင်းတွေဟင်းတွေအီနေပြီဆိုရင် သူ့ဆိုင်ကိုသတိရတာပဲ။ ဆိုင်ကိုအဓိကလူကြိုက်ကြတာက ကိုဆံရှည်ရဲ့ အသုပ်လက်ရာကြောင့်ပါ။ ဘာသုပ်သုပ် အစပ်အဟပ်တည့်တယ်။ သန့်လည်းသန့်တယ်။ အရင်ကတော့ တစ်ဆိုင်လုံးမှာ လှီးဖြတ်တာလည်းသူ၊ နယ်တာဖတ်တာလည်းသူ၊ စားပွဲထိုးလည်းသူပဲ။ ဒီနေ့တော့ ဆိုင်ခုံမှာကောင်မလေးတစ်ယောက်ရောက်နေတယ်။ ကိုဆံရှည်က ကျနော်ထိုင်​​နေတဲ့ဝိုင်းနားရောက်လာပြီး ဘာစားမလဲမေးတယ်။ 

ဒါပေမယ့် အခြေအနေက မနေ့ကနဲ့မတူမှတ်လား။ ကျနော်က မျက်စမျက်နနဲ့မသိမသာမေးရတယ်။ ကောင်မလေးက ဘယ်သူလဲပေါ့။ ဝန်ထမ်းလားပေါ့။ ကိုဆံရှည်က ပြဇာတ်ထဲကလို ဘေးလူမသိစေချင်တဲ့အမူအရာနဲ့ ပါးစပ်နားကိုလက်နဲ့ကာလို့ ကျနော့်ကိုတိုးတိုးပြောပြတယ်။

"ငါ့မိန်းမကွ။ မနေ့ညကမှ ငါနဲ့ခိုးရာလိုက်လာတာ။” တဲ့။ သူ့စကားကြားတော့ ကျနော်လည်း အံ့သြတကြီးနဲ့ ပါးစပ်ဟောင်းလောင်းဖြစ်သွားရတယ်။ ကိုဆံရှည်ဆိုတဲ့လူက ဒီဆိုင်ဖွင့်လာတာ ကျနော်ငယ်ငယ်တည်းကပဲ။ သူ့မှာရည်းစားရှိတယ်ဆိုတဲ့ အရိပ်အယောင်ရယ်လို့မရှိ။ တစ်ကိုယ်တည်းလူပျိူကြီးလုပ်တော့မယ်လို့ပဲ ရပ်ကွက်က သတ်မှတ်ထားတာကိုး။ ခုတော့ ဒီလူက မိန်းမခိုးလာသတဲ့။ ကောင်မလေးက ချစ်စရာလေး။ သနားကမားလေး။ သူ့ထက်လည်းတော်တော်ငယ်ပုံရတယ်။ သူ့အကြောင်းပြောနေတာသိတော့ ကောင်မလေးက ရှက်ရှက်နဲ့ မျက်နှာဘယ်လိုထားရမှန်းမသိဖြစ်နေရှာတယ်။

ကျနော်လည်း ဘာမှထပ်မမေးတော့ပဲ အလိုက်ကန်းဆိုးသိစွာနဲ့ စားချင်တဲ့ဟာမြန်မြန်မှာလိုက်ပါတယ်။ ကောင်မလေးမျက်နှာကတော့ ပြုံးမလိုလို၊ ငိုမလိုလိုကြီး။ ကျနော်မှာတာက မု့န်ဖတ်သုပ်တစ်ပွဲ၊ သင်္ဘောသီးရခိုင်ထောင်းတစ်ပွဲ။ပြီးတော့ ဟင်းရည်ပဲသွေးလေးနဲ့။ ကိုဆံရှည်က မြောက်ကြွမြောက်ကြွနဲ့ ကျနော့်ဝိုင်းကနေထွက်သွားတယ်။ ဒီလူတော်တော်ပျော်နေပုံရတယ်။ ဆိုင်ခုံရောက်တော့ သူ့ဇနီးအသစ်စက်စက်လေးကို ကျနော်မှာတာတွေပြောနေတယ်။ ဟိုကတော့ မျက်လုံးအဝိုင်းသားနဲ့ သူပြောတာတွေလိုက်မှတ်လို့။

ခဏနေတော့ ကိုဆံရှည်က အငွေ့တထောင်းထောင်းထနေတဲ့ ဟင်းရည်အိုးကိုမွှေတယ်။ ပန်းကန်အသေးလေးထဲ ဟင်းရည်နဲ့ပဲသွေးထည့်ပြီး လာချပေးထားတယ်။ အရင်ရတဲ့ဟာ အရင်လာချတဲ့သဘောပေါ့။ ” စားပွဲထိုးရာထူးကျသွားပြီလား " လို့ စလိုက်တော့ သူက ” ကျရတာတန်ပါတယ်ကွာ” လို့ပြောပြီး သူ့စကားသူသဘောတကျနဲ့ တဟားဟားရယ်ရင်း ဆိုင်ခုံဘက်ထွက်သွားတယ်။ သူ့မိန်းမကတော့ ရှက်လို့အသက်ထွက်တော့မလိုပဲ။ ခေါင်းငုံ့ပြီး မှာထားတဲ့အသုပ်တွေသုပ်နေတယ်။ ကိုဆံရှည်ရဲ့စကားသံထွက်လာတယ်။

