Loner



မနေ့ညက စမ်းချောင်းက ဘားတစ်ခုမှာကျနော်ရှိနေခဲ့တယ်။ ဘားကိုသွားတဲ့လမ်းတစ်လျှောက် ဘေးဘီဝဲယာမှာလည်း မီးချောင်းအဖြူရောင်တွေအများကြီးသုံးထားတဲ့ ဆိုင်ခန်းတွေ၊ မီးရောင်မှိန်ဖျဖျအောက်မှာ လူပြည့်နေတဲ့စားသောက်ဆိုင်တွေရှိနေပြီး လမ်းမပေါ်မှာ လူတွေဟာ စိတ်ရှုပ်စရာကောင်းလောက်အောင် သွားလာနေခဲ့ကြတယ်။

နောက်တော့ ဒုတိယထပ်ကိုကျနော်တက်ခဲ့တယ်။ လက်ထဲမှာ ဖန်ခွက်တစ်ခွက်နဲ့ ကျနော့်မျက်လုံးတွေ ရီဝေနေတယ်။ ကျနော့်ရှေ့မှာကာထားတဲ့ မှန်ကနေ ရှေ့လမ်းမပေါ်ကို မြင်နေရတယ်။ နီယွန်စာလုံးတွေနဲ့ ရေးထားတဲ့ဆိုင်းဘုတ်တစ်ခုကို ကျနော်ငေးနေခဲ့မိတယ်။ ကျနော့်နောက်မှာရှိတဲ့ ဆိုင်ခန်းထဲက အော်ဟစ်ဆူညံနေကြတဲ့ လူတွေရဲ့အသံတွေဟာ ကျနော့်ရှေ့ကမှန်ကို ရိုက်ခွဲပစ်ဖို့ တွန်းကန်နေကြသလိုပဲ။ သူတို့တကယ်ပျော်နေကြလား ကျနော်စဉ်းစားနေမိတယ်။ ပျော်ရွှင်မှုတွေရဲ့ ပြိုကွဲလွယ်မှုဟာ တိမ်တွေလိုပဲရယ်။

တစ်ခါက ကျနော်နဲ့စကားပြောနေကျ ညီမတစ်ယောက်က ကျနော့်ကိုရုတ်တရက်ပြောဖူးတယ်။ အကို့မှာ ဘာစိတ်ညစ်စရာမှမရှိဘူးထင်နေတာတဲ့။ အဲ့တုန်းကတော့ ကျနော်ဘာမှပြန်မပြောဖြစ်ဘူး။ ပြီးမှ သူပြောတဲ့စကားကို အေးဆေးပြန်စဉ်းစားကြည့်မိတယ်။ ကျနော်တို့မှာ အဆင်မပြေမှုကိုယ်စီရှိတယ်။ ဒါပေမယ့် ကိုယ်စီအဆင်ပြေသလိုနေတတ်ခဲ့ကြတာပဲ။

ကျနော်က အပြင်မှာ တကိုယ်ရည်တိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့သူတစ်ယောက်။  မိသားစုနဲ့အတူရှိနေရင်တောင် ကျနော်က ကျနော့်အခန်းထဲမှာပဲ ကော်ဖီတခွက်ယူပြီး တနေကုန်ရှိနေတတ်တယ်။ ကျနော်အိမ်မှာရှိကြောင်းကို တစ်ခါတစ်လေညဘက်တွေမှာ ဂစ်တာတီးမိမှ သူတို့သတိရကြမယ်လို့ထင်တယ်။ ဒါပေမယ့် လူတွေအများကြီးနဲ့တွေ့ရတဲ့အခါကျတော့လည်း ကျနော်ဟာ ရီမောပျော်ရွှင်နေတတ်ပြန်တယ်။

