ရရှိဖူးသော မေတ္တာတရားများ



လွန်ခဲ့တဲ့လေးနှစ်လောက်က မုန့်ဖိုးပဲဖိုးလေးအပိုရဖို့ Delivery လိုက်ပို့ခဲ့တယ်။ အိမ်မှာနေလည်း အားနေမယ့်အတူတူ လိုင်းကားပတ်စီးရင်း ပစ္စည်းပို့မယ်ပေါ့။ ဂိုက်သင်ဘာညာကျတော့လည်း ကိုယ်စိတ်မရှည်ပုံနဲ့ အဆင်မပြေဘူးကိုး။ ဒါပေမယ့် တကယ်တမ်းလိုက်ပို့တော့ ပင်ပန်းချက်ပဲ။ နေကပူ၊ သွားရလာရတာလည်းဝေး၊ကားလမ်းတွေကလည်းကျပ်နဲ့။ တစ်ရက်တော့ နောက်ဆုံးပို့ရမယ့်ပစ္စည်းက ကြည့်မြင်တိုင်က Travel and Tour ကုမ္ပဏီတစ်ခုကို။ ညနေစောင်း ဟိုရောက်တော့ လူကတော်တော်ပြိုင်းနေပြီ။ သွားပို့တဲ့ဆီရောက်တော့ အခန်းထဲကလူတစ်ယောက်ထွက်လာတယ်။ လူရည်သန့်သန့်နဲ့ သတ်လတ်ပိုင်းအမျိူးသားတစ်ဦးပဲ။ သူက ပစ္စည်းလက်ခံတယ်။  ငွေချေပြီးတော့ ”ခဏနော်၊ညီလေး” ဆိုပြီး အထဲပြန်ဝင်သွားတယ်။ 

ခဏနေတော့ အအေးတစ်ဘူး၊ရေတစ်ဘူးနဲ့ပြန်ထွက်လာတယ်။ "အားမနာနဲ့ ယူသွား အကိုတို့ဆီမှာ အများကြိီးပဲ" တဲ့။ ကျနော်ကတော့ အားနာတာပေါ့ ။ ယူလည်းယူရပါတယ်။ ကျေးဇူးတင်ပါတယ်ဆိုတာကိုလည်း နှုတ်အားဖြင့်ရော၊စိတ်အားဖြင့်ရော လေးလေးနက်နက်ပြောဖြစ်ခဲ့တယ်။ ငါသာဆိုသူ့လိုပေးဖြစ်ပါ့မလားဆိုတဲ့စိတ်လည်း လမ်းမှာစဥ်းစားမိတယ်။ တစ်ချို့သူတွေစိတ်ထားတတ်ပုံက အံ့သြစရာပဲရယ်။

နောက်တစ်ခါကတော့ အိမ်ပေါ်ကဆင်းနေတဲ့အချိန်။ စိတ်ထဲမှာတော့ ဖြစ်ချင်တာဖြစ်မောင်ဘချစ်လေ။ ငယ်စိတ်လေးတကြွကြွနဲ့။ ဒါပေမယ့်သုံးရက်လောက်နေတော့ ဘိုင်လည်းပြတ်လာပြီ။ ဘော်ဒါတွေဝိုင်းနေတော့ ဒုက္ခတော့မရောက်သေးဘူး။ အဲ့ဒီနေ့ကတော့ သူငယ်ချင်းတစ်ယောက်နဲ့ ဆူးလေတဝိုက်မှာ လျှောက်သွားကြတယ်။ လက်ဖက်ရည်ဆိုင်ထိုင်တယ်။ စကားပြောတယ်။ လမ်းပေါ်မှာ တောက်လျှောက်ရီစရာတွေပြောရင်း မိုးချုပ်သွားတယ်။ ကျနော့်လက်ထဲမှာလည်းပိုက်ဆံကုန်သွားပြီ။ အိမ်ပြန်ကျတော့ ဆူးလေစေတီတော်က လူတွေရှင်းနေတယ်။ ရွှေရောင်နဲ့ညမီးရောင်ကလည်း ဝင်းနေတာပဲ။ 

