မျှော်လင့်ချက်အသေများ


False Hope Syndrome ဆိုတာ မျှော်လင့်ချက်အမှားတွေ မကြာခဏရှိနေတတ်တဲ့ စိတ်အခြေအနေတစ်ခုပါ။ လက်တွေ့မကျတဲ့ မျှော်လင့်မှုတွေနဲ့ပြည့်နေတာလို့ပြောရင်လည်း ရတယ်။ ကျနော်တို့မှာ မျှော်လင့်ချက်ရှိနေတာကောင်းပါတယ်။ ဒါပေမယ့် အမှန်ကို လက်ခံနိုင်ဖို့လည်းလိုပါတယ်။ အရှိကိုအရှိတိုင်းလက်မခံပဲ Toxic Positivity တွေနဲ့ စွတ်ငြင်းဆန်တဲ့အခါ တလွဲတွေမျှော်လင့်လာတတ်တယ်တဲ့။

တစ်ခါက ရန်ကုန်မြို့ထဲမှာ သားအမိနှစ်ယောက်ရှိတယ်။ အမေတစ်ခုသားတစ်ခု နှစ်ယောက်တစ်ဘဝနေခဲ့ကြတယ်။ သားလေးက အသက် ၄နှစ်သား။ သူ့အမေက ထမင်းစားဖို့ ရပ်ကွက်တကာလှည့်ပြီး အဝတ်လျှော်ရတယ်။ သွားတဲ့အိမ်တိုင်း သူ့သားလေးကို ခေါ်သွားပြီး သူ့နားကစားခိုင်းတယ်။ သူ့သားကို တုန်နေအောင်ချစ်တယ်။ တအားစိတ်ပူတယ်။ သားကလည်း မျက်နှာချိုတော့ တွေ့တဲ့လူတိုင်းက ချစ်ကြတယ်။ သူ့အမေကတော့ ဘယ်သူချီတာမှတောင်မခံဘူး။ အမြဲတမ်း အမေနဲ့သား တပူးပူးတတွဲတွဲနေကြတယ်။

တစ်ရက်တော့ ကမ်းနားလမ်းဘက်မှာ သူတို့သားအမိ ကားလမ်းကူးကြတယ်။ အမေက သူ့သားကို လက်ဆွဲထားတယ်။ ဖြစ်ချင်တော့ နောက်တစ်ဖက်မကူးခင် လမ်းအလယ်မှာ ခဏရပ်နေတုန်း သူ့သားရဲ့လက်ကို သူကိုင်ထားပေမယ့် သူ့သားက နည်းနည်းလေး အနောက်ရောက်သွားတယ်။ အရှိန်နဲ့မောင်းလာတဲ့ကားက သူ့သားကိုဝင်တိုက်တယ်။ တွဲထားတဲ့သူ့လက်လည်း လဲကျပြီး ကျိုးလုနီးနီး။ သူ့သားကတော့ ကားအောက်ရောက်သွားတယ်။ အဲ့လေးနှစ်သားလေးက ပွဲချင်းပြီးပဲ။

နောက်လပိုင်းကြာတော့ အဲ့အမျိူးသမီးက သူ့သားစိတ်နဲ့ပဲ ရူးသွားရတယ်။ ကားမှတ်တိုင်တွေမှာ ညစ်ပတ်စုတ်ပြတ်ပြီး လျှောက်သွားတယ်။ ဘယ်ကိုရောက်ရောက် သူလုပ်နေကျ အမူအရာကတော့ ဘယ်သူမှမရှိတဲ့နေရာတစ်ခုကိုစိုက်ကြည့်ပြီး "သားလေးရေ မေမေ့ဆီလာ" ဘာညာနဲ့ ကလေးတစ်ယောက်တကယ်ရှိနေသလို ချော့မြူနေတာပဲ။ လူတွေရဲ့အမြင်မှာတော့ သူတစ်ယောက်တည်းပြောလိုက်၊ရီလိုက်၊ ကစားလိုက်။ သူ့အတွက်ကတော့ သူ့ရှေ့မှာ သူ့သားလေးရှိနေတယ်။ သူ့အာရုံမှာ မျှော်လင့်ချက်အမှားတွေကနေ ပရိုဂျက်တာထိုးပြသလိုမျိုး မြင်နေရတဲ့ သူ့သားရဲ့ပုံရိပ်ယောင်တွေရှိနေလိမ့်မယ်။  အဲ့ဒါကြီးကို ညဘက်မအိပ်တဲ့ မျက်တွင်းနက်နက်ပေါ်က ပျော်နေတဲ့ သူ့မျက်ဝန်းတွေမှာ ဆိုးဆိုးဝါးဝါးကြီးတွေ့နေရတယ်။

