မိသားစုဟင်းပွဲများ
မနေ့မနက်က မနက်စာအတွက် ဘာစားရမလဲစဥ်းစားရင်း စျေးထဲရောက်ဖြစ်တယ်။ နည်းနည်းအေးတဲ့ရက်တွေမို့ စျေးထဲရောက်တော့ စျေးဝယ်သူတွေက အပေါ်အနွေးထည်ကိုယ်စီနဲ့။ စျေးလမ်းရဲ့ဘေးက ကန်စွန်းခင်းဘက်မှာလည်း မြူတွေခပ်ပါးပါးနဲ့။ တစ်နေရာရောက်တော့ အန်တီကြီးတစ်ယောက်ညည်းနေတာကြားတယ်။ သူနဲ့ပါလာတဲ့တစ်ယောက်ကို ပြောနေတာ။ " အိမ်အတွက်ဘာချက်ရမလဲမဆိုပါဘူးအေ" တဲ့။ သူ့မျက်နှာကြီးကလည်း ညည်းသံနဲ့အပြိုင်ရှုဲ့မဲ့နေတာပဲ။ တကယ်ခေါင်းခြောက်နေပုံကြီး။ သူညည်းနေတာကြားတော့ အိမ်ကအမေ့ကိုပြေးသတိရတယ်။
စဥ်းစားကြည့်ရင် အမေတစ်ယောက်အနေနဲ့ မိသားစုအတွက် ချက်ပြုတ်တဲ့တာဝန်ကိုယူရတာ မလွယ်လှဘူးရယ်။ အဲ့အန်တီကြီးပြောတဲ့ ဘာချက်ရမလဲမသိတဲ့ပြသနာက ပိုဆိုးပေါ့။ အိမ်မှာ လူတစ်ကိုယ် အကြိုက်တစ်မျိူး။ လူရှိသလောက် ပါးစပ်ပေါက်တွေရှိနေကြတယ်။ ပုံမှန်မိသားစုအတွက်ဆို အဲ့အပြင်ကိုမှ ချက်ပြုတ်ဖို့ရတဲ့တစ်ရက်စာဘက်ဂျက်နဲ့လည်း ပြန်ချိန်ရသေးတယ်။ အဲ့ဘက်ဂျက်အပေါ်အခြေခံပြီး အိမ်ကလူတွေခံတွင်းတွေ့အောင် ဘာချက်ရင်ကောင်းမလဲစဥ်းစားရတယ်။ ဒါမျိူးက အမေလည်းဖြစ်၊အမျိူးသမီးတွေလည်းဖြစ်လို့သာ လုပ်နိုင်တာပဲ။ သူတို့နေရာမှာ ယောကျာ်းလေးသာဆိုရင် ကြက်ဥကြော်ပဲ ရစရာရှိတယ်။ စိတ်ရှည်ကြမှာလည်းမဟုတ်ဘူး။
ငယ်ငယ်က အင်းစိန်ဘူတာနားမှာနေတော့ အန်တီမြဆိုတဲ့ အန်တီတစ်ယောက်ရှိတယ်။ ခုတော့အဘွားပေါ့။ သူက ဟိုးအရင်က ထမင်းဆိုင်ဖွင့်ခဲ့တယ်။ အဲ့ဒါတော့ ကျနော်ငယ်သေးလို့မမီလိုက်ဘူး။ မီလိုက်တာက အန်တီမြရဲ့ အရသာရှိလွန်းတဲ့ဟင်းလက်ရာတွေပဲ။ အရသာရှိအောင်ချက်တတ်သလို အန်တီမြခေါင်းထဲက ဘာချက်မလဲဆိုတဲ့အတွဲအဖက်တွေကလည်းရှယ်။ ဥပမာ ကြက်သားပေါ့။ ကြက်သားကို အတုံးကြီးကြီးနဲ့ အချိုချက် ချက်ရမလား။ သေးသေးလေးတွေတုံးပြီး ငရုတ်သီးခြောက်စပ်ကြော်မလား။ ခရမ်းချဥ်သီးနဲ့ရောပြီး ချဥ်စပ်လေးချက်မလား။ သူ့စိတ်ကူးအတိုင်းလည်း အရသာရှိအောင်ချက်တတ်တယ်။ သူ့မိသားစုအတွက် နှစ်ပေါင်းများစွာအဆင်ပြေပြေစားသောက်နိုင်အောင် ဒီတာဝန်ကို သူသေချာထမ်းဆောင်ခဲ့တယ်ပေါ့။