သူငယ်ချင်းတွေနဲ့ဆုံတဲ့အခါ ကျနော့်မှာ အကုန်အတူရီကြဖို့ အောက်ပိုင်းဟာသတွေ ဖောဖောသီသီရှိတယ်။ ကျနော်တို့ ခေါင်းတွေကိုက်တဲ့အထိ ရီကြတယ်။ နောက်တော့ မောသွားကြတယ်။ ကျနော်ကလည်း အိမ်ပြန်ပြီး တနေကုန်ရှင်သန်ခဲ့တဲ့ ကျနော့်ရဲ့ပုံစံနဲ့ လုံးဝမတူတဲ့ ပုံစံကိုပြောင်းသွားခဲ့ပြန်တယ်။ ကျနော့်အတွေးတွေနဲ့ အချိန်ပြည့်ရှုပ်လို့ ၊ တစ်ခါတစ်လေလည်း ဘာမှမတွေးပဲ ထိုင်ပြီး မျက်နှာကျက်ကိုငေးလို့။ ဒီလိုပြောလို့အိမ်မှာ စိတ်ညစ်စရာရယ်လို့မရှိပါဘူး။ အိမ်ကအိပ်ယာဟာ နွေးထွေးခဲ့စမြဲပါ။ ဒါတွေကပဲ ကျနော့်ကိုယ်ကျနော်ပိုပြီးရှုပ်ပွစေလာခဲ့တယ်။ လူကြီးတွေက မင်းမှာဘာမှပူစရာမရှိပဲ ဘာလို့လေးလံနေသလဲလို့မေးရင် ကျနော်ပြန်မဖြေတတ်ဘူး။ ဒါပေမယ့် သူတို့မမှန်ကြောင်းလည်းသိစေချင်တယ်။

စကားလုံးတွေနဲ့ပြောရမယ်ဆိုရင် ကျနော်က ကိုယ့်ကိုယ်ကို Extrovert လား Introvert လားတောင် မသဲကွဲချင်တော့ဘူး။ လူတွေအများကြီးကြားမှာ social ကောင်းတယ်လို့ အထင်ခံရအောင် နေတတ်၊ သွားဖို့လိုတဲ့ ပွဲလမ်းသဘင်တွေသွားတတ်ပေမယ့် များသောအားဖြင့်တော့ ကျနော့်အိပ်ယာထဲမှာပဲ သံမှိုစွဲသလို ကပ်နေချင်တော့တာပဲ။ တစ်ချို့ စနေ၊တနင်္ဂနွေတွေမှာဆိုရင် တွေ့ဖို့ချိန်းထားတဲ့သူတွေကို ကျနော့်အိပ်ရာကမထွက်ချင်တဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ cancel ခဲ့တာများတယ်။ ကျနော် ပူအိုက်တဲ့ရန်ကုန်လမ်းမတွေပေါ်မသွားချင်၊ လမ်းမပေါ်က တံလျှပ်တွေကို မမြင်ချင် ၊ လူသူနံ့တွေနဲ့ လိုင်းကားတွေထဲ မသွားချင်။ တစ်ချို့ရက်တွေကျတော့လည်း မြို့ထဲဘက်သွားပြီး ဓာတ်ပုံတွေရိုက်ဖို့၊ စာအုပ်တွေဝယ်ဖို့၊ လမ်းမပေါ်မှာလျှောက်ရင်း စိတ်ကအလွတ်ရနေတဲ့ကဗျာစာသားတွေဆီရောက်ဖို့ ကျနော်စိတ်အားထက်သန်နေခဲ့ပြန်တယ်။ 
မနေ့က ရုပ်ရှင်ပွဲတော်တစ်ခုဆီရောက်တော့ ဇာတ်လမ်းတစ်ပုဒ်ရဲ့ ဒါရိုက်တာက 'Loner' ဆိုတဲ့ စကားလုံးကို သုံးပြီးစကားပြောသွားတယ်။ အဲ့စကားလုံးကို ကျနော်ခုထိစိတ်ထဲစွဲနေတယ်။ ကျနော့်ကိုယ်ကျနော် Loner လို့ ပြဌာန်းရင် မှန်မလား။မှားမလား။ကျနော့်ကိုယ်ကျနော်ပြန်ကြည့်တာနဲ့တင် ကျနော်အပါအဝင်လူတွေအားလုံးဟာ အပြင်ပန်းပုံစံထက် နားလည်ရအများကြီးပိုခက်လိမ့်မယ်လို့ သေချာနေမိတယ်။

