Conversations (A)
"လူတွေဟာ သူတို့ချစ်တဲ့အရာတွေကို ဆုံးရှုံးလိုက်ရရင် ဘယ်လိုဖြစ်သွားမလဲ "
ဒီမေးခွန်းကို သူမေးလာတော့ ကျနော်တို့ရောက်နေတာ တောင်တန်းတွေကြားထဲက ညနေခင်းတစ်ခုမှာ။ ကျနော်တို့ရောက်နေတဲ့တောင်ပေါ်မှာတော့ စေတီလေးတစ်ဆူနဲ့ တစ်ခြားလူသူနည်းနည်းပဲရှိတယ်။အဝေးကိုကြည့်လိုက်ရင် ဝင်လုဆဲဆဲနေရောင်နဲ့ စစ်တောင်းမြစ်ကြီးရယ်၊ပြီးတော့ တောင်တက်ကားလမ်းတွေဆီက ကားသေးသေးလေးတွေရယ်ကို မြင်နေရတယ်။
"လူတွေဟာ သူတို့ချစ်တဲ့အရာတွေကို ဆုံးရှုံးလိုက်ရရင် ဘယ်လိုဖြစ်သွားမလဲလို့ နင်မေးလိုက်တာနော်"
"အင်း"။ သူက ကျနော့်မေးခွန်းကို အဖြေပြန်ပေးတယ်။
သူမေးတဲ့မေးခွန်းနဲ့ သင့်တော်မယ့် အဖြေစကားလုံးကို ကျွန်တော်စဉ်းစားနေမိတယ်။အချိန်တစ်ခုကြာသွားတယ်။ငှက်လေးတစ်ကောင် ကျနော်တို့ပေါ်က ဖြတ်ပျံသွားမှ ပြန်ဖြေဖို့ ကျနော်သတိရတော့တယ်။
" သူတို့ ပုံပျက်ပန်းပျက်ဖြစ်သွားတာပေါ့"
စကားလုံးတွေကို သေချာစဉ်းစားပြီး ကျနော်ပြန်ဖြေလိုက်တယ်။
"ပုံပျက်ပန်းပျက် ဟုတ်လား "
ကျနော့်ကိုပြန်မေးရင်း ပုံပျက်ပန်းပျက်ဆိုတဲ့စကားလုံးကို သူ့နှုတ်ခမ်းတွေက တဖွဖွရွတ်နေလေရဲ့။
"အင်း ပုံပျက်ပန်းပျက်ဖြစ်သွားကြတယ်" ပြီးတော့ ကျနော်ပြောချင်တာကို ကျနော်ဆက်ပြောပြတော့ သူဟာ သူ့ဆံပင်တွေကိုတစ်ချက်သပ်ရင်း တောင်တန်းတွေဆီကိုငေးနေခဲ့တယ်။
" ကိုယ်ချစ်မြတ်နိုးတဲ့ အရာတွေကို ဆုံးရှုံးလိုက်ရရင် ငါတို့ဟာ ပုံပျက်ပန်းပျက်ဖြစ်ကုန်ကြတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပြတ်ထွက်သွားသလိုမျိုးပေါ့။ အပြင်ပန်းအားဖြင့် မသိသာပေမယ့် ငါတို့ရဲ့အတွင်းသဏ္ဍာန်မှာ ပြတ်ထွက်သွားခြင်းပဲ။ပြီးတော့ အချိန်နဲ့အမျှ ပြတ်ထွက်လစ်ဟာသွားတဲ့နေရာမှာ အသားမာတက်လာဖို့၊နေသားတကျဖြစ်လာဖို့ မသိစိတ်က အမြဲကြိုးစားနေရတယ်။ ငါငယ်ငယ်က ငါ့မှာ ခွေးလေးတစ်ကောင်ရှိတယ်။ငါတအားချစ်တာ။အထီးကျန်တဲ့ငယ်ဘဝကို အဲ့ကောင်လေးက လိုတာထက်ပိုလို့တောင် ပျော်ရွှင်စေခဲ့တယ်။တစ်ရက်မှာ အိမ်ရှေ့လမ်းပေါ်ပြေးထွက်ရင်း သူ့ကို ကားတစ်စီးက ဝင်တိုက်သွားတယ်။ငါသေမလိုပဲ။သေနေတဲ့သူ့ကိုဖက်ပြီး လမ်းပေါ်မှာငါငိုနေခဲ့တယ်။ငါ့အဖေက အတင်းချော့ပြီး လာခေါ်မှ အိမ်ထဲပြန်ဝင်တော့တယ်။
အဲ့ကိစ္စဖြစ်ပြီးတော့ ငါဟာ ပထမဆုံးအကြိမ် ပုံပျက်ပန်းပျက်ဖြစ်သွားခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ ခွေးလေးကို ငါမေ့နိုင်သွားတာတော့ဟုတ်တယ်။ဒါပေမယ့် ငါခွေးထပ်မမွေးဖြစ်တော့ဘူးလေ။သူ့ကိုပဲ သတိရနေတာကိုး။ထပ်လည်းမဆုံးရှုံးချင်တော့ဘူး။ အဲ့ဒါ ပုံပျက်ပန်းပျက်ဖြစ်သွားတာပဲ မှတ်လား။ ငါ့မသိစိတ်မှာ သူ့ကိုမေ့သွားပေမယ့် ဒီဆုံးရှုံးမှုနဲ့ပတ်သတ်ပြီး
