One More Light
(၁)
၂၀၁၇ ခုနှစ် ၊ ဇူလိုင်လ ၂၀ရက်မှာ Linkin Park အဖွဲ့က Lead Singer - Chester Bennington ဟာ သူ့နေအိမ်မှာ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါတယ်။ Linkin Park ဟာ ကမ္ဘာအနှံ့အောင်မြင်မှုရပြီးသား ၊ Fan base သန်းချီနေတဲ့ Band တစ်ခုဖြစ်ပါတယ်။ အခွေရောင်းအားနဲ့တင် သူ့အတွက် ငွေရေးကြေးရေးအရ ပူစရာရှိမယ်လို့မထင်ပါဘူး။
ဒါ့အပြင် ချစ်စရာသားသမီးတွေနဲ့ မိသားစုအသိုက်အမြုံတစ်ခုလည်း သူ့မှာရှိပါတယ်။ ဒါပေမယ့် ဒီအရာတွေအားလုံးကို စွန့်ခွာပြီး သူကတော့ သူလွတ်မြောက်မယ်ထင်တဲ့လမ်းကိုပဲ ရွေးချယ်သွားခဲ့ရှာပါတယ်။ အဲ့ဒီတုန်းက post တွေတက်လာတော့ comment တစ်ခုကို ကျနော်အမှတ်ရမိပါတယ်။ အဲ့တစ်ယောက်ပြောထားတာက
"စောက်ရူးထအောင်မြင်ချင်လို့ တနည်းကြောင်တာပါကွာ။ ငါသာအဲ့လောက်အောင်မြင်နေရင် ဒါမျိူးမလုပ်ဘူး" တဲ့။ ကျနော်ကတော့ အဲ့လိုပြောတဲ့သူရဲ့ မျက်ဝန်းတွေကို စေ့စေ့ကြည့်ပြီး သေချာရဲ့လား ဆိုတဲ့မေးခွန်းကို မေးချင်ခဲ့ဖူးပါတယ်။
(၂)
ကျနော့်သူငယ်ချင်းတစ်ယောက်ရှိတယ်။ ငယ်ငယ်ရွယ်ရွယ်ပေမယ့် အိမ်ကပေးထားတဲ့ ကိုယ်ပိုင်ကားတစ်စီးရှိတယ်။ ညနေတိုင်းစားသောက်ဆိုင်မှာ စားနိုင်သောက်နိုင်တယ်။ ပိုက်ဆံလိုတိုင်း သွားထုတ်နိုင်တယ်။ ဒါပေမယ့်သူက အဆောင်မှာပဲ နေတယ်။ အိမ်ကိုဘယ်တော့မှပြန်သူမဟုတ်။ တစ်ရက်တော့ စကားစပ်မိတုန်း ကျနော်က သူ့ကို အိမ်မပြန်ဖြစ်ဘူးလားလို့ မေးလိုက်ပါတယ်။ သူက ကျနော့်ကိုတချက်ကြည့်ပြီး ပြန်ဖြေပါတယ်။
" ငါ့အိမ်မှာ ပျော်စရာဘာရှိလို့လဲကွာ။ ငါ့အဖေနဲ့ငါ့အမေက အားနေ ရန်သတ်နေကြတာပဲကို"
သူ့စကားကြောင့် မေးမိတဲ့ကျနော်လည်း စိတ်မကောင်းဖြစ်သွားရပါတယ်။ သူကတော့ သက်ပြင်းချပြီး ကားကိုအရှိန်တင်မောင်းလိုက်ပါတယ်။ ကျနော်တို့ဘေးမှာ တဲအိမ်လေးတွေ တရိပ်ရိပ်နဲ့ကျန်ခဲ့ပါတယ်။
(၃)
လမ်းပေါ်ကိုသွားတဲ့အခါ လူတစ်ယောက်ရဲ့ မျက်ဝန်းတွေကို ဖတ်ဖူးသလား။ တစ်ဦးတစ်ယောက်ရဲ့ စိတ်ထဲမှာ ဘာတွေရှိနေမလဲ စဉ်းစားကြည့်ဖူးသလား။ တစ်ခါတစ်လေ ဒီကမ္ဘာကြီးက ဘဝကိုယ်စီနဲ့ ငရဲတစ်ခုလိုပါပဲ။ အားလုံးရဲ့ရင်ထဲမှာ အဆင်မပြေခြင်း၊ မပျော်ရွှင်ခြင်း ၊ နာကျင်ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်းတွေ အနည်းနဲ့အများရှိကြတယ်။ ဒီပင်လယ်ကြီးထဲ မျောမသွားရအောင် ကိုယ့်ကိုယ်ကို ခဲရာခဲဆစ်ဆယ်ယူထားကြရတယ်မှတ်လား။ အပ်ဖျားတထောက်စာဒဏ်ရာလေးဆိုပေမယ့် ပူဖောင်းအတွက်တော့ ဘဝပျက်ရတာပါပဲလို့ ဆရာတာရာမင်းဝေက ရေးခဲ့တယ်။ အားလုံးမှာ ရုန်းကန်မှုကိုယ်စီနဲ့ရယ်ပါ။ တစ်ယောက်နဲ့တစ်ယောက် နစ်မွန်းအောင်လုပ်ဖို့ တကယ်လိုအပ်လို့လား?
(၄)
ကျနော်တို့ဆီမှာက စိတ်ကျန်းမာရေးနဲ့ပတ်သတ်ရင် ထိတွေ့မှုနည်းပါးကြပါတယ်။ လုံးဝရူးသွားမှသာ အရူးဆေးရုံတက်ပြီး ကုသရမယ့်အရာလို့ အားလုံးကခံယူထားကြပြီးသား။ ဒီတော့ ငယ်ငယ်က နိုင်ငံခြားရုပ်ရှင်တွေထဲမှာတွေ့ရတဲ့ အဆင်မပြေကြသူအချင်းချင်း ဝိုင်းဖွဲ့စကားပြောအားပေးရင်း ကိုယ့်ကိုယ်ကိုပြန်လည်ထူထောင်ကြတဲ့ counselling ပုံစံမျိူးတွေကို အခုထိ ဒီမှာ မတွေ့ရသေး။ ရုပ်ဝတ္ထုပစ္စည်းပြည့်စုံတဲ့ အနောက်ဥရောပလိုနေရာတွေတောင် ဒီလို အားပေးနှစ်သိမ့်မှုတွေလိုအပ်တာ၊ ကျနော်တို့လို ဆင်းရဲချို့တဲ့လှတဲ့ တိုင်းပြည်တွေမှာ ဘယ်သူကမှ စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်မှုမလိုကြတာ မထူးဆန်းဘူးလား။ အားလုံးက အဆင်ပြေပျော်ရွှင်နေကြတာ သေချာရဲ့လား။ လောကဓံအမျိူးမျိူးကြောင့် တစ်ယောက်ထဲ မွန်းကြပ်တာတွေ ကြိတ်မှိတ်ခံစားပြီး ရူးသွပ်သွားတဲ့ အဒေါ်ကြီးတွေကို တွေ့တဲ့အခါ အားလုံးက စုပ်တသတ်သတ်နဲ့ သနားလိုက်ကြတယ်။ ကိုယ်မဖြစ်နိုင်ပါဘူးလို့ လုံးဝသေချာနေလိုက်ကြတယ်။
(၄)
Chester ရဲ့ နောက်ဆုံးအခွေထဲမှာ One more light ဆိုတဲ့ သီချင်းတစ်ပုဒ်ပါဝင်ပါတယ်။ တစ်ယောက်ယောက်က ကမ္ဘာလောကထဲက အလင်းရောင်လေးတစ်ခုထွက်ခွာသွားတဲ့အခါ ဘယ်သူက ဂရုစိုက်နေပါ့မလဲလို့ မေးလာခဲ့ရင် ငါဂရုစိုက်နေပါတယ်လို့ သတိရကွာ။ ဒီသီချင်းနဲ့အတူ မင်းအနားမှာ ငါရှိနေတယ်။ မင်းကို ကိုယ်ချင်းစာပါတယ်လို့ ပြောပြထားတဲ့သီချင်းပါ။ ဒီသီချင်းကို One more light album ရဲ့ ဖျော်ဖြေပွဲမှာ အဝါရောင်မီးရောင်တွေကြား Chester က ပင်ပန်းကြီးစွာနဲ့ သီဆိုခဲ့ပါတယ်။ ပရိသတ်တွေက သူ့လက်တွေကို ဆုပ်ကိုင်လို့။ သူက သူ့မျက်ဝန်းအစုံကို မှိတ်လို့။
"Should've stayed, were there signs, I ignored?
