အချစ်ဆိုသောအရာ
(၁)
"နင်ငါ့ကိုတကယ်မချစ်ပါဘူးဟာ" ဟု သူပြောတုန်းက ကျွန်တော်ငြင်းခဲ့သေးသည်။ ထိုစဥ်က ဘာကြောင့် ငြင်းမိသည်ကို ကျွန်တော်မသိ။ ကျွန်တော့်၏ ဂုဏ်သိက္ခာအတွက်လား။ ကျွန်တော့်၏ ယောကျာ်းပီသချင်မှုအတွက်လား။ သေချာတာကတော့ သူအဲ့စကားပြောလာချိန်မှာ ကျွန်တော်အကြောက်အကန်ပြန်ငြင်းနေခဲ့ခြင်းဖြစ်သည်။ အိမ်ပြန်ရောက်တော့ စိတ်ထဲထိုင်းမှိုင်းနေသည်။ သွေးတော့အေးစပြုပြီ။ သေချာပြန်စဥ်းစားကြည့်တော့မှ သူပြောသောစကားလုံးတိုင်းအတွက် ကျွန်တော့်မှာ တုံ့ပြန်ငြင်းဆန်စရာစကားလုံးမရှိပါ။ မည်သည့်စကားလုံးမှ ရှိမနေခဲ့ပါ။
(၂)
သူနှင့်ကျွန်တော်သည် ချစ်သူလည်းမမည်။ သူငယ်ချင်းလည်းမက။ သို့သော် အားလုံးကတော့ ကျွန်တော်တို့နှစ်ယောက်ကို တွဲနေကြပြီဟု သတ်မှတ်လိုက်ကြသည်။ ကျွန်တော်တို့ကလည်း အဲ့အပေါ်ကို ဘာမှတ်ချက်မှပြန်မပြု။ ဒီတော့ သူတို့ဘက်က ပိုပြီးအတည်ပြုကြသည်။ ကျွန်တော်တို့က ချစ်သူရည်းစားတွေဟူ၍။ သို့သော် ကျွန်တော့်နှုတ်က သူ့ကို "ချစ်တယ်" ဟူသောစကားလုံး အခုထိမပြောခဲ့ရသေး။ ထိုအချက်ကိုတော့ ဘယ်သူမှမသိပါ။ သိဖို့လည်းမလိုပါ။ ကာယကံရှင်ကိုယ်တိုင်က ထိုစကားလုံးအကြောင်း ဘာမှထုတ်မပြောလာသည့်အခါမှာတော့ အချိန်နှင့်အမျှ အနည်းငယ်ပြသနာရှိလာခဲ့သည်။
(၃)
သူနှင့်ကျွန်တော်ဆုံကြတော့ စာအုပ်ဆိုင်တစ်ခုမှာဖြစ်သည်။ ဆိုင်က စာအုပ်အဟောင်းဆိုင်ကလေး။ မှုန်မှုန်ကုပ်ကုပ်လေး။ ကျွန်တော်ဆိုင်ထဲဝင်သွားတော့ စင်ပေါ်က စာအုပ်တစ်အုပ်ကို မမှီမကမ်း လှမ်းဆွဲယူနေသော ကောင်မလေးတစ်ယောက်ကိုတွေ့သည်။ သူယူချင်သည့်စာအုပ်က အောက်ဆုံးကအုပ်။ အဲ့စာအုပ်အပေါ်မှာရှိနေသည်က စာအုပ်အထူကြီးတွေ။ ဒီတော့ တစ်ယောက်ယောက်မကူညီလျှင် အကုန်ပြုတ်ကျလာတော့မည်မှာ သေချာနေသည်။ ကျွန်တော်ရောက်သွားတော့ သူယူချင်သောစာအုပ်ကိုပဲ အားနဲ့ဆွဲခိုင်းပြီး အပေါ်ကစာအုပ်တွေကို မထားပေးလိုက်သည်။ စာအုပ်ရှောရှောရှူရှူရသွားတော့ သူက "ကျေးဇူးပါ" ဟု ပြန်ပြောပါသည်။ သူ့အသံက ချိုမြကြည်လင်နေသည်။ သူက ကျစ်ဆံမြီးကျစ်ထားသည်။ ရုတ်တရက်မြင်လိုက်ရသော သူ့လည်တိုင်မှာ ဖြူဖွေးကျော့ရှင်းနေသည်။ "မိန်းမချောတစ်ယောက်ပဲ" ဟု မြင်မြင်ချင်းအသိအမှတ်ပြုရသော အလှမျိုး သူ့မှာရှိပါသည်။
