Happier



Happier

ပျော်ရွင်မှုဟာ ပို့ဖြစ်လိုက်မှ နေပျော်မိတဲ့ စာတွေဆီမှာလား။သံယောဇဉ်ဟာ ကိုယ့်လည်ပင်းကို စွပ်မယ့် အပ်ချည်ကြိုးကွင်းတွေလည်းဖြစ်ခဲ့ဖူး။ကြိုးလေးတွေပါကွာလို့ ကိုယ်ဟာလျှော့တွက်ခဲ့မိတာ။ကြိုးလေးတွေများလာချိန်မှာ ကိုယ်လည်း သေလုမျောပါး။အချစ်ကရိုးစင်းတယ်။လူတွေက ရှုပ်ထွေးတယ်။ကိုယ်က မင်းကိုချစ်နေသေးတယ်။မပျော်စရာပါပဲ။

တစ်ခါတစ်လေမှာ ကိုယ်တို့ချမိတဲ့ညီမျှခြင်းတွေဟာ တစ်ဖက်သက်တွေ။တစ်စုံတစ်ယောက်ကို ဒီလောက်မြတ်နိုးပါတယ်လို့ ချလိုက်တဲ့ညီမျှခြင်းဟာ တစ်ဖက်အတွက်အဲ့လိုမဟုတ်ဘူး။တစ်ဖက်ကညီမျှခြင်းတစ်ခုပြန်ချပေးရင်တောင် ကိုယ်တို့ထားတဲ့စိတ်နဲ့ ညီမျှနေမယ်လို့မဆိုလိုဘူး။ ချစ်ခြင်းဟာ မှားပြီးချမိတဲ့ညီမျှခြင်းဖြစ်နေတာမျိုး ခဏခဏကြုံရတယ်။ကြွေလွယ်တဲ့သစ်ရွက်တွေဆီ လေတွေပိုတိုက်သလို ခံစားချက်မျိုးပဲ။

နောက်တော့လည်း ကိုယ်မရှိလည်းအဆင်ပြေနေတဲ့ ဘဝတစ်ခုကိုမြင်ရမယ်။အမှန်တရားက ခါးသက်သက်ကော်ဖီဆိုရင် ဖြေသိမ့်မိတဲ့အတွေးတွေဟာ သကြားလေးတစ်ဇွန်းနှစ်ဇွန်းပါပဲ။ တကယ်တမ်းမှာ တစ်စုံတစ်ယောက်ရဲ့ ဘဝအစိတ်အပိုင်းဆိုတဲ့ စကားလုံးခြောက်လုံးမှာ ကိုယ်ကသူ့ရဲ့ဘဝလည်းမဟုတ်၊အစိတ်အပိုင်းလည်းမဟုတ်တဲ့အဖြစ်တွေ။
ကိုယ်မပြောဖြစ်တာနဲ့ တိတ်ဆိတ်နေမယ့် conversation တွေ။လက်ဖဝါးထဲမှာ ဆုပ်ကိုင်ချင်မိတဲ့ မိုးရေစက်တွေ။
ကိုယ့်အတွက်ကျ သူက ဘဝဆိုလည်းဟုတ်၊အစိတ်အပိုင်းဆိုလည်းဟုတ်။ ဝေးသွားလည်း ငါ့ကိုချစ်ရင် မျက်ရည်မကျပါနဲ့လို့ ကိုယ့်ဘက်ကဆိုပြီး ချစ်လို့မျက်ရည်ကျနေတာကလည်း ကိုယ်တစ်ဖက်တည်းပဲဖြစ်နေတာမျိုးတွေ။ ကောင်းကင်ကိုမော့ကြည့်မိတိုင်း မျှော်လင့်ချက်အသေတွေနဲ့။

ချစ်တယ်ဆိုတာထက် ထုထည်ကြီးမားတဲ့အရာတွေရှိတယ်။မနေ့က မိုးမိသေးလား၊ အိမ်နဲ့အဆင်ပြေလား၊ အပြင်သွားတာ ထီးဆောင်ရဲ့လားဆိုတဲ့စကားလုံးတွေအားလုံးဟာ အချစ်ထက်ပိုတဲ့အရာတွေရယ်လေ။ ဒါကို သံယောဇဉ်လို့အဓိပ္ပါယ်ဖွင့်ချင်လည်းဖွင့်ပေါ့။ရင်ထဲမှာ ဘယ်တော့မှမနွမ်းတဲ့ပန်းတွေဟာ အချစ်ထက်ပိုတဲ့အရာတွေကြောင့် ပွင့်လာရတယ်။အဆင်ပြေနေမယ်မှန်းသိရင်တောင် အဆင်ပြေနေရဲ့လားလို့တော့ မေးချင်ကြတာပဲ။အဆင်ပြေနေခြင်းဟာ တစ်ခြားလက်မောင်းတစ်ဖက်ပေါ်မှာဆိုရင်လည်း ကိုယ်တို့ဘာများတတ်နိုင်ကြမလဲ။ရန်ငြိုးတွေ အာဃာတတွေအစား ဘုရားစင်ပေါ်က စံပယ်ဖြူ လေးပဲ ကိုယ်သိမ်းထားခဲ့ပါတယ်။

