ကျနော်ကချင်သည်
ဒီရက်ပိုင်း ကျနော်အရမ်းကချင်နေတယ်။ စိတ်လွတ်လက်လွတ်ကို ကျနော့်လည်ပင်းရိုးတွေ၊ ခေါင်းတွေ၊ ခြေလက်တွေ ပြုတ်ထွက်သွားအောင် လှုပ်ခါပြီးကချင်တာ။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကကိုကပလိုက်ချင်တာ။ အဲ့စိတ်ကလည်း ခန္ဓာကိုယ်အတွင်းပိုင်းမှာ ယားနေတာကို ကျနော့်လက်တွေနဲ့ ကုပ်လို့မရသလို ပိုပိုပြီးပြင်းထန်လာခဲ့တယ်။ စိတ်ထဲ တလှပ်လှပ်နဲ့။ အားမလိုအားမရ ကလိကလိနဲ့။
ပြသနာက ဂျိုကာရုပ်ရှင်ကြည့်လိုက်တာကနေစတာပဲ။ တော်တော်များများလည်းကြည့်ပြီးလောက်ပါပြီ။ ဟာကွင်းဖီးနစ်သရုပ်ဆောင်ထားတဲ့ဂျိုကာလေ။ တစ်ဘဝလုံးစောက်သုံးမကျတဲ့ကောင်။ မအောင်မြင်တဲ့လူရွှင်တော်တစ်ယောက်။ လူတွေဝိုင်းအနိုင်ကျင့်ခံနေရတဲ့ကောင်။ ဖြစ်မယ့်ဖြစ်တော့ သူ့ကိုမြေအောက်ရထားပေါ်မှာ လူငယ်သုံးယောက်က အနိုင်ဝိုင်းကျင့်တယ်။ သည်းမခံနိုင်တော့တဲ့ဂျိုကာက အဲ့ထဲကရုန်းထွက်ပြီး အကုန်လုံးကို သေနတ်နဲ့အကုန်အသေပစ်သတ်လိုက်တယ်။ ခွေးမသားတွေ အသေဆိုးနဲ့သေကြ။ ပြီးတော့ ရဲတွေမမိခင် အိတ်ကိုအမြန်မပြီး ဝရုန်းသုန်းကားထွက်ပြေးလာတယ်။ တစ်ဘဝလုံးသောက်သုံးမကျဘဲ အရှုံးသမားဖြစ်ခဲ့တဲ့ကောင်က အခုလူသတ်ခဲ့မိပြန်ပြီ။ သတ်တာသုံးယောက်။ မိရင်တစ်သက်လုံးထောင်ထဲနေပေတော့ပဲ။ ပြေးနေရင်းမောလာတဲ့ဂျိုကာဟာ အများသုံးရေချိုးခန်းတစ်ခုထဲပြေးဝင်တယ်။ တံခါးကိုပိတ်တယ်။ သူ့နောက်မှာ အားလုံးလိုက်လာနေတယ်။ ကြောက်လန့်မှု၊ စောက်ဖြစ်မရှိမှု၊ ဘာမှရှိမနေတဲ့ဘဝမှာ အဲ့ဘဝကိုမှာထပ်ဆုံးရှုံးမှာစိုးရိမ်မှု၊ ငါဘာတွေလုပ်ခဲ့တာလဲဆိုတဲ့ ဆင်ခြင်မှု အားလုံးဟာ သူဝင်လာတဲ့ရေချိုးခန်းထဲကို အရှိန်အဟုန်နဲ့ပြေးလိုက်လာခဲ့တယ်။ ရေချိုးခန်းမီးရောင်က လာတစ်ချက်မလာတစ်ချက် တဖျတ်ဖျတ်နဲ့။ သူလူသတ်လာခဲ့တဲ့ မြေအောက်ရထားမှာလည်း အဲ့အတိုင်းပဲ။ မွို့ကွိီးက အတွင်းပိုင်းမှာ လှိုက်စားပျက်စီးနေပြီ။ သူကလည်း