ဒီအချက်ပြမှုတွေကို ငါလျစ်လျူရှုခဲ့မိသလား?
Can I help you, not to hurt, anymore
နောက်ထပ်တစ်ခါ မနာကျင်ရဖို့ ငါကူညီနိုင်ရင် ကူညီပါရစေ
We saw brilliance, when the world, was asleep
ကမ္ဘာကြီးမှောင်မိုက်ငြိမ်သက်သွားတဲ့အခါမှ တောက်ပခြင်းလေးတွေကို ငါတို့မြင်ခဲ့ကြ
There are things that we can have, but can't keep
ငါတို့မှာရှိနိုင်ပေမယ့် ထာဝရသိမ်းထားလို့မရတဲ့အရာတွေ အများကြီးပေါ့ကွာ
ကောင်းကင်ထဲက သန်းချီနေတဲ့ အလင်းရောင်တွေထဲ အလင်းရောင်လေးတစ်ခုထွက်ခွာသွားတဲ့အပေါ် ဘယ်သူက ဂရုစိုက်နေပါ့မလဲလို့ တစ်ယောက်ယောက်က ပြောလာခဲ့ရင် ငါဂရုစိုက်တယ်ဆိုတာ မင်းသတိရပါ။ "
ဒီသီချင်းစာသားတွေကို Chester က မျက်လုံးအစုံကိုမှိတ်လို့ လေးလေးနက်နက်သီဆိုခဲ့ပါတယ်။ ပြီးတော့ သူကိုယ်တိုင် သူချစ်တဲ့လူတွေဆီကနေ နှုတ်ဆက်ခဲ့ပြန်ပါတယ်။
(၅)
"Everyone has their own struggle
So be Kind"
တစ်ယောက်ကိုတစ်ယောက် ထိမိခိုက်မိဖို့က သိပ်ကိုလွယ်ကူလှပါတယ်။ တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာဆက်ဆံကြဖို့မသင့်ဘူးလား။ ဒီလိုပြောလို့ အားလုံးအပေါ်ကို ခန္တီပါရမီနဲ့နေလို့ မဆိုလိုပါဘူး။ အဲ့ကလေးက ငယ်ငယ်တည်းက အဖေအမေမရှိလို့ အပေအတေဖြစ်ပြီး ခုမိုက်ရိုင်းထွားကျိုင်းနေတာဆိုပြီး သူလုပ်သမျှငြိမ်ခံရမယ်လို့မဆိုလိုပါဘူး။ မသကာ ရှောင်နေလိုက်၊ လျစ်လျူရှုလိုက်ပေါ့။ ကျနော်ဆိုလိုတာက ယေဘုယျအားဖြင့် တစ်ဦးနဲ့တစ်ဦးဆက်ဆံရေးတွေမှာ တတ်နိုင်သလောက် ထိခိုက်ရှနာတွေ မဖြစ်ကြစေဖို့ပါပဲ။ ဘဝကတိုပါတယ်။ ရန်သူနည်းနည်း၊ မိတ်ဆွေများများဆိုရင် အဆင်မပြေတဲ့ညတွေမှာ ခေါ်စရာဖုန်းနံပါတ်လေးတစ်ခုတော့ ရှိနေမှာပေါ့။