ထိုနေ့က ကျွန်တော်တို့အတူပြန်ဖြစ်ခဲ့ကြသည်။ ကနဦး စတင်ရင်းနှီးကြသူတွေထက် ပိုသောရင်းနှီးမှုမျိူးလည်း ကျွန်တော်တို့ရခဲ့ကြပါသည်။ စာအုပ်အကြောင်းပြောပြော၊ ကိုယ့်အကြောင်းကိုပြောပြော ပြောစရာစကားက လုပ်ယူပြီးရှာနေစရာမလိုတာကြောင့်လည်းဖြစ်မယ်။ တကယ်တော့ သူနှင့်ကျွန်တော်ပြန်ကြမည့်လမ်းမှာ ဘာမှမဆိုင်ပါ။ သို့သော် ကျွန်တော့်စိတ်က သူနှင့်ပြန်ချင်နေသည်။ ဒါသည်အခွင့်အရေးတစ်ခုလို့ ကျွန်တော်တွက်ဆနေတာမျိုးမဟုတ်။ သူနှင့်အတူသွားရမည့်ညနေခင်းတစ်ခုကိုက ကျွန်တော့်အတွက် ပျော်မွေ့ဖွယ်ဖြစ်နေခဲ့ခြင်းဖြစ်သည်။ စာအုပ်အဟောင်းဆိုင်လေးထဲကထွက်လိုက်တော့ လမ်းက လမ်းကျဥ်းလေး။ ကျနေက ဘေးတစ်ဖက် တိုက်ခန်းတွေဆီကို နီဆွေးဆွေးနေရောင်ခြည်လို ဖြာကျနေသည်မှာ တစ်မျိူးလှနေသည်။ ထိုနေ့က သူတော်တော်လှသည်။အိမ်ပြန်မရောက်ခင် လိုင်းကားပေါ်မှာပင် ကျွန်တော်တို့နှစ်ယောက် Facebook တွင် Friend ဖြစ်လိုက်ကြပြီ။
(၄)
အဲ့ဒီနောက်တော့ သူနဲ့ကျွန်တော် အဆက်အသွယ်မပြတ်တော့ပါ။ ပြောစရာစကားတွေက မကုန်နိုင်မခမ်းနိုင်။ ပုံမှန်စကားလုံးများ၊ ထို့နောက် ပို၍ချိုမြိန်သောစကားလုံးများ၊ ထို့ထက်ပို၍ချိုမြိန်သောစကားလုံးများ။ ဘယ်လိုပဲဖြစ်ဖြစ် သူနှင့်ဆက်သွယ်နေရသည်ကို ကျွန်တော်ပျော်ရွှင်ပါသည်။ ဤအရာသည် အချစ်ဟုတ်မဟုတ်ကိုမူ ကျွန်တော်မပြောတတ်။ သူ့ဘက်ကတော့ အချိန်တစ်ခုအတွင်းမှာ ကျွန်တော့်အပေါ်ပိုပြီးတွယ်တာလာသည်ကို ခံစားမိလာသည်။ ဒီအချက်ကပင် ကျွန်တော့်ကိုစိတ်ကျဥ်းကျပ်လာစေကြောင်းတော့ သူသိမနေခဲ့ပါ။
(၅)
လူတွေရဲ့စိတ်ကလည်း ဆန်းသည်။ တစ်ခုခုကို မရနိုင်မှန်းသိသည့်အခါ ပိုပြီးလိုချင်တတ်ကြသည်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကိုတစ်ခါပြောဖူးသည်။ သူကြိုက်နေသော ကောင်မလေးကို သူဖွင့်ပြောတော့ ဟိုကချက်ချင်းငြင်းလိုက်သည်။ ထိုအခါ ကောင်မလေးကို သူပိုပြီးမြတ်နိုးမိသွားသည်ဟူ၏။