အမေတွေအတွက်တော့ မနက်မိုးလင်းလို့ စျေးခြင်းလေးဆွဲပြီး စျေးထဲသွားရတာဟာ တိုက်ပွဲဝင်စစ်သည်တစ်ယောက်လိုပါပဲ။ ဒီနေ့ သမုဒ္ဒရာဝမ်းတစ်ထွာတိုက်ပွဲအတွက် ဘာဟင်းပွဲလက်နက်တွေပြင်ရမလဲဆိုတာမျိုးဖြစ်မယ်။ တစ်ရက်၊တစ်လတည်းလည်းမဟုတ်ဘူး။ နှစ်တွေအများကြီး။ ရက်တွေထောင်သောင်းချီပြီး။ ဘာမှမဟုတ်သလိုထင်ရပေမယ့် ဒီဝတ္တရားအတွက် အမေတိုင်းဟာ မညည်းမငြူလုပ်ပေးခဲ့ကြပါတယ်။ အမေဟာ မနက်လင်းတာနဲ့ သူ့ချပ်ဝတ်တန်ဆာဖြစ်တဲ့ အနွေးထည်လေးကိုထပ်ဝတ်မယ်။ ထဘီကိုခပ်တင်းတင်းပြင်ဝတ်ပြီး စျေးခြင်းလေးကိုင်လို့ စျေးလမ်းတစ်လျှောက်အထက်အောင်စုန်ဆန်သွားရင်း ဘာချက်ရမလဲစဥ်းစားမယ်။ စဥ်းစားမိတဲ့ဟင်းက ဘက်ဂျက်ကိုလည်း မကျော်ရဘူး။ ပြန်ရောက်တာနဲ့ စစ်သည်အမေဟာ မီးဖိုချောင်ကိုဝင်ပြီး ချွေးတလုံးလုံးနဲ့ ချက်ပြုတ်တော့တာပဲ။ ပိုပြီးချစ်ဖို့ကောင်းတဲ့အချက်က သူအရသာကြိုက်တာတွေချက်မယ်ဆိုပြီးချက်တာမဟုတ်ဘူး။ အိမ်သားတွေစားကောင်းမယ်ထင်တာတွေကိုကြိုက်တာ။ အိမ်သားတွေအတွက် ချက်တာကိုမှ သူကကြိုက်နေခဲ့တာဖြစ်တယ်။
ကျနော့်အမေဆိုရင် တစ်ခါတစ်လေဘာတွေချက်မှန်းမသိဘူး။ ဒါပေမယ့်စားကောင်းနေတာပဲ။ တစ်ခါတစ်လေ ပဲဟင်းကျဲကျဲနဲ့ ငါးခြောက်ကြော်။ တစ်ခါတစ်လေလည်း ငါးပိချက်စပ်စပ်နဲ့ ဝက်သား။ အမေလည်း ဘာချက်ရမလဲခေါင်းခြောက်လွန်းလာပြီဆိုရင်တော့ ကျနော်အကြိုက်ဆုံးဟင်းတွေကို တောင်းဆိုခွင့်ရတယ်။ ကျနော်ကတေ့ာ ပဲဟင်းပျစ်ပျစ်နဲ့ ဝက်နံရိုး (ဒါမှမဟုတ်) ချဥ်ပေါင်ဟင်းနဲ့ ငါးမြစ်ချင်းငရုပ်သီးနိုင်းချင်းစပ်ကြော်ကို တောင်းဆိုလေ့ရှိတယ်။ အဲ့ဒါမျိုးဆိုရင် တစ်ရက်နှစ်ရက် ခေါင်းခြောက်သက်သာသွားတဲ့အမေက စိတ်လိုလက်ရချက်ပေးပါတယ်။ ဒါပေမယ့်ကျနော်လည်း နေ့တိုင်းအဲ့ဒါကြီးပဲ မစားနိုင်တဲ့အတွက် နောက်ရက်တွေကျ ဘာချက်မလဲဆိုတာကို အမေပြန်ခေါင်းခြောက်ရပြန်တယ်။ ပြောရရင် မိသားစုထမင်းဝိုင်းအတွက် Brainstorming လုပ်တာဟာ team leader လည်းအမေ။ member လည်း အမေပါပဲ။
တစ်ခြားသော တာဝန်တွေနည်းတူ အမေတွေဟာ ဒီကိစ္စကိုလည်း တစ်သက်လုံး လုပ်ပေးနိုင်ကြပါတယ်။ ကျနော်ထင်တာတော့ ဒါက "ဒါလေးများ" ဆိုတာထက် ပိုပါတယ်။ ဒီပေါ်မှာ စိတ်ကူးကြံဆရတယ်။ မေတ္တာတရားတွေပါတယ်။ စေတနာတွေပါတယ်။ တစ်ခြားကျေးဇူးတွေကြီးတယ်ဆိုရင် မိသားစုထမင်းဝိုင်းအတွက် အမေ့ရဲ့အားထုတ်မှုကိုလည်း ထပ်တူကျေးဇူးတင်သင့်ပါတယ်လေ။
ကျနော်တော့ တစ်ခုစဥ်းစားမိတယ်။ပိုက်ဆံကောင်းကောင်းရှာနိုင်တဲ့နေ့တွေကျရင် အဖေနဲ့အမေကို စားသောက်ဆိုင်တွေ အခါအခွင့်သင့်တိုင်းခေါ်သွားချင်တယ်။ ဆိုင်က menu book ကိုပြမယ်။ ဒီနေ့တစ်ရက်တော့ "အမေဘာချက်မလဲ" မစဥ်းစားနဲ့။ "အမေဘာစားချင်လဲ" ဆိုတာ စာအုပ်ထဲကဟင်းပွဲပုံတွေကို လက်ညှိုးထိုးပြီး အမေကြိုက်တာရွေးစား။ အဖေရောပေါ့။ တိုက်တွေကားတွေလည်း ဝယ်ပေးချင်ပါတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ ပုံမှန်ရောက်လာခဲ့တဲ့ ထမင်းဝိုင်းပေါ်က ဟင်းပွဲတွေအတွက် တတ်နိုင်မယ်ထင်တဲ့ ဒီလောက်လေးတော့ အရင်ဆုံးပြန်လုပ်ပေးချင်တယ်။ စားသောက်ဆိုင်ကောင်းကောင်း၊ ဟင်းလက်ရာကောင်းကောင်း။ " စျေးကြည့်မနေပဲ ဘာစားချင်လဲ ရွေးလိုက်ပါ အမေရာ" ပေါ့။ အမေကတော့ စျေးကြီးတဲ့ဟင်းပွဲကိုရွေးဖို့ တွန့်နေဦးမှာပေါ့။ ကျနော်တို့အနေနဲ့ကတော့ ဒီနှစ်ပေါင်းများစွာအတွက် ကျေးဇူးတင်သောအားဖြင့်ပေါ့လေ။
-ဆပ်ရိပ်
၁၆.၂.၂၀
*You can read my writings in my blog too*
( sakyeik.blogspot.com )
Comments
Post a Comment