လမ်းဖြတ်ကူးသောအိပ်မက်များ
"နင် ဒါဘာလုပ်တာလဲ"
ကျနော့်အသံတွေသိသိသာသာတုန်နေတယ်။ စိတ်လှုပ်ရှားတာ၊ ဒေါသထွက်တာ၊ ဝမ်းနည်းတာ အဲ့ခံစားချက်အားလုံး ကျနော့်လည်ပင်းမှာ လာဆို့နေသလိုပဲ။ မေးလိုက်တဲ့စကားတောင် ပီရဲ့လားမသိ။ ပြီးတော့ ကျနော်မြင်နေရတဲ့သူ့မျက်ဝန်းတွေ။ အရင်ကတော့ အဲ့မျက်ဝန်းတွေဟာ ကြည်လင်နေတဲ့ဖန်သားပြင်လိုခံစားခဲ့ရတယ်။ ဖန်သားပြင်ရဲ့နောက်မှာ သစ်ပင်စိမ်းစိမ်းစိုစိုနဲ့ တောင်တန်းတွေနဲ့။ အဲ့လိုပေါ့ပါးပျော်ရွှင်မှုကို သူ့မျက်ဝန်းတွေဆီက ရခဲ့တယ်။ အခုကျနော်ကြည့်နေတာလည်း အဲ့မျက်ဝန်းတွေပဲ။ ဒါပေမယ့် မတူတော့ဘူး။
ပိုဆိုးတာက အခုအချိန်ထိ သူဘာမှပြန်မပြောသေးဘူး။ ပြီးတော့ အခုမြင်နေရတဲ့သူ့ပုံစံက ကျနော်တစ်ခါမှမမြင်ဖူးတဲ့ပုံစံ။ အဲ့ပုံစံက "နင်မြင်တဲ့အတိုင်းပဲလေ" ဆိုတဲ့ မထုံတတ်တေးမျက်နှာပေးဆီမှာ တအားသိသာနေတယ်။ ဘာမှပြန်မပြောပေမယ့် ရုတ်တရက်သူပြုံးနေကြအတိုင်းပြုံးပြတယ်။ ဘယ်ဘက်ပါးချိုင့်လေးထင်းသွားတဲ့အပြုံး။ ဖြူနုလွန်းလို့ သွေးကြောစိမ်းစိမ်းတွေကို ပါးပါးလေးမြင်နေရတဲ့သူ့ပါးပြင်။ အဲ့ပါးပြင်ပေါ်မှာ ပါးချိုင့်လေး ခွက်နေအောင် သူပြုံးနေကျ။ ကျနော်သိပ်သဘောကျရတဲ့အပြုံး။ အခုသူပြုံးလိုက်တော့ အဲ့အပြုံးပေါ်မှာ ဘာနူးညံ့မှုမှ မမြင်ရတော့ဘူး။ အဲ့အစား သူ့ကို ကျနော်ကြောက်လာတယ်။ ပြုံးပြပြီးတော့ "အိမ်ပြန်တော့။ နောက်ကျနေပြီ" လို့ပြောပြီး။ သူအိမ်ထဲပြန်ဝင်သွားခဲ့တယ်။
သူနဲ့ကျနော်သိတာ တစ်နှစ်ကျော်ပဲရှိပါသေးတယ်။ ကျောင်းမှာဆုံတယ်။ ရင်းနှီးသွားတယ်။ သူငယ်ချင်းလိုနေတယ်။ ဒါပေမယ့် သူက သိပ်လှလွန်းတော့ ကျနော်စိတ်မခိုင်ချင်တော့ဘူး။ နေ့တိုင်း သူငယ်ချင်းအုပ်ထဲမှာ သူပါနေတဲ့အခါ စိတ်ထဲတောင် မာန်တက်ချင်တယ်။ ပိုမာန်တက်ချင်လာတာက သူ ကျနော့်ကိုဂရုစိုက်နေလို့ပဲ။