လမ်းပေါ်လူလစ်မှတက်လာတဲ့မြေကြွက်တစ်ကောင်လို နံစော်စုတ်ပြတ်လို့။ ခုလည်းသူဘာဆက်လုပ်ရမလဲမသိဘူး။ လူသတ်လာပြီးရင် လူတွေဘာလုပ်ကြလဲသူမသိဘူး။ သူသိတာကတော့ တစ်သက်လုံးထိန်းအုပ်လာခဲ့တဲ့သူ့စိတ်ကို တစ်နည်းနည်းနဲ့ဖွင့်ချလိုက်ချင်တယ်။ အော်ထုတ်ရင်လည်း အားရပါးရအသံကုန်အော်ထုတ်ပစ်မယ်။ တစ်သက်လုံး သူ့ကိုပြောတာတွေပြန်မပြောခဲ့ရဘူး။ သူ့ကိုအနိုင်ကျင့်တာတွေ ငုံ့ခံ့ရတယ်။ ဘယ်သူ့အတွက်မှလည်းဘောင်မဝင်ဘူး။ အဲ့အစား ချောင်းတဟွတ်ဟွတ်ဆိုးနေရလို့ သူ့လည်ချောင်းနံရံမှာ သွေးတောင်စို့နေမလားပဲ။ သူ့စိတ်ကိုခုတိုင်းဆက်သွားရင် သူ့ရင်ဘတ်ကြီး ပူဖောင်းလိုဖောင်းပွလာပြီး အတွင်းဘက်က ကလီစာတွေ၊အူတွေပွင့်ထွက်သွားလိမ့််မယ်။ သွေးတွေဟာ ပေါက်ထွက်ထားတဲ့သူ့ဝမ်းဗိုက်ကနေ နံရံကိုပန်းပြီးသားဖြစ်သွားမယ်။ ခက်တာက အခုအော်ထုတ်လိုက်ရင် ရဲတွေကြားသွားနိုင်တယ်။ စောက်ဘဝကြီးက တစ်ခါလောက်အသံကုန်အော်ဖို့တောင် မလွတ်လပ်နေဘူး။ နောက်ဆုံးတော့သူဟာ ရေချိုးခန်းထဲမှာ ကတယ်။ သူ့ခြေထောက်တွေ ရှေ့တိုးလိုက်။နောက်ဆုတ်လိုက်။ လက်တွေက ဝိညာဥ်ပူးနေသလို ပျော့ပျောင်းပြီး ရေလှိုင်းတွေလို တွန့်ခေါက်ကခုန်နေကြတယ်။ ကနေရင်း သူငိုတယ်။
အဲ့ဇာတ်ဝင်ခန်းကြည့်ပြီးတော့ ကျနော့် စိတ်ထဲသရိုးသရီဖြစ်လာတယ်။ ရုပ်ရှင်ပြီးသွားတော့ အတူကြည့်နေတဲ့ဘေးကသူငယ်ချင်းကိုကြည့်ပြီး "ငါကချင်နေတယ်" လို့ပြောလိုက်တယ်။ ဟိုကောင်က ကျနော်နောက်နေတာထင်နေတယ်။ "လာလေ မြေနီကုန်းတံတားအောက်မှာ သွားကမယ်" တဲ့။ "တကယ်လား" လို့ ကျနော်မေးလိုက်တော့ သူကကျနော့်ကိုမျက်မှောင်ကျုံ့ပြီးကြည့်တယ်။ ပြီးတော့ ခေါင်းခါပြတယ်။ ကျနော်နောက်နေတယ်ထင်နေပုံပဲ။
