Untitled
ဒဏ်ရာမြစ်မှန်းသိလည်း ကိုယ်ကူးခဲ့သားပဲ။ အဖြူရောင်ငှက်တွေဟာ ကိုယ့်မြင်ကွင်းထဲကနေ နီးရာမှဝေးရာကို ပျံသန်းသွားခဲ့တယ်။ ကိုယ်လည်းစိတ်အတက်အကျအတိုင်း မြင့်ရာကနိမ့်ရာကို စီးဆင်းခဲ့ဖူးတယ်။ တစ်ခါတစ်လေ စက္ကူလှေလို၊လေယာဥ်ပျံတောင်ပံတစ်ဖက်လို၊ရေခဲစတွေလို။ မင်းမျက်ဝန်းကမ်းပါးကနေ မိုးရေတွေခုန်ဆင်းလာတဲ့အခါတိုင်း ကိုယ်လည်းပဲ ကိုယ်တခြမ်းတည်း လှဲလျောင်းအိပ်စက်ခဲ့ရပါတယ်။
မင်းလက်နဲ့လွှတ်လိုက်တဲ့စက္ကူလှေဟာ ဘယ်လောက်ဝေးဝေးရောက်နိုင်မယ် မင်းထင်ခဲ့သလဲ။ (အဲ့ဒီနောက်ပိုင်းမှာ) ကိုယ့်ဂုဏ်သတ္တိထဲကို စိုထိုင်းလွယ်ခြင်း၊ ရေရှည်မတည်မြဲခြင်း၊ ပုံသဏ္ဍာန်ပျက်ယွင်းခြင်းတွေ ထပ်တိုးလာတယ်။ ဆောင်းဦးရာသီနဲ့ နွေဦးရာသီကို ခွဲဲခြားတတ်တဲ့မှတ်ဥာဏ်ဟာလည်း ကိုယ့်ကိုယ်ထဲကနေ အပြီးအပိုင်ထွက်ခွာသွားခဲ့တယ်။
ရေဒီယိုထဲက အမျိုးသမီးဟာ မင်းအသံနဲ့တူတယ်။ ၁၉လမ်းထဲက အမျိူးသမီးမှာ မင်းပုံစံမျိုးဆံပင်ရှိတယ်။ မင်းအစစ်ကတော့ ငါတစ်ယောက် မမြင်ရာမကြားရာ ၊ ဝေးတာထက် ပိုပြီးဝေးခဲ့တဲ့ကမ္ဘာ။
နေပူထဲအလွယ်တကူပျော်ဝင်သွားတဲ့ ရေခဲတုံးလိုမျိုး ကိုယ်ဟာ ချစ်ခြင်းမေတ္တာမှာ အလွယ်တကူပျော်ရွှင်ခဲ့မိတယ်ထင်တယ်။ ဒဏ်ရာလမ်းမှန်းသိလျက် ကိုယ်လျှောက်ခဲ့တာပဲ။ ဒဏ်ရာမြစ်မှန်းသိလည်း ကိုယ်ကူးခဲ့သားပဲ။
ညကအိပ်မက်မှာတော့ သစ်ရွက်ခြောက်တွေပေါ် ကိုယ်နင်းလျှောက်နေပြန်တယ်။ ခြောက်ခြားစရာကောင်းတာက ကိုယ်မျှော်လင့်ထားတဲ့အသံတစ်ခု သူတို့ဆီကထွက်မလာခဲ့ဘူး။ ကိုယ့်လည်ချောင်းထဲကနေပဲ ခြောက်ကပ်ကြေမွနေတဲ့စကားသံတွေထွက်လာတယ်။ သိပ်လှတဲ့နွေဦးကို အဖြူအမည်းပန်းချီကားအဖြစ် တစ်စုံတစ်ယောက်က ဖန်ဆင်းခဲ့ကြောင်းသတင်းတွေ နေရာအနှံ့အပြားမှာ မြင်တွေ့ရတယ်။
နောက်တော့ ကိုယ့်နောက်ကျောတွေ နာလာတယ်။ ကိုယ့်ခေါင်းတွေပိုကိုက်လာတယ်။ သက်တံ့တွေ မျိုးသုန်းပျောက်ကွယ်သွားတယ်။ ငါးတွေနဲ့ငှက်တွေ နေရာချင်းချိန်းလိုက်ကြတယ်။ နေရာဒေသတွေကို အဖြစ်အပျက်တွေနဲ့ ယှဥ်တွဲသိရှိနေတဲ့ မှတ်ဥာဏ်တစ်ခုကို ဖျက်ပစ်နိုင်ဖို့ ကိုယ်နေ့တိုင်းစုံစမ်းနေခဲ့တယ်။ သတိရခြင်းတွေဟာလည်း အသက်ရှူလမ်းကြောင်းထဲ ရောက်လာတဲ့ ဝါဂွမ်းစတွေလို အဆုပ်လိုက် အထွေးလိုက်။ နေ့ရက်အများစုမှာ ပျော်ရွှင်တယ်ထင်ယောင်ထင်မှားဖြစ်နေပြီး ကျန်တဲ့နေ့တွေမှာတော့ မပျော်ရွှင်ကြောင်းသေချာနေပြန်တယ်။
တောင်ပေါ်မြို့တစ်ခုကိုသွားမယ်။ မြို့ကလေးထဲက လူမရှိတဲ့ကော်ဖီဆိုင်ရဲ့ ထောင့်စားပွဲမှာထိုင်မယ်။ ဘာစကားမှမပြော။ ဘာအကြောင်းအရာမှမစဥ်းစား။ မင်းမရှိတဲ့ထိုင်ခုံအလွတ်လေးကို မြင်ယောင်မိတဲ့အခါ ကိုယ့်ရင်ထဲမှာ တိတ်ဆိတ်တဲ့ရာသီဥတုကိုသာ သိမ်းထားနေမိတော့မယ်ထင်တယ်။
-ဆပ်ရိပ်
၁၇.၁၀.၁၉
Comments
Post a Comment