"ပုံမှန်ဆိုရင်ကွာ။ အခုခေတ်မှာ မင်းတစ်ယောက်ယောက်ကိုဖွင့်ပြောရင် မင်းကိုမငြင်းဘဲ ပြန်အီနေမှာပဲ။ လက်လည်းမခဲဘူး။ ငြင်းလိုက်ရင် သူ့ကိုဂရုစိုက်မယ့်သူ လျော့သွားမှာကိုး။ သူကျတော့ ငါ့ကိုအဲ့လိုငြင်းလိုက်တော့ ငါ့စိတ်ထဲမှာ သူ့ရိုးသားမှုကို ပိုသဘောကျသွားတယ်။ ပိုလည်းချစ်မိသွားတယ်သိလား"
သူငယ်ချင်းပြောသည့်စကားမှန်မမှန် ကျွန်တော်မပြောတတ်။ ကျွန်တော်ကတော့ အခြေအနေက လေပြေနှင့် လေအေးနှင့်။ သူက ကျွန်တော်ရလိုရင်ရနိုင်နေပြီ။ ဒါ့ကြောင့်ပဲ ကျွန်တော့်ဘက်က စိတ်ပြန်လျော့သွားသည်လား။ ဒါဆိုရင်တော့ ကျွန်တော်မတရားပါ။ အခြေအနေကလည်း မလူးသာမလွန့်သာ။ ခက်သည်က သူသည် လူသားတစ်ဦးဖြစ်သည်။ အရုပ်တစ်ရုပ်မဟုတ်။ ကုန်ပစ္စည်းတစ်ခုမဟုတ်။ သူ့အပေါ်ပျော်ရွှင်နေသောစိတ်နှင့် ထိုပျော်ရွှင်မှုသည် အချစ်ဟုတ်မဟုတ် ပြန်ဆန်းစစ်နေသောစိတ်နှစ်ခုသည် ကျွန်တော့်စိတ်တွင် ဒွိဟတိုက်ပွဲဆင်နွှဲနေခဲ့ကြသည်။
ထိုအချိန်အတောအတွင်း၌လည်း ကျွန်တော်တို့ပုံမှန်စာပို့ဖြစ်၊ ဖုန်းပြောဖြစ်နေသည်။ တစ်နေရာရာကို ကျွန်တော်တစ်ယောက်တည်းသွားရသောအခါ သူ့ကိုသတိရသည်။ "နင်လာမလား" ဟု ကျွန်တော်ပြောသည်နှင့် သူရောက်လာတတ်ပါသည်။ မိန်းကလေးတစ်ယောက်ဆီက သည်လိုလိုက်လျောမှုမျိုးကိုမြင်ရသောအခါ ကျွန်တော်သူ့ကိုသနားလာပြန်သည်။ သို့သော် သနားခြင်းသည် အချစ်မဟုတ်။ ပျော်ရွှင်ခြင်းသည် အချစ်မဟုတ်။
ဒီလိုစိတ်ရှုပ်ထွေးနေသည့်ကြားမှပင် ကိစ္စတစ်ခုဖြစ်သွားသည်။ ထိုနေ့က ဆူးလေမှာ။ တစ်လမ်းသွားလမ်းပေါ်မှာ ကားတွေက အရှိန်မလျှော့တမ်းမောင်းလာနေသည်။ ကားလမ်းမကူးခင် သူ့ကိုကြည့်တော့ သူ့နားထင်စပ်တွင် ချွေးပေါက်ကလေးများဆို့၍နေသည်။ နေအတော်ပူသည်။ သူပင်ပန်းနေသည်ထင်သည်။ သူကျွန်တော့်ကိုတွေ့ဖို့ မငြင်းဆန်ဘဲ လာခဲ့ခြင်းဖြစ်သည်။ ကျွန်တော်ကြည့်နေတာမြင်တော့ သူကပြုံးပြသည်။ သူ့အပြုံးက နွမ်းလျသည့်အပြုံး။ ထိုအပြုံးက လှသည်။ လမ်းမကူးခင်အချိန်လေးအတွင်း၌ အေးစက်နေသောသူ့လက်ဖဝါးကို ကျွန်တော်ဆုပ်ကိုင်လိုက်မိသည်။ သူမရုန်းပါ။ ကားလမ်းတစ်ဖက်ခြမ်းရောက်တော့ သူ့ဦးခေါင်းက ကျွန်တော့်လက်မောင်းကိုမှီလျက်သား။ သူ့လက်တွေက ကျွန်တော့်လက်ကို ချိတ်၍ထားသည်။ ကျွန်တော့်စိတ်ထဲ အပြစ်သားတစ်ယောက်လို ခံစားလာရသည်။ ဘာပဲဖြစ်ဖြစ် အဲ့နေ့က ကျွန်တော်တို့ချစ်သူတွေဖြစ်သွားကြသည်ထင်သည်။
(၆)
ကိုယ်ချစ်သောသူတစ်ဦးက ကိုယ့်အပေါ်ချစ်မြတ်နိုးကြောင်းကို တစ်ခါမှ မကြားရသောအခါ မည်သို့ခံစားရမည်နည်း။ ဒါသည် ပြသနာတစ်ခုဖြစ်လာခဲ့ပါသည်။ ထိုပြသနာသည် တစ်နေ့နေ့ဖြစ်မည်ဟု ကြိုတင်တွက်ဆထားပြီးသော ပြသနာဖြစ်သော်ငြား တကယ်ဖြစ်လာတော့ ကျွန်တော်ဆွံ့အနေခဲ့သည်။ ထိုနေ့က ကျွန်တော်တို့တွေ့တော့ အင်းလျားကန်စောင်းက ဆိုင်တစ်ခုမှာ။ ကြားရက်မို့ ဆိုင်မှာ
လူသိပ်မရှိ။ ထိုင်နေရင်း သူက ရုတ်တရက်မေးသည်။ "သူ့ကိုချစ်လား" တဲ့။
သူ့စကားကြားတော့ ကျွန်တော်ဘာပြောရမည်မသိ။ ဒီကိစ္စကို သူခံစားမိနေမည်မှာလည်းကြာလောက်ပါပြီ။ သူ့စိတ်ထဲမွန်းကျပ်လာသည့်ဒဏ်ကို မခံနိုင်တော့သည့်အဆုံး၌ ဖွင့်ဟမေးမြန်းပုံရသည်။ ကျွန်တော့်ထံမှ အေးစက်စက်တုံ့ပြန်မှုကိုသာ ရသောအခါ သူအံ့သြနေပုံတော့မပေါက်။ သူ့အတွက်လည်း ဒါက မျှော်လင့်ထားပြီးသားတုံ့ပြန်မှုများလား။
"နင်ငါ့ကို တကယ်မချစ်ပါဘူးဟာ"
သူ့အသံကတိုးတိုးလေး။ သို့သော် ကျွန်တော့်မှာ အိပ်မက်ကလှုပ်နိုးခံရသူလို ဆတ်ကနဲဖြစ်သွားရသည်။ စဥ်းစားစမ်း။ ငါဘာပြန်ပြောရမလဲ။ ငါပြောလိုက်တာက သူ့အတွက် ပိုဆိုးသွားမှာလား။ စက္ကန့်ပိုင်းအတွင်း ကျွန်တော့်စိတ်တွေ ယောက်ယက်ခတ်ပြေးလွှားလွန်းနေသည်။
"ဒါပေမယ့် ငါနင်နဲ့တွေ့ရင် ပျော်ပါတယ်"
ကျွန်တော့်အဖြေက သူ့အတွက်အပေါင်းလက္ခဏာဆောင်ပုံမရ။ စကားစပြောစဥ်က အတူထိုင်နေသောနေရာမှ ကျောခိုင်းလျက်သား ထသွားသူမှာ ကျွန်တော့်အဖြေကြားတော့ ချက်ချင်းပြန်လှည့်ကြည့်သည်။ စကားပြောရန် တော်တော်အားယူနေပုံရသည်။
"နင်ပျော်တယ်ဆိုတာလေ.."