အပြန်ကားပေါ်မှာ ကျနော်ခဏနေနေတဲ့ဦးလေးအိမ်ကိုဘယ်လိုပြန်ရမလဲစဥ်းစားနေမိတယ်။ စိတ်ကတော့ ကားခမရှိလည်း မရောက်မချင်းလမ်းလျှောက်ဖို့ပြင်ထားပါတယ်။ ဒါပေမယ့်လေ။ သူငယ်ချင်းက ကျနော့်ကိုအိမ်နဲ့ဘယ်လိုဖြစ်တာလဲမေးတယ်။ ကမ်းနားလမ်းပေါ်မှာ ကုန်ကားကြီးတွေထီးထီးမောင်းနေပုံက ခြောက်ကပ််ကပ်နိုင်နေပုံများ။ ကျနော်လည်းဖြစ်ကြောင်းကုန်စင်ပြောပြတယ်။ ခဏနေ သူ့အိမ်နားရောက်တော့ သူကကျနော့်လက်ထဲကို ပိုက်ဆံသုံးထောင်ကျစ်ပြီး အတင်းထိုးထည့်ပေးတယ်။ ကျနော်ငြင်းလို့ကိုမရဘူး။ ကျနော်အဲ့အခိုက်အတန့်ကိုဘယ်တော့မှမမေ့။ ငွေကြေးပမာဏကြောင့်မဟုတ်ဘူး။ ငါရှိတယ် သားကြီးဆိုတဲ့စိတ်မျိုး နွေးထွေးမှုမျိုး သူကျနော့်ကိုပေးခဲ့လို့။ အဲ့ခဏမှာ အိမ်ကိုလည်းသတိရတယ်။ အဖေနဲ့ရန်ဖြစ်ထားပေမယ့် အဖေရှိတယ်ဆိုတဲ့လုံခြုံမှုမျိူးခံစားရစေတဲ့အိမ်ကို အပြင်းအထန်ကိုသတိရမိတာမျိူး။ 

ကျနော့်ဘဝရဲ့ ခွေးဖြစ်နေတဲ့အချိန်တွေမှာ လူတွေအများကြီးဆီက မထင်မှတ်ထားတဲ့မေတ္တာတရားတွေအများကြီးရရှိနေခဲ့တယ်ဆိုတာ သိပ်ကံကောင်းတဲ့ကိစ္စပါပဲ။ ပုံမှန်အချိန်တွေမှာရောပေါ့။ ကဗျာစာအုပ်လိုချင်နေတာသိလို့ လက်ထဲအတင်းထည့်ပေးတဲ့သူငယ်ချင်း ၊ ငထူး မင်းတစ်ခုခုလိုရင် အစ်ကို့ကိုဆက်လိုက်ဆိုတဲ့ အစ်ကိုတွေ၊ စိတ်ညစ်မနေနဲ့ ဘုရားသွားမယ်ဆိုတဲ့အစ်မတွေ၊ အားမငယ်နဲ့ အဖေရှိတယ်ဆိုတဲ့ ကျနော့်အဖေ။ အားလုံးဟာ ဘဝမှာငါတစ်ယောက်တည်းတော့မဟုတ်ပါဘူးဆိုတဲ့နွေးထွေးလုံခြုံမှုမျိုး ကျနော်ရရှိခဲ့ပါတယ်။ အခုထိလည်းသူတို့ရှိနေကြတုန်းပဲ။ သူတို့ကိုဘာကြီးပြန်လုပ်ပေးရမယ်ဆိုတဲ့ အရောင်အစင်းတွေလည်းမခံစားရပဲ နွေးထွေးရပါတယ်။

မေတ္တာတရားအကြောင်းပြောတဲ့အခါ ဓာတ်ပုံတွေအများကြီးရိုက်ပြီးတင်မှရယ်လည်းမဟုတ်ဘူး။ တစ်ချို့လူတွေက အသေးအမွှားလေးတွေကိုစပြီး ဂရုစိုက်ပေးတတ်ကြတယ်။ ပြောစရာမလိုပဲ နွေးထွေးမှုပေးဖို့အသင့်ရှိနေကြတယ်။ စာအုပ်တွေဘယ်လောက်ဖတ်ဖတ်၊ မေတ္တာတရားနဲ့ကြင်နာမှုကို ကျနော်သူတို့ဆီကနေ တစ်ဆင့်သင်ယူဖြစ်ခဲ့ပါတယ်။ သူတို့သာဆိုရင် လူတွေကိုဘယ်လိုကူညီမှာဆိုတဲ့စိတ်မျိူးပေါ့။ သူတို့ထိုးပြဖူးတဲ့ ရှူထောင့်တစ်ခုနဲ့ပေါ့။ နေမကောင်းလို့စိတ်ပိုင်းဆိုင်ရာအထီးကျန်နေသူကို ဆေးသောက်ဖို့ဂရုတစိုက်သွားပြောတာ၊ ပစ္စည်းလာပို့တဲ့သူကိုရေဘူးပေးတာ၊ လမ်းပေါ်ကအဘွားကြီးကို ပါတဲ့အကြွေတွေလှူတာ၊ အဆင်မပြေနေတဲ့ တစ်ယောက်ယောက်ကို လိုတာရှိရင်ဆက်သွယ်လို့ ပြောမိတာမျိုးဟာ ကျနော့်ဘဝထဲက ကျနော့်ကိုကူညီခဲ့သူတွေကြောင့်သာလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။  ကျနော့်အနေနဲ့မေတ္တာတရားကိုရရှိခဲ့ဖူးလို့ လိုအပ်မယ်ထင်တဲ့သူကို ဆက်ပြီးလက်ဆင့်ကမ်းမိသလိုပေါ့။

