Conversation (L)
" ငါတော့ လူတွေကို တစ်ခါတစ်လေ တော်တော်ရွံမိတယ်"
"ဟင်"
သူ့စကားသံက ရုတ်တရက်ထပေါက်သွားတဲ့ စစ်ကျန်ဗုံးတစ်ခုလိုပဲ။ စကားသံကိုပဲ ကြားလိုက်ရပေမယ့် တစ်နေရာရာကို ရည်ရွယ်ပစ်ခတ်နေမယ့် သူ့မျက်စောင်းကိုပါ မြင်လိုက်ရတယ်။
"နင်ကြားတဲ့အတိုင်းပဲ"
"အင်း။ဘာလို့"
ကျနော့်ရဲ့ အေးတိအေးစက်ပုံစံကို သူက အားရပုံမရ။ ကျနော့်မှာလည်း သူပြောတဲ့စကားနဲ့သူတွေးနေတဲ့အတွေးရဲ့အကြောင်းအရာကို ပုံဖော်ကြည့်လို့ရသား။ လူတွေကရွံစရာကောင်းတယ်ဆိုတာထက် ရွံစရာကောင်းတဲ့လူတွေက လူဖြစ်နေတာမျိုးပါပဲ။
ကျနော့်အမေးကိုတော့ သူက ချက်ချင်းမဖြေနိုင်။ ဘာဖြေရမလဲ သေချာစဥ်းစားနေပုံရတယ်။
"ငါ့အသိထဲမှာဟာ"
"အင်း"
"အဲ့တစ်ယောက်က facebook တွေ ၊ အပြင်တွေမှာ အရမ်းလူကောင်းလို နေပြတယ်ဟာ။ သူ့ကို ကိုးကွယ်မတက် လေးစားကြသူတွေလည်းမနည်းဘူး။ ငါကတော့ သူလူတွေကိုမပြထားတဲ့ ရွံစရာဘက်ခြမ်းတွေကို ကိုယ်တွေ့သိနေတယ်။ အဲ့ဒီအကြောင်းတွေကိုတော့ လူတွေဆီပတ်ပြောပြနေစရာအကြောင်းမရှိဘူးပေါ့ဟာ။ ဒါပေမယ့် ငါပြောတာက သူ့ရဲ့ဟန်ဆောင်နိုင်မှုပဲ။ သူဘယ်လိုများ သူ့ပုံရိပ်ကောင်းဖို့ နေ့တိုင်းထိန်းနေနိုင်သလဲလို့"
"အော်"
"ဘာကို အော်လဲ။ နင်စကားမပြောချင်ဘူးလား"
"မဟုတ်ပါဘူး။ ဆေးလိပ်သောက်ချင်လာလို့။ ခဏ"
အိတ်ထဲက လက်ကျန်တလိပ်ကို ထုတ်ပြီး အားရပါးရ ဖွာရှိုက်လိုက်ရတယ်။ သူ့ကို ဆေးလိပ်ကမ်းတော့ သူက ခေါင်းခါပြတယ်။ ကျနော်စကားပြောမယ့်အချိန်ကိုပဲ စောင့်နေတယ်။
"ဒီလိုဟာ"
"အင်း"
"လူတစ်ယောက်ကောင်းတယ်၊ မကောင်းဘူးဆိုတာကို ငါတို့ဘယ်လိုခံယူကြသလဲ။ လူ့အသိုင်းအဝိုင်းက သတ်မှတ်သလား။ ငါးပါးသီလလုံမလုံနဲ့ တိုင်းတာလား။ ဥပမာ..အဲ..။
ဥပမာ ယဥ်ကျေးမှုလိုကိစ္စနဲ့ကြည့်ရအောင်။ ကုန်းဘောင်ခေတ်က မြန်မာအမျိူးသမီးတွေက ထဘီရင်ရှားနဲ့ပဲ နေကြတယ်။ ဒါသူတို့ခေတ်မှာ ဝတ်စားဆင်ယင်မှုနဲ့ပတ်သတ်လို့ ယဥ်ကျေးမှုပဲ။ အခုခေတ်မှာ နင်လမ်းပေါ် ထဘီရင်ရှားနဲ့ လျှောက်သွားရင် နင့်ကို ပက်ပက်စက်စက်ပြောကြဆိုကြမှာပေါ့။