ကျွန်တော်ဘာမှမပြော။
"နင်ပျော်တယ်ဆိုတာက နင်အဆင်ပြေလို့။ နင်ငါနဲ့တွေ့ရင် အထီးကျန််တယ်လို့မခံစားရဘူး။ နင်တစ်ယောက်တည်းဆို ဘယ်လောက်အတွေးလွန်လဲငါသိတယ်။ ငါနဲ့တွေ့ရင်ကျ အတူစကားပြောဖြစ်နေတော့ နင့်စိတ်ကိုမေ့ထားနိုင်တယ်။ အဲ့ဒါကိုနင်ပျော်နေတာ။ နင့်အတွက်နင်ပျော်နေတာ။ အဲ့ဒါ ငါ့ကိုချစ်လို့မဟုတ်ဘူး။ ငါသိတယ်”
ကျွန်တော် စကားပြန်ပြောဖို့ နှုတ်ခမ်းအစုံကိုဖွင့်ဟလုဆဲဆဲ။ သို့သော် ဘာစကားမှထွက်မလာတော့။
"လူဆိုတာမျိုးကကွာ။ လူပျိုအပျိုရယ်လို့ဖြစ်လာရင် ဆန့်ကျင်ဘက်လိင်ကို လိုအပ်ကြတာပဲ။ သူငယ်ချင်းဆီက အားပေးစကားနဲ့ ရည်းစားဆီက အားပေးစကားမှာ ပြောတဲ့စကားလုံးချင်းတူရင်တောင် ခံစားချက်ခြင်းမတူဘူး။ နင်က အမြဲတစ်ယောက်တည်းနေနေခဲ့တာ။ အဲ့တော့ နင့်အတွက်လည်း တစ်ယောက်ယောက်ကိုလိုနေတယ်။ ကံဆိုးချင်တော့ အဲ့ဒါငါဖြစ်သွားတယ်။"
ပြောပြီးတော့ သူက ခုံပေါ်ပြန်ထိုင်သည်။ ခုံပေါ်တင်ထားသော သူ့လက်မောင်းတွေပေါ်ကို မျက်နှာမှောက်ချကာ တအိအိနှင့်ငိုသည်။ ဒါကိုတွေ့တော့ ကျွန်တော်ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားသည်။ ရုတ်တရက်ဘာလုပ်ရမည်မသိ။ သူ့ကိုပွတ်သပ်နှစ်သိမ့်ပေးရမည်လား။ တောင်းပန်စကားဆိုရမည်လား။ ငိုပြီးတော့ သူပြန်မော့လာသည်။ သူ့မျက်ဝန်းတွေ နီရဲ၍။ ကျွန်တော်လည်း စိတ်မကောင်း။ သို့သော်အားလုံးနောက်ကျခဲ့ပြီထင်သည်။
" ငါသိခဲ့ပါတယ်။ ငါသိနေပါတယ်ဟယ်။ နင်ငါ့ကိုမချစ်ဘူးဆိုတာ။ ဒါပေမယ့် ငါနင့်ကိုချစ်နေပြီဟဲ့။ လူတစ်ယောက်ချစ်သွားရင် ဘာဖြစ်ဖြစ်ချစ်သွားတာပဲ။ ငါ့ဘက်ကလည်း မသိစိတ်ကစိုးရိမ်နေတာကို လျစ်လျူရှုခဲ့မိတယ်။ အဲ့ဒါတော့ ငါမှားတယ်။ ဒါပေမယ့်ဟာ နင်နောက်ဆုတ်လိုက်ပါလား။ နင်ငါ့ကိုမချစ်သလိုပြတ်ပြတ်သားသားနေပါလား။ ငါကလူပါဟဲ့။ ငါ့မှာလည်းခံစားချက်အများကြီးနဲ့ပါ။ ငါ့စိတ်ထဲစိုးရိမ်နေတာကြီးက တစ်နေ့ထက်တစ်နေ့ပိုထင်ရှားလာနေတော့ ငါဘယ်လောက်မွန်းကျပ်ရတယ်ထင်လဲ"