ဆူဆိုက်လုပ်သွားတဲ့ ဟောလိဝုဒ်သရုပ်ဆောင် ရော်ဘင်ဝီလျံက ပြောခဲ့တယ်။ လူတွေက မင်းမမြင်နိုင်တဲ့ တိုက်ပွဲတွေကို ကိုယ်စီတိုက်ခိုက်နေတာဖြစ်လို့ တွေ့ရတဲ့ခဏမှာ ကြင်ကြင်နာနာဆက်ဆံပါတဲ့။ သူနဲ့ကျနော် သဘောတူပါတယ်။ လှည်းတန်းက လူတွေပြည့်ကျပ်နေတဲ့ ပလက်ဖောင်းပေါ် လိုက်ကြည့်တဲ့အခါ သူတို့ရဲ့မျက်နှာတွေကို ဂရုစိုက်ကြည့်ဖြစ်တယ်။ ဖြစ်နိုင်ရင် သူတို့ရဲ့စိတ်ထဲကိုဝင်ပြီး သူတို့ဘာတွေတွေးနေမလဲသိချင်မိတယ်။ သူတို့ပြောပြချင်တဲ့စကားတွေ ကျနော်အကြာကြီးနားထောင်ချင်တယ်။ သူတို့ရဲ့ တစ်ခြားသူတွေကိုမပြောပြဖြစ်ခဲ့့တဲ့ အိပ်မက်တွေအကြောင်း ကြားချင်တယ်။ တကယ်တမ်းကျတော့ ပလက်ဖောင်းအလယ်မှာ ကျနော်ရပ်လို့။ လူတွေက ကျနော့်ကိုရှောင်ပြီး လိုရာခရီးကိုသွားလာနေခဲ့ကြ။ အဲ့ဒီနောက် မိုးတွေ ခပ်ဖွဲဖွဲကျလာခဲ့ပြန်တယ်။

နိုင်ငံခြားရုပ်ရှင်တွေကို ကြည့်တဲ့အခါ မီးရောင်မှိန်မှိန်နဲ့ သီချင်းတိုးတိုးလေးဖွင့်ထားတဲ့ဘားတွေကို ကျနော်တအားသဘောကျတယ်။ ခုတလော ကျနော် Coldplay ရဲ့ Sparks ဆိုတဲ့သီချင်းကိုနားထောင်ဖြစ်နေတယ်။ သီချင်းက အေးအေးလေးနဲ့ စိတ်ဝိညာဉ်တစ်ခုလုံး မျောပြီး ပါသွားစေတာမျိုးပဲ။ Sparks ဆိုတဲ့နာမည်အတိုင်းပဲ သီချင်းစာသားနဲ့သံစဉ်တွေနောက်မှာ မီးပွားတွေ ကျနော့်စိတ်ထဲကနေ ထွက်နေသလိုခံစားရတယ်။ တဖျစ်ဖျစ်လောင်နေတဲ့စိတ်ထဲက တဖြည်းဖြည်းလွင့်နေတဲ့ မီးပွားတွေလေ။အခုစဉ်းစားနေမိတာက အဲ့သီချင်းဖွင့်ထားတဲ့ ဘားတစ်ခုဆီသွားမယ်။ မီးရောင်မရောက်ဆုံး ထောင့်က စားပွဲလေးမှာထိုင်မယ်။ ကျနော်မသိတဲ့သူတစ်ယောက်နဲ့ စကားတွေအများကြီးပြောချင်တယ်။ သူပြောသမျှလည်း ငြိမ်ပြီး နားထောင်မယ်။ ဘယ်သူမှမသိတဲ့ ကျနော်တို့ရဲ့ အဖြစ်အပျက်တွေအကြောင်း စကားတွေအများကြီးကြားချင်နေမိခဲ့တယ်။

-ဆပ်ရိပ်
၂၂.၈.၂၀၁၉

Comments