အဲ..အဲ့လိုပဲ လူတစ်ယောက် ကောင်းတယ်မကောင်းဘူးဆိုတာကရော ။ အရင်ခေတ်က လူကောင်းတစ်ယောက်ဆိုတာ ဘယ်လိုစံနှုန်းတွေနဲ့ ချိန်ထိုးကြတာလဲ။ အခုခေတ်မှာ လူကောင်းဆိုတာဘယ်လိုအရာမျိူးလဲ"
စကားခဏရပ်ပြီး သူ့ကိုကြည့်မိတယ်။ တစ်ခုခုများဖြေမလားဆိုတဲ့အတွေးနဲ့ပါ။ သူကတော့ ခေါင်းခါပြီး ပြောပါတယ်။
"မသိဘူး။ နင်ပဲပြောပြ။ ငါဖြေရမှာပျင်းတယ်။ "
ကျနော်ပြုံးပြီး ခေါင်းငြိမ့်လိုက်မိတယ်ထင််တယ်။ပြီးမှ စကားဆက်ရတယ်။
"အရင်တုန်းက လူငယ်တစ်ယောက် ဆံပင်ရှည်ထားတာဟာ မယဥ်ကျေးဘူး၊ လမ်းသရဲဆန်တယ်၊တနည်းအားဖြင့် မကောင်းဘူးလို့ သတ်မှတ်ကြတယ်။ အခုခေတ်တော့ နင့်ဘာသာဆံပင်ရှည်ထားလည်း တော်တော်များများက အတွေးအခေါ်တွေပြောင်းလာကြပြီ။ ထားပါ။ ဒါက သက်သက်။ ဘယ်အချိန်ဘယ်ခေတ်ဖြစ်ဖြစ် အဓိက အကြောင်းအရာကတော့ ရိုးရိုးလေးပဲ။ နင့်လုပ်ရပ်တွေက ကောင်းတယ်လို့ထင်ရင် လူတွေက နင့်ကို လူကောင်းလို့သတ်မှတ်ကြမှာပဲ။ "
"အင်း..."
"ဒီလိုသတ်မှတ်လာကြတဲ့အပေါ် ငါတို့လူ့စိတ်က ပါဝင်ပတ်သတ်လာတယ်။ လူ့စိတ်ဆိုတာဟာ တော်တော်များများကတော့ ကောင်းတာပဲလိုချင်တယ်။ ကောင်းတာပဲ ရချင်တယ်။ ပတ်ဝန်းကျင်အနေနဲ့လည်း ကိုယ့်အပေါ် လူကောင်းလို့ပဲ မြင်စေချင်တယ်။ အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ပုံရိပ်တွေ နာမည်တွေ မပျက်ဖို့ ကြိုးစားနေကြတယ်။ နာမည်တစ်လုံးရဖို့ တည်ဆောက်ထားရတဲ့အချိန်တွေဟာ ကိုယ့်အပုပ်နံ့လေးတစ်ခုနဲ့လည်း ရေစုန်မျောသွားနိုင်တယ်ကိုး။ "
"အင်း"
"ဒါပေမယ့် လူမှာ ပုထုဇဥ်စိတ်ကလေးကတော့ ရှိကြတာချည်းပဲလေ။ မဟုတ်တာလေးတစ်ခုခုလုပ်ကြည့်ချင်တယ်။ မကောင်းတာတစ်ခုခုစမ်းကြည့်ချင်တယ်။ ကိုယ့်ထက်သာသွားရင် မနာလိုချင်တယ်။ တစ်ယောက်ယောက်မကောင်းကြောင်း
အတင်းလေးဘာလေးလည်းတုပ်ချင်တယ်။ ဒါက စိတ်ပိုင်းဆိုင်ရာ။ ရုပ်ပိုင်းဆိုင်ရာအရဆို ညနေတိုင်းမူးချင်တဲ့သူလည်းရှိမယ်။ ပိုက်ဆံလေးဘာလေး ရတဲ့ဂွင်ကနေ ဘုံးချင်တဲ့သူရှိမယ်။ လိင်စိတ်ပြင်းထန်လွန်းတဲ့လူလည်းရှိမယ်။ ဒါက လူပဲလေ။ လူတိုင်း ဒီစိတ်တွေရှိကြမှာပဲ။ အဲ့စိတ်အနည်းအများနဲ့ ထိန်းချုပ်နိင်စွမ်းတော့ကွာမယ်။ ဒီစိတ်နဲ့
ကိုယ့်ကိုယ်ကို လူကောင်းလို့ မြင်နေစေချင်တဲ့စိတ်နဲ့ လွန်ဆွဲကြတဲ့အခါ နင်ပြောတဲ့ဟန်ဆောင်တယ်ဆိုတာ ဖြစ်လာတာပဲ"