မသိသေးတဲ့ မိန်းမတစ်ယောက်ကို စပြီးသဘောကျတဲ့အခါ ပထမဆုံးဖြစ်တတ်တာက ရှိန်တဲ့စိတ်ဖြစ်လိမ့်မယ်။ အငုံ့စိတ်ရှိတဲ့သူဆိုရင်တော့ ဒီတစ်ယောက်က ငါ့ကိုကြိုက်မှာမဟုတ်ပါဘူးလို့ ကြိုပြီး လက်နက်ချထားတဲ့စိတ်မျိူးထိ ရောက်နေနိုင်တယ်။ အဲ့မိန်းမက ကိုယ့်အတွက် ပြည့်စုံလွန်းနေတာ၊ ဘာလုပ်လုပ်သူ့ကို အထင်ကြီးတဲ့စိတ်ရှိနေတာ၊ ဆက်သွယ်ဖို့တောင် မဝံ့မရဲဖြစ်နေတာ ဒါတွေက မိန်းမတစ်ယောက်ကို စစချင်းသဘောကျတဲ့အချိန်တွေမှာဖြစ်လာနေကြပဲ။ သိပ်လှတယ်လို့ ပတ်ဝန်းကျင်က အတည်ပြုထားတဲ့မိန်းမတွေကို သဘောကျမိရင် ပိုဖြစ်မယ်ထင်တယ်။ တကယ်တမ်းကျတော့ မိန်းမလှတစ်ယောက်ဟာလည်း လူသားပဲမို့ အချိန်တန်အိမ်ပြန်ရင် ချွေးသံတရွှဲရွှဲနဲ့ တစ်နေကုန်သူ့အလှအတွက်ထမ်းပိုးထားရတဲ့ အဝတ်အစားတွေ၊မိတ်ကပ်တွေကို ချပ်ဝတ်တန်ဆာလိုချွတ်ပြီး အိပ်ရာပေါ် လွတ်လွတ်လပ်လပ်ပစ်လှဲနေချင်မှာပေါ့။ အားလုံးကပုံမှန်ပါပဲ။ ဒါက ဥပမာတစ်ခုပြောပြတာပါ။ အကြောင်းမသိသေးတဲ့အချိန်မှာ ကိုယ်သဘောကျတဲ့ မိန်းမက လုံးဝပြည့်စုံနေတယ်လို့ခံစားရတာ သဘာဝကျပါတယ်။
သူနဲ့ကျတော့ ဒီလိုရှိန်တဲ့ခံစားချက်ကို မရခဲ့ဘူး။ အဲ့အဆင့်ကို ကျော်သွားတယ်ပေါ့လေ။ သူငယ်ချင်းအနေနဲ့ စခင်ခဲ့တဲ့အတွက် သူ့အကြောင်းကို လုံးဝမသိတာတော့မဟုတ်ဘူး။ ခက်တာက သူငယ်ချင်းရင်းရင်းနှီးနှီးလည်းမဟုတ်ဘူး။ သမီးရည်းစားလိုလည်းမဟုတ်ဘူး။ အဖွဲ့ထဲက တစ်ခြားသူငယ်ချင်းတွေနဲ့ ယှဥ်ထိုးကြည့်လိုက်ရင် ကျနော်တို့နှစ်ယောက် အချင်းချင်းဆက်ဆံနေတဲ့ပုံက တူမနေဘူး။ အဲ့ဒါကြောင့်လည်း အမြဲလိုလိုအစခံရတယ်။
အခုခေတ်ရဲ့ သမီးရည်းစားဆိုတဲ့စကားလုံးကိုကြားတဲ့အခါ ကျနော့်စိတ်ထဲဝင်လာတာ ရှုပ်ထွေးမှု ဆိုတဲ့စကားလုံးဖြစ်လိမ့်မယ်။ ခင်ဗျားက ကောင်မလေးတစ်ယောက်ကို ကြိုက်တယ်။ ဖွင့်ပြောတယ်။ ငြင်းလည်းမငြင်းဘူး။ လက်လည်းမခံဘူး။ ပူးပူးကပ်ကပ်၊ တွဲသွားတွဲလာတော့ လုပ်နေတယ်။ တစ်ခြားကောင်တွေလည်းရှိနေမယ်ဆိုတာ မသိစိတ်ကသိနေမယ်။ ဒီလိုရှုပ်ထွေးမှုတွေက တအားစိတ်ရှုပ်စရာကောင်းတယ်။ ဒါပေမယ့် လူတိုင်းလည်းနေသားကျနေကြတာပဲရယ်။ အရင်ခေတ်ကတော့ များသောအားဖြင့် ခင်ဗျားမှာ မိန်းကလေးတစ်ယောက်ကို ဖွင့်ပြောမိတဲ့အခါ ချစ်အဖြေနဲ့ အားနာပါတယ်အစ်ကို.. အစချီတဲ့အငြင်းဖြေပဲ ရစရာရှိတယ်။ ဘာဇုန်ညာဇုန်ဆိုတာတွေလည်းမရှိ။