ကျနော့်အသက် ၃၅နှစ်။ ကိုယ်အလေးချိန်များတယ်။ ဝတဲ့အထဲပါတယ်။ ကျနော့်အလုပ်က ရုံးစာရေး။ ရုံးရောက်တာနဲ့ စာအုပ်တွေ၊ကွန်ပျူတာတွေ ဖွင့်ပြီး ရှိသမျှအလုပ်အကုန်တကုပ်ကုပ်လုပ်ရတယ်။ ကျနော့်အိမ်က ခပ်သေးသေး။ နင်းလိုက်ရင် ကြမ်းပြင်က ကျွိခနဲ၊ကျွိခနဲ။ ညနေတိုင်း ကားပေါ်ကဆင်းရင် အမှိုက်တွေဗောလောပေါ်ပြီး မြောင်းပုပ်စော်နံနေတဲ့လမ်းအတိုင်း အိမ်ပြန်ရတယ်။ အိမ်ပြန်ရောက်တဲ့အခါ အကြွေးတွေကြောင့် ပုပ်အက်နေတဲ့မျက်နှာနဲ့ ထိုင်နေတဲ့အမေ့ကိုတွေ့မယ်။ ကျနော့်ကိုတွေ့ရင် သူပြုံးပြမယ်။ အိမ်ပေါ်တက်ဖို့ သူ့ကိုယ်ကိုယို့ပေးမယ်။ အိမ်ပေါ်က ဘုရားစင်ရှေ့မှာ လေဖြတ်နေတဲ့အဖေရှိတယ်။ သူ့ဘေးမှာ ကစားနေတဲ့ညီမလေးရှိတယ်။ အဖေ့ဆီက ချွေးနံ့စူးစူးကြီးကို အိမ်ပေါ်တက်တိုင်းရလေ့ရှိပါတယ်။ တစ်အိမ်လုံးက အမြဲမီးရောင်မှိန်မှိန်နဲ့ခြောက်ကပ်တိတ်ဆိတ်နေတာပဲ။ ကျနော်ဟာသပြောရင်တောင် ညီမလေးကလွဲလို့ ဘယ်သူမှမရီနိုင်ကြဘူး။ နောက်နေ့မနက်ကျရင် အမေနှိုးတာနဲ့အိပ်ရာထမယ်။ အမေထည့်ပေးတဲ့ တစ်ခြမ်းပိန်ထမင်းချိုင့်ကို ဆွဲပြီး ရုံးနောက်မကျအောင်ကားဂိတ်ပြေးရမယ်။
ရုံးရောက်တဲ့အခါ ရှိတဲ့အလုပ်တွေကျနော်ကြုံးလုပ်ရတော့မယ်။ ဒီအလုပ်ကို အသက်၂၀ ကျော်ကတးည်းက ကျနော်လုပ်ခဲ့တာ။ ရာထူးတိုးမယ့်အလားအလာလည်းမရှိပေမယ့် တစ်လလောက်ကျနော်နားလိုက်ရင်ကို တစ်အိမ်လုံးငတ်ပြီးသေနိုင်တာမို့ ဒါပဲဆက်လုပ်နေရတယ်။ ရုံးက ကျနော့်နေရာအပေါ်မှာ မလည်ချင်လည်ချင်နဲ့လည်နေတဲ့ ပန်ကာတစ်လုံးရှိတယ်။ အလင်းရောင်ရော၊လေရောကောင်းကောင်းမဝင်တဲ့နေရာမှာ ကျနော်နေတယ်။ ရုံးမှာ ကျနော့်ထက်နိမ့်တာ ၂ယောက်ပဲရှိတော့လို့ ဒီနေရာပေးထားတာလားလို့ တစ်ခါတစ်လေတော့တွေးမိပါတယ်။ ပြီးတော့ အလုပ်တွေလုပ်နေရင်း အထက်က ဘိုးတော်တွေခေါ်ကြိမ်းရင် ခေါင်းငုံ့ပြီးသွားနားထောင်ရသေးတယ်။ ကျနော်က ငယ်ငယ်တည်းကစကားနည်းတယ်။ အဲ့တော့ သူတို့ဆူဆူမဆူဆူ ကျနေ့ာ်ဘက်က ပြန်ပြောဖို့သိပ်မရှိဘူး။ တစ်ချို့ကတော့ ကျနော်နဲ့ခင်လိုခင်ငြား ဟာသတွေဘာတွေပြောကြပါတယ်။ ကျနော်သူတို့ဟာသတွေကိုမရီတော့ သူတို့မျက်နှာတွေတည်ပြီး ခပ်တင်းတင်းဖြစ်ကုန်ကြတယ်။ သူတို့ဘာတွေးမလဲကျနော်မသိဘူး။ ကျနော့်စိတ်ထဲမှာတော့ အလုပ်က စာရင်းဇယားတွေ၊ အိမ်ကအကြွေး၊ အဖေ့ဆေးဖိုး၊ ညီမကျောင်းစရိတ်၊ အိမ်စရိတ် ဒါတွေပဲတွေးနေတာများတယ်။