"ငါလည်းမွန်းကျပ်တယ်" ။ ကျွန်တော့်စကားကြားတော့ သူကမချိပြုံးပြုံးသည်။ သူ့ပါးပြင်တွင် မျက်ရည်တစ်ပေါက် တဖြည်းဖြည်းကျဆင်းလာနေသည်။
"တကယ်တော့ နင်က နင့်အတွက်ပဲနင်ကြည့်တာ။ နင့်ရဲ့အထီးကျန်စိတ်၊ နင့်ရဲ့ဆန့်ကျင်ဘက်လိင်ကို လိုအပ်တဲ့စိတ်၊ နင့်ရဲ့ပျော်ရွှင်မှု ။ အဲ့ကွက်လပ်တွေအတွက် နင်ငါ့ကို ရေလိုက်ငါးလိုက်သုံးနေခဲ့တာ။ နင်ငါ့ကိုချစ်တာမဟုတ်ဘူး။ ငါနင့်ကိုချစ်တာကိုပဲ နင်ချစ်နေခဲ့တာ"
ပြောပြီးတော့ သူက သူ့မျက်ရည်တွေကို လက်ဖမိုးနှင့်သုပ်သည်။ မျက်နှာကိုအပေါ်မော့ကာ မျက်ရည်ထပ်မကျအောင်ကြိုးစားနေသည်။
"ငါတောင်းပန်ပါတယ်"
သူဘာမှပြန်မပြော။ စကားဝိုင်းက အတန်ကြာအေးစက်တိတ်ဆိတ်သွားသည်။ သူက အင်းလျားကန်ကိုငေးကြည့်နေသည်။ ကျွန်တော်က တစ်ရှူးဘူးထဲမှတစ်ရှူးတွေကို ဆွဲဆုတ်နေမိသည်။
ခဏနေမှ သူ့ဆီကအသံကြားရသည်။ သူ့ဆီကနောက်ဆုံးစကားလည်းဖြစ်သည်။
"ရပါတယ်။ ဘာပဲဖြစ်ဖြစ် အားလုံးအတွက်ငါ ကျေးဇူးတင်ပါတယ်။ ငါတို့အတူဆက်ရှိလို့မရတော့ဘူး။ အစစအရာရာဂရုစိုက်ပါ။"
ပြောပြီး သူထထွက်သွားသည်။ သူ့နောက်ကျောကိုသာမြင်ရသည်မို့ သူငိုနေခဲ့မလားမသိ။ ဝေးသွားသော သူ့ကျောပြင်ကိုငေးရင်း ကျွန်တော့်စိတ်ထဲတွင် ဝမ်းနည်းမှု၊ မွန်းကျပ်မှုများ ဗလောင်ဆူနေခဲ့သည်။ စတွေ့သောနေ့က သူ့ကျစ်ဆံမြီးလေးကို သတိရသည်။ စာအုပ်အဟောင်းဆိုင်လေးကို သတိရသည်။ သူငိုခဲ့သောနေရာ၌ပင် ကျွန်တော်မျက်ရည်ကျရပါသည်။ ဒါသည်ဝဋ်လည်ခြင်းဆိုလည်း လက်ငင်းပင် ကျွန်တော့်ဆီရောက်လာခဲ့ခြင်းဖြစ်သည်။
(၆)
အိမ်ပြန်ရောက်တော့ ပြတင်းတံခါးတွေကို အရင်ဖွင့်မိသည်။ ပုံမှန်ဆို ဒီလိုအချိန်သည် သူ့ဆီက ပြန်ရောက်ပြီအစချီ၍ စာပို့နေကြ။ ခုတော့ ကျွန်တော့်ဖုန်းထဲမှာ သူ့ဆီက notification ရောက်မနေပါ။ အခန်းက ပို၍ တိတ်ဆိတ်နေသည်။ အခန်းထောင့်တွင် စိတ်ပျက်အားလျော့စွာနှင့် ကျွန်တော် ထိုင်ချခဲ့သည်။
-ဆပ်ရိပ်
၂၃.၂.၂၀
Comments
Post a Comment