ငှက်ကလေး
ငှက်ကလေး
(၁)
ငှက်ကလေး ကိုယ့်လက်မောင်းပေါ်နားခဲ့တော့
ငှက်ကလေးရဲ့ ဆံနွယ်ရနံ့
ကိုယ့်မှတ်ဥာဏ်မှာ ပျံ့။
(၂)
အိပ်မက်ထဲမှာလည်း ဝေးနေတာပဲ
ဒါပေမယ့်
အိပ်မက်ထဲမှာတော့ မြင်နေရပါသေးတယ်။
(၃)
မကြားနိုင်ဘူးထင်လို့မခေါ်
မရောက်နိုင်ဘူးထင်လို့မသွား
မနီးနိုင်ရင်လည်း
မဝေးဘူးလို့ထင်ရတဲ့တစ်နေရာမှာ
နေနေမိတာ
ဘယ်သူ့အတွက်မှ မမှားဘူးမှတ်လား။
(၄)
အိမ်ပြန်ချိန်
တဖြေးဖြေးဝေးသွားတဲ့ မင်းနောက်ကျောပေါ်
တဖွဲဖွဲကျနေတဲ့ ကိုယ့်မျက်ဝန်းလက်ဖဝါး
မင်းကို မပိုင်ရတဲ့ကိုယ့်ရက်များမှာလေ။
(၅)
ဘဝဟာ တော်ရုံပဲကောင်းတယ်
ပျော်ရုံပဲကောင်းတယ်
ပိုချင်ရင်တော့ ရင်နာရမှာပဲ*
အဲ့ဒီအတိုင်း
ကျနော်လည်း နေမြဲအတိုင်းနေ
ဘာမှထပ်မရရှိ၊ ဘာမှထပ်မဆုံးရှုံး
အတွင်းဘက်မှာ တစ်ကိုယ်တည်းသေဆုံးလျက်။
(* = ကိုအရိုး၏ လေတိုက်တဲ့ညတွေ သီချင်းစာသား)
(၆)
သောက်မိတာနဲ့
ဆုံးရှုံးခဲ့သမျှ
မှတ်ဥာဏ်မှာ တစ်ခုမကျန်ပြန်ရတာပဲ
ဒါပေမယ့်
အရိပ်တွေ။
(၇)
လူကြီးမင်းရရှိဖူးသော
ပျော်ရွှင်မှုအမျိုးအစားမှာ
ဆက်သွယ်မှုဧရိယာပြင်ပသို့
ရောက်ရှိသွားခဲ့ပြီဖြစ်ပါ၍။
(၈)
မနက်ပိုင်းမှာ
ကော်ဖီကောင်းကောင်းသောက်ပြီး
ညနေဘက်မှာ
ဆူးလေတစ်လျှောက်လမ်းလျှောက်ပြီး
ညဘက်ရောက်တဲ့အခါ
စံပါယ်ပန်းတွေကိုင်ပြီး
အလင်းဝါဝါအောက်ဝင်ပြီး
ရွှေတိဂုံဘုရားပေါ်တက်ပြီး
ထောင့်လေးတစ်ခုမှာ အေးအေးဆေးဆေးထိုင်ပြီး။
(၉)
ကိုယ့်ကိုဘယ်သူမှမသိတဲ့အရပ်ဒေသမှာ
ခပ်ကုပ်ကုပ်လက်ဖက်ရည်ဆိုင်နဲ့
လူသူမများ ဘုရားရင်ပြင်တော်နဲ့
ညစာပူပူနွေးနွေး၊ ညဘက်အေးအေးနဲ့
တစ်ယောက်တည်းဆွေးနေချင်တယ်။
(၁၀)
အငြင်းခံရတဲ့ပန်းတွေလည်း
ဘယ်နွမ်းချင်ပါ့မလဲ
လူတိုင်းကတော့ facebook ပေါ်မှာ
ဓာတ်ပုံရိုက်တင် ပျော်ရွှင်ချင်ခဲ့ကြပါတယ်။
-ဆပ်ရိပ်
(ပြီးခဲ့တဲ့ရက်တွေမှာ ဘာမှမရေးချင်၊မရေးဖြစ်
ခုတော့ ဒီမှာ ကဗျာဆယ်ပုဒ် Pdf ပါ
တစ်ပုဒ်ချင်းတင်မနေချင်တော့လို့။)
Pdf အနေနဲ့ဖတ်ချင်ရင် ဒီမှာဒေါင်းပါ
https://www.mediafire.com/download/kssq7n12bvz8vzb
ကျေးဇူး
Comments
Post a Comment