ပြောခဲ့သလိုပဲ ဂျိုကာကြည့်ပြီးသွားတော့ ကျနော်တအားကချင်လာတယ်။ ဒါပေမယ့် ကျနော့်တစ်သက်မှာ ကတယ်ခုန်တယ်ဆိုတာ တစ်ခါတောင်ရှိဘူးရဲ့လားမသိဘူး။ ကျနော်သာကရင် လူသေကောင်ကြီး သေခါနီးအကြောဆွဲသလို တောင့်တောင့်ကြီးဖြစ်နေလိမ့်မယ်။ ဘယ်လိုမှကြည့်ကောင်းမှာမဟုတ်ဘူး။ အဲ့ဒါအရေးတော့မကြီးပါဘူး။ ကျနော်က ကပဲကချင်နေတာ။ ကလိုက်ရရင်ကိုဖြစ်ပြီ။
လိုင်းကားပေါ်ရောက်တော့ ကားပေါ်ကတီဗီမှာ Live Show တစ်ခုပြနေတယ်။ ရှိုးပွဲတစ်ခု။ Rock ရှိုးပွဲ။ အဆိုတော်က "မဂ်လာပါ" လို့ အားရပါးရအော်လိုက်ပြီး စင်ပေါ်မှာ လျှပ်စစ်ဂစ်တာသံထွက်လာတယ်။ ဒရမ်သံ ။ နားထဲဆောင့်ဝင်လာသလိုမျိုး။ ပြင်းတယ်။ ရိုက်ချလိုက်တိုင်း ဒရမ်ပေါ်က ဖုန်တွေဖွားကနဲ မြောက်တက်သွားတာတောင် ကျနော့်အာရုံမှာမြင်နေရတယ်။ လူတွေက မြူးပြီး စင်အောက်မှာစပြီးခုန်ကြတယ်။ ဒုက္ခပဲ။သူတို့လုပ်မှ ကျနော့်ကချင်တဲ့စိတ်ပိုဆိုးလာပြီ။ အဲ့လူအုပ်ကြားထဲ အားရပါးရခုန်ပေါက်ကလိုက်ရရင် ရှယ်ပဲ။ ကျနော့်ဆံပင်တွေလွင့်နေအောင် ခေါင်းတွေပါ အထက်အောက်ရမ်းခါပစ်မယ်။ ကျနော်တောင့်တောင့်ကြီးဖြစ်နေတာလည်း ဘယ်သူမှသတိထားမိမှာမဟုတ်ဘူး။
ကားပေါ်မတက်ခင်က သူငယ်ချင်းနဲ့လက်ဖက်ရည်ဆိုင် ခဏထိုင်တယ်။ ကျနော်တို့ထိုင်လိုက်တဲ့နားမှာ လက်ဖက်ရည်က စားပွဲထိုးကလေးမက တရှုံ့ရှုံ့ငိုနေတယ်။ မညီမညာလိမ်းထားတဲ့သူ့မျက်နှာပေါ်ကသနပ်ခါးတွေဟာ သူ့မျက်ရည်တွေကြောင့် ဟိုတစ်ကွက်ဒီတစ်ကွက်ပျက်နေတယ်။ ကျနော်တို့ထိုင်လိုက်တော့ အနားရောက်လာပြီး "ဘာစားမလဲ" လို့ ငိုရင်းပဲမေးတယ်။ သူဘာလို့ငိုနေတာလဲကျနော်မသိဘူး။ တစ်ခြားစားပွဲထိုးတစ်ယောက်ယောက်က သူငိုအောင်စလို့လား။ ဒါမျိုးက လက်ဖက်ရည်ဆိုင်မှာ ဖြစ်တတ်တယ်လေ။ ဒါမှမဟုတ် အိမ်ကိုသတိရလို့လား။ သူငိုနေပေမယ့် ဆိုင်ရှင်မဆူအောင် အလုပ်လည်းပျက်လို့မရဘူး။ တော်တော်မွန်းကျပ်စရာခံစားချက်ကြီးပဲ။ လက်ဖက်ရည်လာချတော့ ကျနော်သူ့ကိုကြည့်တယ်။ "မကချင်ဘူးလား" လို့ မေးလိုက်တယ်။ ကျနော်မေးတာသူနားလည်ပုံမရဘူး။ ကျနော့်ကိုကြောင်ကြည့်နေတယ်။ ပြီးတော့ လှည့်ထွက်သွားတယ်။ ကျနော့်သူငယ်ချင်းက ကျနော်စောက်ခွက်ပြောင်နေတယ်ပဲထင်နေတယ်။ ကျနော်တကယ်ကချင်နေတာ။
ကားပေါ်က တီဗီက Live Show ကနေ နိုင်ငံခြားဒီဂျေသီချင်းတွေဆီရောက်သွားပြန်တယ်။ တီးလုံးသံက ပိုမြူးလာတယ်။ ကျနော့်နားထဲမှာ ခုန်နေတယ်။ ဒူချပ် ဒူဒူဒူဒူချပ်။ ဒူချပ် ဒူဒူဒူဒူချပ်။ အဲ့တီးလုံးအတိုင်း ကလိုက်ရရင် ဘယ်လောက်ကောင်းမလဲ။ လုံးဝလွတ်လပ်သွားမှာ။ ဒါပေမယ့် ကားပေါ်ကြီးမှာကရင် ကျနော့်ကိုအကုန်ဆဲကြမှာပေါ့။ အဲ့တော့ လက်တွေကိုပဲ စည်းချက်နဲ့အညီ လိုက်ခေါက်နေမိတယ်။ ရုပ်မပျက်ပဲလှုပ်လို့ရတဲ့ ကျနော့်ဦးခေါင်းတွေကိုလည်း ရှေ့တိုးနောက်ဆုတ်လှုပ်တယ်။ ဒါလောက်လေးတောင် တော်တော်မိုက်နေပြီ။
ကားပေါ်ကဆင်းတော့ မီးပျက်နေတယ်။ မျက်စိတစ်ဆုံး လမ်းတစ်လျှောက်မှောင်မဲပြီး လူသူရှင်းနေတာပဲ။ ကျနော်ကလွယ်အိတ်ကို ပခုံးတစ်ဖက်မှာပဲ လွယ်နေကြ။ အမှောင်ထဲ တိတ်တိတ်ဆိတ်ဆိတ်လျှောက်လာရင်း ကျနော့်လွယ်အိတ်က ပခုံးကနေ တဖြည်းဖြည်းလျှောကျလာနေတယ်။ ခါတိုင်းဆို ကျနော်အဲ့လွယ်အိတ်ကြိုးကို ပခုံးပေါ်ပြန်ရောက်အောင် ဆွဲတင်နေကျပေမယ့် ခုတော့မဟုတ်ဘူး။ ဘေးဘီဝဲယာကို ကျနော်ကြည့်တော့လူသူရှင်းနေတယ်။ လျှောကျနေတဲ့လွယ်အိတ်ကို လက်တစ်လျှောက်လျှောချပြီး မြေကြီးပေါ်ရှောရှောရှူရှူပစ်ချလိုက်တယ်။ ကျနော်ပြုံးတယ်။ ညကမှောင်မဲနေတာပဲ။ စိတ်လွတ်လက်လွတ်ပဲ တဟားဟားကျနော်ရီမိတယ်။ ကျနော်ရီတာကို ကျနော် ကြားနေရတာ အကျယ်ကြီးလိုပဲ။ ဘယ်သူမှတော့မကြားဘူး။
ပြီးတော့ ကျနော်ကတယ်။
-ဆပ်ရိပ်
၂၀.၂.၂၀
You can read my writings in my blog too.
sakyeik.blogspot.com
Comments
Post a Comment