မျှော်လင့်ချက်နဲ့ပတ်သတ်ရင် တွေးစရာဘက်နှစ်ခုလုံးရှိပါတယ်။ Google မှာ Hope လို့ရိုက်ရှာလိုက်ရင်လည်း တစ်ချို့လူတွေမေးထားတဲ့ Is hope a good thing နဲ့ Is hope a bad thing နှစ်ခုလုံးကို တွေ့လိမ့်မယ်။ ကျနော့်တစ်ဦးတည်းအမြင်ကတော့ မျှော်လင့်ချက်က သေချာပေါက်လိုတယ်။ ဒီဘဝကြီးကို ရှေ့ဆက်ဖို့ကိုက မျှော်လင့်ချက်အမှုန်တွေလိုတယ်။ အဲ့အမှုန်တွေရဲ့ အရွယ်အစားက တစ်ခုနဲ့တစ်ခုတူမနေပေမယ့် အားလုံးက အထိုက်အလျောက်အရေးပါကြတယ်။ အဆင်မပြေတဲ့အခါ မျှော်လင့်ချက်ကြီးတွေနဲ့ တွန်းကန်ကြရပြီး ပုံမှန်နေ့တွေမှာတော့ မျှော်လင့်ချက်သေးသေးလေးတွေကနေ အဆင်ပြေမှုတွေဖြစ်လာအောင် ကြိုးစားမျှော်လင့်နေခဲ့ကြတယ်။ ဘေဖြည့်ရင် 400 GB ပေါက်ချင်တာလည်း မျှော်လင့်ချက်ပဲ။ ကားပေါ်ထိုင်ခုံရချင်တာလည်း မျှော်လင့်ချက်ပဲ။ တစ်ယောက်ယောက်နဲ့တွေ့ချင်တာလည်း မျှော်လင့်ချက်ပဲ။ တစ်ယောက်ယောက်နဲ့ အတူရှိချင်တာ၊ အိမ်ကလေးဝယ်ချင်တာ၊ နောက်နှစ်တွေကျရင် ဘယ်လိုလုပ်ချင်တာ အားလုံးက မျှော်လင့်ချက်တွေပဲ။ မျှော်လင့်ချက်တွေက ကိုယ်တိုင်လုပ်ယူရမ့ယ် အိပ်မက်တွေနဲ့လည်း ထွေးရောယှက်တင်ဖြစ်နေတတ်တယ်။ မျှော်လင့်ထားတာတွေဖြစ်မလာရင် လူတွေစိတ်ထိခိုက်ကြရတယ်။ အကြီးကြီးပြိုလဲလေ ကိုယ့်ကိုယ်ကိုတစစီပြန်ကောက်ရလေပေါ့။

လွန်ခဲ့တဲ့နှစ်တွေက ကျနော့်မှာ ဘယ်လောက်ထိ အမှားတွေမျှော်လင့်တတ်လဲပြောပြပါဦးမယ်။ ကျနော်က မျှော်လင့်တာရော အစွဲအလမ်းရော လိုတာထက်အမြဲပိုကြီးခဲ့တယ်ထင်တယ်။ အဲ့တစ်ခါက ကျနော့်သူငယ်ချင်းတစ်ယောက်က  လုံးဝထင်မထားတဲ့နည်းနဲ့ ကျနော့်အပေါ်မကောင်းကြံသွားတယ်။ ဒီလောက်အသိသာကြီးဖြစ်နေတာတောင် ကျနော်ဘာကိုမျှော်လင့်နေလဲသိလား။ ရုပ်ရှင်ထဲကလို ငါ့ကိုသက်သက်ဝမ်းသာစေချင်လို့ ဟန်ဆောင်လုပ်ပြတာနေမှာပါတဲ့။ ရီလည်းရီရတယ်။ ရီလည်းမရီနိုင်ခဲ့ဘူး။ နောက် ဆယ်တန်းနှစ်မှာဘော်ဒါတစ်ယောက်ဆုံးသွားတော့လည်း အလောင်းကိုတွေ့နေရတာတောင် ကျနော့်စိတ်က ဒါတစ်ခုလုံးက နောက်နေတာ၊ ငါ့ကောင်က မသေသေးဘူးလို့ ယုံချင်နေခဲ့တယ်။ တကယ်လည်းယုံနေတယ်လို့ဝန်ခံရမယ်။ အဲ့နေ့က အိမ်ပြန်ရောက်တော့ ညနေဘက်သူ့အိမ်ကိုသွားပြီး အဲ့ကောင်ပေးခဲ့တဲ့ပန်းချီကားတွေကို နံရံကဖြုတ်တယ်။   ....ပြန်လာရင်ပေးပေးပါလို့ သွားပြောတယ်။ သူ့အမေက အစကတော့ကြောင်နေတယ်။ ပြီးတော့ ကျနော့်ကိုဖက်ပြီးငိုရှာတယ်။ 