ကိုယ့်ဆီမရောက်လာတဲ့သူကို ထွက်သွားခွင့်ပေးရတာမျိုးက ပိုခက်ခဲတယ်။သူ့ကိုကိုယ့်ဆီကနေ သွားခိုင်းတာမျိုးမဟုတ်။ကိုယ့်စိတ်ကို သူ့ဆီကနေ လွတ်မြောက်လိုက်ချင်တာမျိုးပဲ။ အလင်းရောင်နည်းချိန်မှာ အလင်းရဲ့တန်ဖိုးကိုမြင်သတဲ့။အိမ်ကို လွမ်းတဲ့အချိန်တွေမှာ လမ်းတွေကိုမုန်းလာသတဲ့။ထွက်သွားခွင့်ပေးပြီးမှ ချစ်ရသူကိုသိသတဲ့။Let her go သီချင်းထဲက စာသားအပိုင်းအစတွေကွာ။ကိုယ်တို့ကတော့ ချစ်ရသူမှန်းသေချာသိပြီးလို့ ထွက်သွားခွင့်ပေးတာမျိုး။ကိုယ်တို့ဟာ အနှောင့်အယှက်ဖြစ်နေမှာကြောက်တယ်။အချစ်ဟာ တစ်ဖက်အတွက်ပင်ပန်းရရင် အတ္တဖြစ်လာတယ်။အဲ့အဖြစ်ကိုရှောင်ဖို့ ပင်ပန်းတကြီး လွှတ်ရတဲ့လက်တွေကို ကိုယ့်ရင်ဘတ်ပေါ်တင်ပြီး မျက်လုံးတွေကိုမှိတ်ထားမိခဲ့တယ်။အဆင်ပြေအောင်နေရမယ်ဆိုတဲ့စိတ်ဟာ အဆင်ပြေနေတာမဟုတ်ဘူးရယ်။

Ain't nobody hurt you like I hurt you
Ain't nobody love you like I do
ကိုယ်က လောဘကြီးလို့ မင်းကိုပျော်စေချင်ရုံပါပဲ။
သူ့နာကျင်မှုဟာ ကိုယ့်နာကျင်မှုအဖြစ် ထပ်တူခံစားပေးနိုင်သလို သူ့ပျော်ရွှင်မှုဟာ ကိုယ့်နာကျင်မှုဖြစ်နေလည်း ကိုယ်ကျေနပ်နေမှာ။
အဆင်မပြေချိန်မှာ ကမ်းမယ့်လက်ဟာ ကိုယ်ပဲဖြစ်နေချင်တာ။ ဖုန်းနံပါတ်ကလေးဝင်လာတာနဲ့ ပြန်ပြီးထွေးပွေ့သူဟာ ကိုယ်ပဲဖြစ်ချင်တာ။ပြန်မဆုံဖြစ်ခဲ့ကြရင်လည်း မင်းမွေးနံထောင့်က သပြေပန်းခက်တွေ ၊ဆည်းလည်းသံတွေနဲ့ ဆုတောင်းတွေဟာ ကိုယ့်မှာရှိနေတော့မှာပဲ။ကိုယ်ဟာမင်းကိုချစ်ခဲ့တယ်။search list မှာ မင်းမရှိတော့ဘူးလို့ လူတွေကိုလိမ်နေခဲ့တယ်။ဘဝရဲ့ ရှားရှားပါးပါးပြစ်ချက်လေးတွေဆိုလည်း အမြတ်တနိုးသိမ်းထားဖြစ်နေတော့မှာပေါ့။ ဘယ်အရာမှ မသေချာရင်တောင် မင်းကိုချစ်ခဲ့တဲ့အကြောင်းတော့ သေချာနေခဲ့တယ်။

Via the song "Happier" by Ed

-ဆပ်ရိပ်
၃.၅.၂၀၁၉


Comments