" အာ..။ ငံပြာရည်အဲ့လောက်မထည့်ရဘူးကလေး။ နှစ်ဇွန်းဆိုရပြီ။ အဲ့အစ်ကိုကိုလည်းမှတ်ထား။ သူကအစပ်ကြိုက််တယ်။ ငရုတ်သီးများများထည့်....” သူပြောနေတာ အများကြီးပဲ။ "ပင်ပန်းနေပြီလား ကလေးလေး" ဆိုတာလည်းပါတယ်။ သူပြောနေပုံက ဗိုလ်ကြီးတစ်ယောက် အမိန့်ပေးနေသလိုလည်းဟုတ်။ အဖေတစ်ယောက်က ဆုံးမနေသလိုလည်းဟုတ်။ ခင်ပွန်းတစ်ယောက်က ဦးဆောင်နေသလိုလည်းဟုတ်။ သူ့မိန်းမကလည်း အားကိုးတကြီးနဲ့ကြည့်ရင်း ကလေးတစ်ယောက်လို လိုက်မှတ်ရှာပါတယ်။ အံမယ်။ ခေါ်တာကလည်း ကလေးတဲ့။ ကိုယ့်လူက အလာကြီးဗျာ။ ပြီးတော့ သူ့မိန်းမအသုပ်သုပ်နေတုန်း သူက တစ်ရှူးနည်းနည်းယူပြီး နဖူးကချွေးတွေသုပ်ပေးရှာတယ်။ သူ့မိန်းမကတော့ အသားမကျသေးတဲ့အလုပ်မှာ သင်ယူနေဆဲပေါ့။ မှာထားတဲ့အသုပ်တွေရတော့ ကိုဆံရှည်က ပန်းကန်တွေကိုကိုင်တယ်။ အတည်လိုလို၊နောက်သလိုလိုနဲ့ ဦးညွှတ်ပြီး "ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဆက်ပြီးကူညီပေးပါဦး” လို့ပြောတယ်။ သူ့မိန်းမကတော့ သူ့ကိုပြုံးပြီးပဲ ကြည့်နေတယ်။

မှာထားတာတွေ ကျနော့်ရှေ့လာချတော့ ကိုဆံရှည်က "အဆင်မပြေတာရှိရင် နည်းနည်းသည်းခံပေးကွာ။ ကိုယ်လည်းသင်နေပါတယ်” တဲ့။ ကျနော်လည်း မိန်းမရမှ ပျာယာခတ်နေတဲ့ကိုဆံရှည်ကိုကြည့်ပြီး​
ပြုံးစိစိနဲ့ခေါင်းငြိမ့်ပြလိုက်တယ်။ တစ်လုပ်နှစ်လုပ်မြည်းကြည့်တော့ အရသာက ကိုဆံရှည့်လက်ရာကိုမီဖို့လိုပါသေးတယ်။ စားလို့ရတယ်ဆိုရုံပေါ့။ ကျနော်စားတာမြင်တော့ သူ့မိန်းမက လှမ်းကြည့်ပြီး ”လိုတာရှိရင်ပြောနော်အစ်ကို” တဲ့။ အဲ့အမေးကြားတော့ ကိုဆံရှည်က ကျနော့်ကိုလှမ်းကြည့်တယ်။ သူ့အကြည့်မှာ စိတ်ချမ်းသာအောင်ဖြေပေးပါဆိုတာ အသိသာကြီးပဲ။ ယောကျာ်းလေးအချင်းချင်းကြား ပါးစပ်နဲ့မပြောဘဲရနိုင်တဲ့ နားလည်မှုတွေပေါ့။ ကျနော်လည်း လက်မထောင်ပြပြီး ”ရှယ်ပဲ။ နောက်ရက်လည်းလာစားမယ်။ ကိုဆံရှည်သုပ်ရင် ဒီလောက် မကောင်းဘူး။အားနာလို့စားနေတာ” လို့ ရယ်ရယ်မောမော ပြောလိုက်တယ်။ သူ့မိန်းမကရယ်နေတယ်။ အချင်းချင်းကြား ရှိန်နေတာမရှိတော့ပဲ ပေါ့ပေါ့ပါးပါးဖြစ်သွားတယ်။

ခဏနေတော့ ကောင်မလေးသုံးလေးယောက်ဆိုင်ထဲဝင်လာတယ်။ ကိုဆံရှည့်မိန်းမကိုကြည့်ပြီး ”အန်တီရေ မုန့်တီသုံးပွဲ ပဲကြော်နဲ့” လို့မှာတယ်။အန်တီလို့အခေါ်ခံရတော့ ကိုဆံရှည့်မိန်းမက အောင့်သက်သက်နဲ့ ပြုံးသွားတယ်။ ကိုဆံရှည်ကလည်း ”ကဲ အန်တီရေ ထည့်ပေးလိုက်ပါဦး” လို့နောက်တယ်။ မှာတဲ့ကောင်မလေးတွေက အဲ့ကျမှသတိထားမိပြီး ”ကန်တော့ ကန်တော့ အစ်မလို့ပြောတာ” လို့ပြောပါတယ်။ တခြားဝိုင်းတွေကလည်း ”အန်တီရေ ရှင်းမယ်”လို့ လှမ်းနောက်တယ်။ တစ်ဆိုင်လုံးက မျက်နှာတွေပြုံးနေကြတယ်။ ကိုဆံရှည်က ဆိုင်ခုံပေါ်က နွမ်းနေတဲ့နှင်းဆီအဖြူလေးကိုယူပြီး သူ့မိန်းမကိုပန်ပေးလိုက်တယ်။ သူ့မိန်းမလည်း ရှက်ပြီး ခေါင်းငုံ့သွားတယ်။

-ဆပ်ရိပ်
၅.၂.၂၀

Comments