ဘာပဲဖြစ်ဖြစ် ရောမခေတ်ရောက်ရင် ရောမလိုကျင့်ရစမြဲဆိုတော့ အခုခေတ်မှာ လူဖြစ်လာတဲ့ကျနော်လည်း ခေတ်ရဲ့ ရှုပ်ထွေးပွေလီတဲ့ ပတ်သတ်မှုတွေကြား အဆင်ပြေအောင်နေဖြစ်ခဲ့ပါတယ်။ သူနဲ့ကျတော့ ရှုပ်ထွေးတယ်လို့မခံစားရတဲ့တစ်ယောက်ဖြစ်နေတယ်။ ကျနော်နေမကောင်းလို့ အိမ်ထိသတင်းလာမေးတဲ့သူ့ကိုမြင်တဲ့အခါ ဒီမိန်းကလေးက ငါ့ကိုတကယ်သံယောဇဥ်တွယ်နေတာလားလို့ စဥ်းစားလာရတယ်။ ကျောင်းလစ်ပြီး မြို့ထဲသွားဖို့ချိန်းတဲ့အခါ နောက်ကျတာနဲ့ နေ့တစ်ဝက်လောက် စိတ်ကောက်တာတွေနဲ့ တစ်ခြားသော ကျနော့်အပေါ်စိတ်ရောက်နေတယ်လို့ ခံစားရစေတဲ့ အပြုအမူတွေလည်းအများကြီးပေါ့။ အဲ့လိုခံစားရပါများတဲ့အခါ ကျနော့်စိတ်ထဲမှာ ဒီမိန်းကလေးက တအားပြည့်စုံလွန်းလာတယ်။ အပေါ်က ကျနော်ပြောခဲ့တဲ့ စသဘောကျချိန်မှာခံစားရတယ်ဆိုတဲ့စိတ်မျိူး ဒီအခြေအနေကျမှ ကျနော့်ဆီပြန်ဝင်လာခဲ့တယ်။ အဲ့ဒီနောက်မှာ ချစ်ခင်မြတ်နိုးတဲ့စိတ်၊ အထင်ကြီးတဲ့စိတ်၊ ပြည့်စုံလွန်းတယ်လို့ထင်တဲ့စိတ်၊ ကိုယ့်ကိုချစ်တဲ့မိန်းမတစ်ယောက်ကိုရပြီလို့ ကြည်နူးတဲ့စိတ်။ ဒါကတော့ အရေးအကြီးဆုံးပဲလို့ထင်တယ်။ ထုတ်မပြောပေမယ့် လူတိုင်းအချစ်ခံချင်ကြတာပဲမှတ်လား။ ယောကျာ်းရင့်မာကြီးတွေလည်း အချစ်ခံရရင် ပျော်ရွှင်ကြတာပါပဲလေ။
အဲ့လိုခံစားချက်တွေအများကြီးရရှိပြီးနောက်မှာ ကျနော်သူ့ကိုဖွင့်ပြောဖို့ဆုံးဖြတ်လိုက်တယ်။ တရားဝင်ရှေ့တိုးမယ်ပေါ့။ သူကလည်းကိုယ့်ကို မေတ္တာရှိနေတယ်။ ကိုယ်ကလည်း ချစ်ဆိပ်တတ်နေခဲ့ပြီ။ တစ်ယောက်နဲ့တစ်ယောက် နေနဲ့လရွှေနဲ့မြ။ ဘာလိုသေးလို့လဲ။ သူ့ရဲ့ဘယ်ဘက်ပါးချိုင့်လေးရဲ့အပြုံးနဲ့ မျက်ဝန်းကြည်ကြည်လေးကို မြင်ရတဲ့အခါ ကျနော့်ချစ်ဆိပ်ကပိုတက်လာခဲ့ရတယ်။ ဒီတစ်ယောက်ကိုမှ ရှေ့မတိုးရင်ဆိုတဲ့ ယုံစားမှုလည်းပါလာခဲ့ပြီ။ ကျနော်တစ်ရက်ရွေးလိုက်တယ်။ သူ့ကိုဖွင့်ဟဖို့။ ကျနော်ချစ်တဲ့အကြောင်းပြောဖို့။