ဒီနှစ်ထဲမှာပဲ ကောင်လေးတစ်ယောက်က နှုတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရလို့ ကိုယ့်ကိုယ်ကိုသတ်သေခဲ့တယ်။ ကျနော့်သူငယ်ချင်းတွေထဲက တစ်ယောက်က မိသားစုကိစ္စကြောင့် မြစ်ထဲခုန်ချသွားခဲ့တယ်။ ဒီညနေမှာလည်း Korean အနုပညာရှင် Sulli သတ်သေခဲ့ပါတယ်။ ဒီလိုလူတွေအကြောင်း ကြားရတဲ့အခါ ၊ မစာနာပေးနိုင်ခဲ့တဲ့အခါ စောက်ရူးပါကွာလို့ လူသိရှင်ကြား ပြောမယ့်အစား နှုတ်ဆိတ်ပေးထားလို့ရပါတယ်။ ဒါလေးဖြစ်တာကို သတ်သေရသလားလို့ Judge မလုပ်ပဲ နေလို့လည်းရပါတယ်။ ဒီနေရာမှာ ခင်ဗျားသန်မာမှုကို ဘယ်သူမှ အားကျနေမှာမဟုတ်ပါဘူး။ စာနာပေးနိုင်သူတွေ စာနာပေးကြပါလိမ့်မယ်။
တကယ်လို့ ကိုယ်တိုင်စိတ်ကျရောဂါခံစားနေရတယ်ဆိုရင်တော့ တစ်ယောက်တည်းမနေဖို့အကြံပြုလိုပါတယ်။ ဂျပန်စာရေးဆရာ မူရာကာမိရဲ့ နော်ဝေဂျီယန်ဝုဒ်ဝတ္ထုမှာ လူတွေက သူတို့ရင်ဘတ်ကိုဖွင့်ထုတ်လိုက်တဲ့အခါ ဘာဖြစ်သွားကြသလဲလို့ ဇာတ်ကောင်တစ်ယောက်က မေးပါတယ်။ နောက်တစ်ယောက်က 'They feel better' လို့ ပြန်ဖြေခဲ့ပါတယ်။
(၆)
Chester တစ်ယောက် ဘဝတစ်ပါးမှာ သူချစ်တဲ့သီချင်းတွေနဲ့ ပျော်ရွှင်နေပါစေလို့ သူ့သီချင်းတွေနားထောင်တိုင်း ကျနော်ဆုတောင်းမိပါတယ်။ ဗန်ဂိုးတစ်ယောက်လည်း ပန်းချီကားတွေပြည့်နေတဲ့ဘဝတစ်ခုမှာ ပျော်ရွှင်နေစေချင်ပါတယ်။ဖယောင်းတိုင်မီးရောင်တွေပြည့်နေတဲ့ အခန်းထဲ ဂစ်တာတလက်၊ စုတ်တံတစ်ချောင်းကိုင်လို့။ဘာစိတ်ဒဏ်ရာမှမရှိတဲ့ ဘဝတစ်ပါးမှာ အချိန်တိုင်း ပြုံးရွှင်ရီမောလို့။ အိပ်ဆေးတွေ၊ အိပ်မက်ဆိုးတွေနဲ့ ကင်းဝေးလို့။ ဒီလိုပဲ ဖြစ်နေရင် သိပ်ကောင်းမှာပါပဲ။
တစ်ယောက်ယောက်ကို မွေးနေ့ဆုတောင်းပေးရတဲ့အခါ ကျနော်က ဘယ်တော့မှ စာအရှည်ကြီးတွေ မရေးတတ်။ " ကျန်းမာပျော်ရွှင်ပါစေ" ဒါလေးပဲ ဆုတောင်းပေးဖြစ်ပါတယ်။ တကယ့်စိတ်ရင်းနဲ့ရယ်ပါ။ ကျနော်တို့ပျော်ရွှင်ဖို့လိုပါတယ်။ ကျနော်တို့အားလုံး ပျော်ရွှင်နေကြဖို့လိုပါတယ်လေ။
-ဆပ်ရိပ်
၁၄.၁၀.၁၉
*Special thanks to Ma Su Nyein Chan for this illustration*
Comments
Post a Comment