”စာအိတ်အဖြူထဲမှာ စာရွက်အဖြူလေး
မေတ္တာတရားမှာ ဘာမှမရေးထားဘူး” 
-စိုင်းဝင်းမြင့်

ချစ်ခြင်းမေတ္တာနဲ့ဝေးတဲ့အခါ လူတွေဟာ ဘီလူးသဘက်လို ကြမ်းတမ်းခက်ထန်လာကြမယ်လို့ထင်တယ်။ ဂရုစိုက်ခံရမှုမရှိတဲ့သူတွေဟာ ပတ်ဝန်းကျင်ကို ဘက်ကန်ကန်တတ်ကြတယ်။ သူတို့်အပေါ်ကို တော်ရုံနူးညံ့မှုနဲ့တိုးလို့မရဘူး။ ဒါပေမယ့်သူတို့လည်း မေတ္တာတရားနဲ့နွေးထွေးမှုကို တောင့်တဖူးမှာပဲ။ အဆင်မပြေတဲ့အခါ ”ငါဒီမှာရှိတယ်”ဆိုပြီး ခဏတဖြုတ်ဖက်ထားပေးမယ့်သူတွေကို လူတိုင်းလိုချင်ကြမှာပဲ။ ပင်ပန်းနေတဲ့ သူငယ်ချင်းတွေနဲ့ ချစ်ခင်ရသူတွေကစလို့ လမ်းပေါ်မှာ ညဘက်အေးခဲပြီးအိပ်စက်နေသူတွေ၊ စားပွဲထိုးကလေးတွေ၊ ဂေဟာက ကလေးတွေ၊ ခြေထောက်ကျိုးနေတဲ့ခွေးလေးတွေအထိ ကျနော်တို့ရှေ့မှာ ချစ်ခြင်းမေတ္တာလိုအပ်နေတဲ့ကွက်လပ်တွေ အသေးအမွှားလေးကစလို့ အများကြီးရှိနေတယ်။ အဲ့ကွက်လပ်တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့နွေးထွေးမှုပေးနေကြသူတွေရှိသလို ကျနော်တို့ကလည်းဝင်ဖြည့်ပေးနိုင််မယ်ထင်တယ်။ ဘာကြီးတွေလှူရမယ်လည်းမဟုတ်ဘူး။ တနိုင်တပိုင်လေးပဲ။ နီးစပ်ရာအထိပဲ။ ဒါပေမယ့် ဒီမေတ္တာတရားတွေနောက်မှာ တခြားဘာမှမပါရှိရဘူး။ ဘာမျှော်လင့်ချက်မှမရှိဘူး။ ဘယ်သူမှသိဖို့လည်းမလိုဘူး။ ဒီအခါမှာ နှစ်ဖက်လုံးအတွက် စကားလုံးရှာမရအောင် နွေးထွေးလုံခြုံမှုကိုခံစားရပါတယ်။ အဲ့လိုမေတ္တာမျိုး အချင်းချင်းပေးနိုင်ရင် ပျော်ရွှင်နေသောကမ္ဘာကြီးကိုသာ ကျနော်တို့မြင်ရဖို့ရှိပါတယ်လေ။

-ဆပ်ရိပ်
၆.၂.၂၀

Comments

  1. ချစ်စရာကောင်းလိုက်တဲ့ ချစ်ခြင်း

    ReplyDelete

Post a Comment