သူ့ကိုအဲ့နေ့တွေ့မယ့်အကြောင်းပြောလိုက်တော့ ဖုန်းဆက်ပြီးပဲ ပြောဖြစ်တာ။ သူက ညကျပြန်ပြောမယ်လို့ပြောပြီး ဖုန်းချသွားတယ်။ ကျနော်လည်း သူ့ကိုပေးမယ့် ဝက်ဝံရုပ်ရယ် အဖုံးလှလှနဲ့ ဒိုင်ယာရီစာအုပ်လေးရယ်ပါ ပြင်ထားမိတယ်။ စိတ်ထဲအရမ်းလှုပ်ရှားနေတယ်။ ရင်ခုန်တယ်ဆိုတာ တွေ့သမျှ မိန်းမတိုင်းနဲ့ဖြစ်မနေဘူးလေ။ ကိုယ်ချစ်တဲ့မိန်းမတစ်ယောက်နဲ့အတူရှိရတော့မယ်ဆိုတာ ဘယ်လိုတောင်အိပ်မက်ဆန်တဲ့ခံစားချက်မျိူးလဲ။ ဒါပေမယ့် ညကျတော့ သူစာပို့လာတယ်။ နက်ဖန်အမေနဲ့သွားစရာရှိလို့ ညဘက်မှပြန်ရောက်မယ်တဲ့။ ဆိုလိုတာက ကျနော့်ကိုမတွေ့နိုင်ဘူးပေါ့။ အားနည်းနည်းလျော့သွားပေမယ့် ဒီထိရောက်လာပြီးမှ အမှားအယွင်းမဖြစ်အောင် စိတ်ကိုထိန်းလိုက်ရတယ်။ တကယ်က "ငါနင့်ကိုချစ်တယ်" ဆိုတာကို လက်က ပို့ပစ်လိုက်ချင်နေပြီ။ ဒါပေမယ့် တွေ့မှပြောတာက လေးနက်ပါတယ်ဆိုပြီး ကျနော်သူ့ကိုဘာမှမပြောဖြစ်။ အဲ့ညကလည်း စကားပြောပြီးမှ အိပ်ဖြစ်တယ်။ သူနဲ့တွေ့ရမယ့်နေ့အတွက် ကျနော့်စိတ်တွေခုန်နေတယ်။ ညတောင်ကောင်းကောင်းအိပ်ဖြစ်ရဲ့လားမသေချာပါဘူး။
နောက်တစ်နေ့မနက်ကျတော့ ကျနော်ဆုံးဖြတ်ချက်တစ်ခုရလိုက််တယ်။ ညဘက်သူပြန်ရောက်လောက်မှ သူ့အိမ်နားသွားပြီး ခဏထွက်ခဲ့ဖို့ခွင့်တောင်း ဖွင့်ပြောဖို့ပေါ့။ အဲ့အတွေးနဲ့ ကျနော်မြူးထူးသွားတယ်။ သူလည်းအံ့သြနေမှာပဲလေ။ ဝက်ဝံရုပ်လေးနဲ့စာအုပ်နဲ့ကို ပါကင်လှလှထုတ်တယ်။ ပြောမယ့်စကားတွေစဥ်းစားတယ်။ နေ့တာက ရှည်လိုက်တာ။ တစ်နေကုန်ထိုင်ရမလိုထရမလို။ ညနေစောင်းတည်းက ကျနော့်မှာ နာရီတကြည့်ကြည့်ဖြစ်နေရပြီ။ ည ၇နာရီထိုးတော့ အိမ်ကထွက်ခဲ့တယ်။ သူ့အိမ်က နာရီဝက်လောက်ကားစီးရတာဆိုတော့ သူပြန်ရောက်မှာနဲ့အနေတော်ပဲ။ မရောက်သေးရင်လည်း သူလမ်းထဲကဆိုင်တစ်ဆိုင်မှာ ထိုင်စောင့်ရုံပေါ့။ ကားပေါ်မှာ အတွေးလွန်ပြီး ကျနော့်မျက်နှာပြုံးဖြီးဖြီးဖြစ်နေမှာသေချာတယ်။
ဒါပေမယ့်။