"လူတစ်ယောက်က မကောင်းတာတွေလည်း လုပ်ချင်လို့ တစ်ခါတစ်လေ လုပ်တယ်။ အဲ့အကြောင်းကိုလည်း လူတွေမသိစေချင်တဲ့အခါ ပုံမှန်ထက်ပိုပြီး လူကောင်းလိုနေပြရတော့တယ်။ facebook မှာ ကိုယ့်ကောင်းကြောင်းပဲတင်။ public မှာ ကိုယ့်ရဲ့ figure ကို သူတော်ကောင်းလိုမြင့်ထား။ လိုအပ်ရင်
ဘုရားစာတွေတအားရှဲ။ ကိုယ်တစ်ခုခုမဟုတ်တာလေးပေါ်သွားရင်တောင် ကြောက်အားလန့်အားနဲ့ ကိုယ့်အပေါ်အားလုံးက ဝိုင်းပြီး ယုတ်မာကြသလိုလို ဒရာမာချိုး စသဖြင့် ဒီလိုလူတွေ နင်ရော ငါရောတွေ့ဖူးနေတာပဲ။ သူတို့အတွက်ကတော့ ဒီလိုနည်းနဲ့
ကိုယ်အမြဲကောင်းနေကြောင်း ပင်ပန်းတကြီးရှင်းပြဖို့ အားထုတ်ရမှုတွေ လိုအပ်လာတာပဲ။ "
"အဲ့လိုကျတော့လည်း သနားစရာရယ်"
"ဟားဟား။ အင်းပေါ့။ ဒါပေမယ့် သူတို့အမြဲလုပ်ခဲ့တဲ့ ကောင်းတာလေးတွေကြောင့်လည်း
လူ့အသိုင်းအဝိုင်းအတွက် ၊တစ်စုံတစ်ဦးအတွက် ကောင်းတာလေးတွေဖြစ်ခဲ့ဖူးမယ်မှတ်လား။ ဘဲစားဘဲချေပေါ့ဟာ။ သူလည်းလေ လောကီသားပေမို့ လို့သာ တွေးပေးလိုက်။ နင်ကိုယ်တိုင်အဲ့လိုဟန်ဆောင်ရတာ ရွံတယ်ဆိုရင်တော့ တတ်နိုင်သလောက် မကောင်းတာမလုပ်နဲ့ပေါ့။ အဲ မဟုတ်ဘူး။ ဒါက အရမ်း စာရိတ္တနဲ့ဘဝတွက်တာဆန်သွားပြီ။ တကယ်က နင်ဘာလုပ်လုပ် ကိုယ်ဖြစ်ကိုယ်ခံပဲဟာ။ နင်စိုက်သမျှပြန်ရိတ်သိမ်းရဖို့ရှိတယ်ဆိုတာပဲ သတိရ။ နင်လုပ်ခဲ့သမျှက အရိပ်လို့နင့်စိတ်မှာ လိုက်နေမယ်။ နင့်နောက်ကျောကို မလုံခြုံမှုဖြစ်စေမယ်။ ဒီတော့ နင်လုပ်ချင်တာလုပ်။ ဖြစ်နိုင်ရင်တော့ ဟန်မဆောင်ဖို့သာလိုတယ်။ နင်ရွံတဲ့လူစားမျိူး နင်ကိုယ်တိုင်ဖြစ်မသွားဖို့တော့လိုတယ်။ နင်ဘာလုပ်ပါလို့ ငါပြောပြစရာမလိုဘူးထင်တာပဲ"
ကျနော့်စကားရှည်ကြီးကို နားထောင်ပြီး သူကသက်ပြင်းချတယ်။ ပြီးမှ "အေးလေ" လို့ ပြောပြီး ကျနော့်ဆီက ဆေးလိပ်တောင်းတယ်။ ကျနော်က မကျန်တော့ဘူးလို့ပြောလိုက်တော့ သူဘာမှမပြောတော့ပဲ ကျနော်တို့ထိုင်နေတဲ့မြက်ခင်းပေါ် လှဲချလိုက်တယ်။ ညနေခင်းကောင်းကင် နီဆွေးဆွေးကိုငေးရင်း သူ့မျက်ဝန်းတွေ အရောင်လဲ့လို့နေတယ်။
-ဆပ်ရိပ်
၂၈.၁၀.၁၉
Comments
Post a Comment