အမာရွတ်တစ်ခုကျန်ခဲ့တယ်။အဲ့ဒါ စိတ်ဒဏ်ရာလိုပဲ။ အချိန်တွေဘယ်လောက်ကြာကြာ ပြတ်ထွက်သွားတဲ့ နေရာမှာ ပြန်ပြည့်လာဖို့ တတ်နိင်သလောက်စိတ်ကဖြည့်နေရတယ်။ငါပြောချင်တာကို နင်နားလည်မယ်ထင်ပါတယ်"
"အင်း။ငါနားလည်သလိုပဲ။ဆေးလိပ်သောက်ဦးမလား" သူက ကျနော့်ကိုဆေးလိပ်တစ်လိပ်ကမ်းပေးတယ်။ဟင့်အင်းလို့ ကျနော်ငြင်းလိုက်တော့ သူ့ဘာသာပဲ မီးညှိပြီး မီးခိုးငွေ့တွေဖွာထုတ်လိုက်တယ်။ပြီးတော့ တောင်တန်းတွေကို ဆက်ငေးနေတယ်။ကျနော်ဆက်ပြောတယ်။
"အသက်တွေကြီးလာတာနဲ့အမျှ
ကိုယ်ချစ်မြတ်နိုးတဲ့အရာတွေကို ဆုံးရှုံးလာရမှာပဲ။ဆုံးရှုံးလိုက်တိုင်းလည်း အတွင်းစိတ်ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုပြတ်ထွက်သွားသလို ဖြစ်နေမှာပဲ။ခန္ဓာကိုယ်မှာ အပေါက်တစ်ပေါက်ဖြစ်သွားသလိုမျိုးဆိုလည်းဟုတ်တယ်။အလုံးစုံပြန်ကောင်းဖို့ဆိုတာတော့ လုံးဝမဖြစ်နိုင်ဘူးလေ။အနည်းဆုံးတော့ အမာရွတ်တစ်ခုကျန်ခဲ့တယ်။ဒီလိုနည်းနဲ့ ငါတို့ဟာ ပုံပျက်ပန်းပျက်ဖြစ်နေခဲ့ကြတာ။ဒီလိုနဲ့ပဲ ငါတို့ဘဝကို နေထိုင်နေကြဦးမှာ။
နင်သိလား
ကမ္ဘာကြီးဟာ အတွင်းပိုင်းမှာ ကိုယ်စီပုံပျက်ပန်းပျက်ဖြစ်နေကြတဲ့လူတွေနဲ့ ဖွဲ့စည်းထားတာပဲ။
တစ်ယောက်နဲ့တစ်ယောက်
ဘယ်လောက်ပုံပျက်ပန်းပျက်ဖြစ်နေလဲဆိုတဲ့ အနည်းအများပဲ ကွာတယ်။"
စကားအရှည်ကြီးပြောပြီးသွားတော့ ကျနော်တို့နှစ်ယောက်လုံး ဘာမှမပြောတော့ပဲ ခဏငြိမ်သက်နေခဲ့ပြန်တယ်။ခဏနေမှ ကျနော်သူ့ကိုမေးလိုက်တယ်။
" နင်ဘာဖြစ်လို့ ဆေးလိပ်တွေသောက်တာလဲ "
"အဲ့လိုတော့မရှိပါဘူး။သောက်ချင်လို့သောက်ဖြစ်နေတာပါပဲ။တစ်ခါတစ်လေလည်း မွန်းကျပ်နေတဲ့အချိန်ကျရင် ငါ့စိတ်ထဲက အရာတွေကို မီးခိုးငွေ့အဖြစ်နဲ့မှုတ်ထုတ်လိုက်သလိုမျိုး။ငါက ငါ့အကြောင်းတွေကို ဘယ်သူ့ကိုမှမပြောချင်ဘူးလေ။ဒါပေမယ့်စိတ်ထဲမှာ ပြည့်ကျပ်လာတဲ့အခါကျရင် ဖောက်ခွဲပစ်လိုက်ဖို့ တစ်ခုခုလိုတယ်မှတ်လား။ဒါကအကြောင်းပြချက်တစ်ခုပါ။ငါသောက်ချင်လို့ကိုသောက်နေတာဆိုလည်း မှန်ပါတယ်။ နင်ကရော ဘာလို့ဆေးလိပ်မသောက်တာလဲ "
သူ့မေးခွန်းကို ခဏနေပြီးမှ ကျနော်ဖြေတယ်။
"ငါစာရေးတယ်လေ။နင့်စိတ်ထဲကအရာတွေကို မီးခိုးအနေနဲ့ လွှတ်ထုတ်လိုက်သလိုမျိုးပေါ့"
ကလေးလေးလိုမျိုး သူခေါင်းတစ်ချက်ငြိမ့်တယ်။
အဲ့ဒီနောက် ကျနော်တို့စကားမပြောဖြစ်ကြတော့ဘူး။ညနေခင်းရဲ့ အေးမြတဲ့နေရောင်အောက်မှာ ငြိမ်ငြိမ်လေးထိုင်နေခဲ့ကြတယ်။မှိုင်းပြပြတောင်တန်းတွေလည်း ကျနော်တို့နဲ့အတူ ငြိမ်သက်လို့။အဝေးက စစ်တောင်းမြစ်ထဲမှာ လှေလေးတစ်စင်းရွေ့လျားလို့နေတယ်။
-ဆပ်ရိပ်
၂၁.၃.၂၀၁၉
Comments
Post a Comment