မှတ်တိုင်မှာဆင်းလိုက်တော့ ကျနော့်ရှေ့ကရပ်သွားတဲ့ကားက လူနှစ်ယောက်ဟာ ကျနော့်ရှေ့မှာလျှောက်နေတယ်။ ကောင်မလေးက ရီလို့မောလို့။ ပြီးတော့ ကောင်မလေးရဲ့လမ်းလျှောက်ပုံ။ ကျနော်အလွတ်ရပြီးသား လူတစ်ယောက်ရဲ့လမ်းလျှောက်ပုံကိုမြင်တဲ့အခါ ကျနော့်စိတ်ထဲမှာ မဟုတ်ပါစေနဲ့ဆိုတာကို ကြောက်ကြောက်နဲ့စိတ်ပူနေမိတယ်။ ဆုတောင်းမပြည့်ဘူး။ သူမှသူပဲ။ တစ်ခြားကောင်လေးတစ်ယောက်နဲ့ သူပြောဆိုရီမောနေပုံကလည်း ကျနော့်လိုပဲ။ ကျနော်မောသွားတယ်။ လက်ထဲကိုင်ထားတဲ့ လက်ဆောင်ထုတ်ဟာ အားလျော့နေတဲ့လက်ထဲကနေ ပလက်ဖောင်းပေါ်လွတ်ကျသွားတယ်။ သူတို့ရဲ့နောက်ကျောကို ရပ်ပဲကြည့်နေမိတယ်။ မသိစိတ်ကြောင့်လားမသိ။ သူနောက်ကိုလှည့်ကြည့်တော့ ကျနော့်ကိုမြင်သွားတယ်။ ဒီနေရာမှာ သူတစ်ခုခုရှင်းပြသင့်တာပေါ့။ ဒီမှာလည်း ကျနော်မျှော်လင့်သလိုဖြစ်မလာပြန်ဘူး။ အမူအရာနည်းနည်းပျက်တာကလွဲလို့ ဟန်မပျက်အောင်ထိန်းပြီး သူ့အိမ်ဘက်ဆက်ထွက်သွားတယ်။ ကျနော်ပဲ ကားမှတ်တိုင်မှာ ငေါင်စင်းပြီးကျန်နေခဲ့တယ်။
ခဏနေတော့ သူ့အိမ်ဘက်ကို ကျနော်လိုက်သွားခဲ့တယ်။ လက်ဆောင်ထုတ်ကိုကောက်ယူဖို့တောင် ကျနော့်မှာအားမရှိတော့။ ဝက်ဝံရုပ်လေးနဲ့ဒိုင်ယာရီစာအုပ်ဟာ လမ်းမီးဝါဝါနဲ့ပလက်ဖောင်းပေါ် ကျနော့်လိုပဲ ကျန်နေခဲ့တယ်။
သူ့အိမ်နားရောက်တော့ ခဏထွက်ခဲ့ဖို့ဖုန်းဆက်လိုက်တယ်။ သူထွက်လာတယ်။ ကျနော်မြင်ခဲ့ဖူးတဲ့နူးညံ့မှု၊ ပြည့်စုံမှု၊ အထင်ကြီးမှု။ သူ့ဆီမှာ ဘာတစ်ခုမှ မမြင်ရတော့ဘူး။ ကျနော့်အမေးကိုလည်း သူမဖြေဘူး။ ဒီတိုင်းပဲ အိမ်ထဲပြန်ဝင်သွားခဲ့တယ်။
နောက်ရက်တွေလည်း ကျောင်းမှာသူ့ကိုတွေ့ပါတယ်။ မျက်နှာချင်းဆိုင်မတွေ့ဖြစ်ကြတော့ပေမယ့် သူ့ဘယ်ဘက်ပါးချိုင့်လေးနဲ့အပြုံးကိုတော့ ဖြတ်သွားဖြတ်လာမြင်ရတတ်ပါတယ်။ ဒါပေမယ့် အဲ့ဒါကိုမြင်ရတဲ့အခါ ကျနော်ဒီမိန်းမကို ပိုပြီးကြောက်လာတယ်။ အရင်ကမြင်ခဲ့တာလည်း ဒီအပြုံးပဲ။ ဒါပေမယ့် ဒီအပေါ်မှာ နူးညံ့တဲ့ခံစားချက်ရှိခဲ့ဖူးတယ်ဆိုတာ ပုံပြင်တစ်ပုဒ်လို ခံစားလာခဲ့ရတယ်။
-ဆပ်ရိပ်
၁၅.၂.၂၀
Comments
Post a Comment