Remember me
Coco ဆိုတဲ့ Animation ကားလေး ကြည့်ဖူးကြမယ်ထင်တယ်။ ၂၀၁၈ အော်စကာဆုပေးပွဲမှာ ဒီဇာတ်ကားရဲ့ original soundtrack "Remember me" နဲ့ အော်စကာဆုရခဲ့တယ်။ ဇာတ်လမ်းတစ်ခုလုံးကလည်း ချစ်စရာ၊ ဆွတ်ပျံ့ကြည်နူးစရာ ၊ လွမ်းမောစရာ ၊ ငေးမောတွေးတောစရာပါ။ သူတို့ပြောပြချင်တဲ့အကြောင်းအရာက တစ်ခုတည်း။ အဲ့ဒါက ကျနော်တို့ဘဝမှာ တစ်စုံတစ်ဦးက သတိရနေတာကိုခံရဖို့ အရေးပါတယ်ဆိုတဲ့အကြောင်းပဲ။
Coco က မက္ကဆီကန်ရိုးရာကို ယူရိုက်ထားတယ်လို့ ဖတ်ခဲ့ဖူးတယ်။ အဲ့ရိုးရာက ဒီလို။ ကျနော်တို့သေလွန်တဲ့အခါ ကျနော်တို့ရဲ့ ဓာတ်ပုံကို ရှေ့ကကွယ်လွန်ပြီးတဲ့ ဘိုးဘေးတွေရဲ့ ဓာတ်ပုံတွေနဲ့အတူ အသက်ရှင်နေတဲ့မိသားစုတွေက နှစ်စဉ်ကန်တော့ကြရတယ်။ အဲ့လိုကန်တော့ကြတဲ့နေ့မှာ ကျနော်တို့ဟာ ပန်းတံတားကြီးကိုဖြတ်ပြီး လူ့လောကက ကျန်ရစ်တဲ့မိသားစုတွေကို ပြန်လည်တွေ့ဆုံနိုင်တယ်တဲ့။ ပိုပြီးရှင်းရှင်းပြောရရင် ကိုယ့်ကိုတစ်ယောက်ယောက်က သတိတရရှိနေခဲ့မယ်ဆိုရင် လူ့လောကကို တစ်နှစ်တခါပြန်လာနိုင်သလို ကောင်းကင်ဘုံမှာလည်း အမြဲနေနိုင်မယ်ပေါ့။ ဇာတ်ကားထဲက ဘယ်သူ့ရဲ့ သတိရခြင်းကိုမှ မခံရတော့တဲ့ ဇာတ်ကောင်တစ်ယောက်ဟာ နှစ်အနည်းငယ်အကြာမှာ ကောင်းကင်ဘုံကနေပါ သေဆုံးပြီး ထာဝရပျောက်ကွယ်သွားရရှာတယ်။
စကားမစပ် ဒီနေ့မြို့ထဲရောက်တော့ ငယ်သူငယ်ချင်းတစ်ယောက်နဲ့ ဆုံတယ်။ မူကြိုကနေ လေးတန်းထိပေါင်းခဲ့တဲ့ကောင်။ မတွေ့တာ ဆယ်နှစ်ကျော်ပြီဆိုပေမယ့် ကျနော်တို့ချက်ချင်းမှတ်မိကြတယ်။ တွေ့တာနဲ့ သူပြောတာက တီချယ်မင်းကိုသတိရနေတယ်။ မနေ့ကမှ မင်းအကြောင်းမေးနေတာတဲ့။ တီချယ်ဆိုတာ ကျနော့်ကို မူကြိုကနေ လေးတန်းထိ သင်ပေးခဲ့တဲ့ဆရာမပေါ့။ သိတဲ့အတိုင်း မူကြိုဆိုတဲ့အရွယ်က ထိန်းရအခက်ဆုံး။ ခုခေတ်လို ပျော့အိအိအရုပ်တွေမပေါသေးတဲ့အဲ့အချိန်က တီချယ်ဟာ ကျနော်တို့ကို လိမ္မာအောင်ထိန်းကျောင်းပေးခဲ့တယ်။ မီးမလာတဲ့အပြင် မိုးတွေရွာနေတဲ့ညနေတွေဆို မှောင်နေတဲ့သူ့အိမ်လေးကနေ ထီးတလက်နဲ့ အပြင်ထိလိုက်ပို့တယ်။ တီချယ်က အသားဖြူဖြူ ၊ပိန်ပိန်သေးသေး။ သူ့ရဲ့ဖြူဖွေးသေးသွယ်တဲ့ လက်ချောင်းတွေနဲ့ပဲ မူကြိုကနေ လေးတန်းနှစ်ထိ စာတတ်အောင်သင်ပေးခဲ့တယ်။ လခကလည်း သူငယ်တန်းနှစ်က တလ၅၀၀နဲ့ တစ်နှစ်ကို၅၀၀ပဲတက်ပြီး လေးတန်းနှစ်ကျတော့ တလ ၂၅၀၀တဲ့လေ။ တီချယ့်ကျေးဇူးကြောင့်သာ ခုဒီစာတွေရေးနိုင်နေတာ ဆိုပါတော့။ ခုတီချယ်က ကျနော့်ကိုသတိရနေပါသတဲ့။ သူငယ်ချင်းက အဲ့စကားကို ပြောလိုက်တဲ့ စက္ကန့်ပိုင်းအတွင်းမှာပဲ ကျနော်ဟာ ငယ်ငယ်က ဖယောင်းတိုင်နဲ့စာသင်ခဲ့ရတဲ့ အိမ်ကလေးမှာ ခေါင်းလောင်းကြိုးသံကြားတာနဲ့ သူ့ပုံစံအတိုင်း ဘယ်သူလဲဟေ့လို့လှမ်းမေးမယ့်တီချယ်ကို မြင်ယောင်နေမိတယ်။ အဝေးက တစ်ယောက်ယောက်က ကိုယ့်ကိုမေ့မသွားဘူးဆိုတာဟာ အများကြီးပျော်ရွှင်ကြည်နူးဖို့ကောင်းပါတယ်။ သတိရခြင်းဟာ ရှုပ်ထွေးမှောင်မိုက်တဲ့ ဒီကမ္ဘာကြီးထဲက အဖြူရောင်အစက်ကလေးတခုပါပဲ။ တစ်ယောက်ယောက်က ကိုယ့်အပေါ်သတိရနေဖို့ ကောင်းမြတ်တဲ့အမှတ်တရတွေ အတူဖန်တီးကြဖို့ကခက်တယ်လို့ ကျနော်မထင်ပါဘူး။
ကျနော့်မှာအကျင့်တခုရှိတယ်။ တစ်ချို့ညတွေ ညဥ့်နက်လာတဲ့အခါ အကောင့်ထဲက မဆုံတာကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ စကားပြောရတာကို ကျနော်သဘောကျတယ်။ တစ်ချို့လူတွေက အမြဲထိတွေ့မနေနိုင်တော့ရင်တောင် လိုအပ်တဲ့အခါ အပြန်အလှန်အားဖြင့် အသင့်ရှိနေခဲ့ကြတာချည်းပဲ။ မင်းခုဘာတွေလုပ်နေလဲဆိုတဲ့အမေးကနေ အဲ့တုန်းက ဟိုကောင်တွေကိုတောင် လွမ်းလာပြီကွာဆိုတဲ့ စကားတွေအထိ အားလုံးက နွေးနွေးထွေးထွေးနဲ့ နေသားတကျရှိနေတုန်း။ Bojack Horseman စီးရီးထဲက စကားတစ်ခုရှိတယ်။
"In this terrifying world,all we have are the connections that we made"
"ကြောက်စရာကမ္ဘာကြီးမယ် ငါတို့မှာတကယ်ရှိတာက ငါတို့လုပ်ခဲ့တဲ့ ဆက်နွယ်မှုလေးတွေပါပဲ" တဲ့။ ကျနော်တို့ရဲ့ အသက်ဖန်ဘူးလေးကို လွှတ်ချချင်လာတဲ့အခါ ကျနော်တို့ကို သတိရနေမယ့်လူတွေဆီက ကြိုးမျှင်တွေက လွှတ်ချမယ့်လက်တွေကို နွေးနွေးထွေးထွေးဆုပ်ကိုင်ထားပေးမှာ။ အရာအားလုံးအဆုံးသတ်သွားတဲ့တစ်နေ့မှာ သတိရခြင်းနဲ့သာ ကျနော်တို့ရင်ကို နွေးအောင်ထားနိုင်မှာမှတ်လား။
ကျနော်ပြောချင်တာက ဒါလေးပါပဲ ။ တစ်ယောက်ယောက်ကို သတိရပါ။ တစ်ယောက်ယောက်က သတိရနေခြင်းကို ကြည်နူးစွာခံယူပါ။ နာကျင်ကိုက်ခဲလာတဲ့အခါ ချစ်ခြင်းမေတ္တာတွေဆီကို ဖုန်းခေါ်ပါ။ ကျနော်တို့မှာ သေတဲ့အထိပါသွားနိုင်တာ ချစ်ခြင်းမေတ္တာနဲ့သံယောဇဉ်ပါပဲ။ ဒီစာပိုဒ်တွေကို Cocoရုပ်ရှင်ထဲက Remember me သီချင်းစာသားတွေနဲ့ အဆုံးသတ်လိုက်ပါတယ်။
("ငါ့ကိုသတိရနပေါ
"ငါတို့နှုတ်ဆက်ခဲ့ရရင်တောင်မှ
ငါ့ကိုသတိရနပေါ
သတိရခြင်းကြောင့်လည်း မငိုလိုက်နဲ့ဦး
ငါတို့အဝေးကြီးမှာရှိနေခဲ့ကြရင်တောင်
ငါ့ရဲ့နှလုံးသားက မင်းကိုဆုပ်ကိုင်ထားမှာ
ငါတို့ပဲသိတဲ့ သီချင်းလေးတစ်ပုဒ်ကို
ငါတို့ဝေးကွာနေတဲ့ညတိုင်းမှာ သီဆိုနေတော့မှာ")
-ဆပ်ရိပ်
၂၅.၈.၁၉
Comments
Post a Comment