တစ်ချို့ညတွေဆိုရင် ကျနော့်မှာကိစ္စတစ်ခုခု အဆင်မပြေနေတဲ့အခါ တစ်ညလုံးအဲ့ဒါကြီးကို အိပ်မက်မက်တတ်တယ်။ တကယ်ဖြစ်နေသလိုမျိုးမက်တာ။ ဥပမာပြောရရင် ကျနော့်အမှားကြောင့် လူတစ်ယောက် ကျနော့်ကိုစိတ်ဆိုးနေမယ်။ အိပ်တဲ့အချိန်ထိ မပြေလည်ခဲ့ဘူးဆိုပါတော့။ အဲ့တစ်ညလုံး ကျနော်အဲ့လူနဲ့ စကားတွေပြောနေ၊ react တွေပေးနေတော့တာပဲ။ အဲ့ပုံရိပ်တွေအကုန်လုံးက ကျနော့်အတွက် တကယ်ဖြစ်နေသလိုမျိူးပဲ။ နားထဲမှာ ဖုန်းထဲစာဝင်နေတဲ့အသံတွေကြားရတယ်။ တကယ်လန့်နိုးလာတယ်။ ဖုန်းကောက်ကိုင်ပြီး စာဆက်ပြန်ဖို့ကြိုးစားတယ်။ တကယ်မဟုတ်မှန်းသိသွားတယ်။ စိတ်ပင်ပန်းကြီးစွာနဲ့ ပြန်အိပ်ဖို့ကြိုးစားရတယ်။ အဲ့အကြောင်းပဲ အိပ်မက်တွေထပ်မက်ပြန်တယ်။ ဒီလိုနှစ်ခါသုံးခါလောက်ဖြစ်ပြီးတော့ ကျနော့်စိတ်ကို ကျနော်ကြောက်လာတယ်။ အစွဲအလမ်းရော မျှော်လင့်ချက်ရောကြီးတဲ့အခါ ကိုယ့်ကိုယ်ကိုဒုက္ခမရောက်အောင် မစွဲလမ်းမိမယ့်အရပ်ဒေသမှာနေပြီး တလွဲတွေ မမျှော်လင့်တတ်အောင် ပြန်ကျင့်ယူရတယ်။ ဒါပေမယ့် လူဆိုတာ ခံစားချက်နဲ့သတ္တဝါမှတ်လား။ တတ်နိုင်သလောက် မဆုံးရှုံးချင်သူတွေမှတ်လား။ မလွယ်ဘူး။ အရင်ကထက် အဆင်တော့ပြေလာတယ်ထင်ပါတယ်။

Shawshank ရုပ်ရှင်မှာတော့ မျှော်လင့်ချက်က အန္တရာယ်များတဲ့အရာပဲဆိုတာလည်းပါတယ်။ မျှော်လင့်ချက်က ရှိနေမှကောင်းမယ်ဆိုတာလည်းပါတယ်။ ကျနော်ကတော့ နှစ်ခုလုံးလက်ခံပါတယ်။ ဒါပေမယ့် အရှိတရားကိုလက်ခံနိုင်ဖို့ပါ ထပ်ပေါင်းထည့်ရလိမ့်မယ်။ မဟုတ်ရင် ကျနော်တို့စိတ်ကို အန္တရာယ်တစ်ခုပေးမိနေတော့မယ်ရယ်။

ဒီစာရေးနေရင်း Netflix က စီးရီးတစ်ခုက ဒိုင်ယာလော့ခ်တစ်ခုကိုသတိရတယ်။

"လူတွေရဲ့ပြသနာက ဘာလဲသိလား။ သူတို့က သူတို့ယုံကြည်ထားတာကိုပဲ ကြားချင်ကြတာ။ အမှန်တရားကို သိချင်ကြတာမဟုတ်ဘူး။ ”

-Bojack Horseman 

ကိုယ်ယုံကြည်ထားတာတွေ တကယ်ဖြစ်မနေတာသိသာနေတဲ့အခါ အရှိတရားကို ခေါင်းငြိမ့်လက်ခံလိုက်ဖို့သင့်ပါတယ်။ မျှော်လင့်ချက်အမှားတွေ၊တရားလွန်စွဲလမ်းမှုတွေနဲ့ ကျနော်တို့ လုံလောက်အောင် နာကျင်ခံစားခဲ့ကြပြီးပါပြီ။ ဘီတဲလ်ရဲ့ Let it be သီချင်းစာသားတွေလို အားလုံးလည်း ဖြစ်မြဲအတိုင်းဖြစ်ကြ၊ သွားမြဲအတိုင်းသွားကြပါစေ။ လွှတ်ချတတ်ဖို့ဆိုတာလည်း သင်ယူရမယ့်လမ်းတစ်ခုပါပဲ။

-ဆပ်ရိပ်
၃.၂.၂၀

Comments

  1.  မျှော်လင့်ချက်အမှားတွေ၊တရားလွန်စွဲလမ်းမှုတွေနဲ့ ကျနော်တို့ လုံလောက်အောင် နာကျင်ခံစားခဲ့ကြပြီးပါပြီ။ 

    ReplyDelete

Post a Comment