Conversation (L)
"ဆုံးရှုံးသွားတဲ့အရာတစ်ခုနေရာမှာ တစ်ခြားတစ်ခုကို အစားထိုးလို့ရလားဆိုတဲ့မေးခွန်းကို ငါခဏခဏကြားဖူးတယ်သိလား။"
"အင်း"
"နင်ဘာပြန်ဖြေခဲ့လဲ"
"ဘာမှမရဘူးလို့ဖြေခဲ့ဖူးတယ်ထင်တယ်။"
"ဘာလို့လဲ။တစ်ခုခုနဲ့အစားထိုးလို့ရတယ်လို့ မထင်ဘူးလား"
"ငါအတွေးနဲ့ငါပေါ့။ငါထင်တာဖြေခဲ့တာပဲ။
"ဒါဆိုလည်း
ာလို့မရဘူးလို့ ပြောနိုင်တာလဲဆိုတာ ငါနားလည်အောင်ရှင်းပြတော်မူတော့ ငါကော်ဖီဖျော်လိုက်မယ်"
သူခဏထသွားတယ်။တိုက်ခန်းအောက်ဘက်မှာ လူတွေဥဒဟိုသွားလာနေကြတယ်။ရန်ကုန်နေပူပူမှာ လှုပ်ရှားနေရတဲ့ဘဝတွေဟာလည်း မသက်သာလှဘူး။ နာရီကတော့ ၂နာရီအတိပဲ။ ဒီအချိန်ဆိုကတ္တရာလမ်းကိုသာမြင်ရရင် လမ်းပေါ်တံလျှပ်တွေထနေတာမြင်ရမယ်ထင်တယ်။ကောင်းကင်မှာ တိမ်ရယ်လို့မရှိပဲ အပြာရောင်အပြည့်။မီးခိုးရောင်တိုက်ခန်းတွေနဲ့ တွဲမြင်နေရတာ လှတယ်။ တစ်ဖက်ကလည်း နေရောင်နွေးသွားမယ့် ညနေဘက်ကို မြန်မြန်ရောက်သွားရင်ကောင်းမှာလို့ ကျနော်တွေးနေမိတယ်။ကော်ဖီနှစ်ခွက်ကိုင်ပြီး သူပြန်ရောက်လာခဲ့တယ်။တစ်ခွက်ကို ကျနော့်ကိုကမ်းပေးတာနဲ့ ကျေးဇူးလို့ပြောလိုက်တယ်။အသေးအမွှားလေးတွေကအစ ကျေးဇူးတင်တတ်တာ ကောင်းတဲ့အကျင့်လို့ထင်တာပါပဲ။
"ရပြီ။ပြောတော့"
"ရှေးဟောင်းဂရိပြဇာတ်ထဲက စကားတစ်ခုရှိတယ်။
ပြန်လာခဲ့ပါ။အရိပ်အနေနဲ့ပဲ ဖြစ်ဖြစ်။အိမ်မက်တစ်ခုအနေနဲ့ဖြစ်ဖြစ်တဲ့။စကားလုံးတွေဆိုပေမယ့် သေချာဖတ်ကြည့်ရင် ညည်းသံဆိုလည်းဟုတ်၊ ခေါ်သံဆိုလည်းဟုတ်၊အသံတိတ်စကားဆိုလည်းဟုတ်တာပဲ။ တစ်ခုခုကို ဆုံးရှုံးသွားပြီးတဲ့နောက် တစ်ဖက်ကကျန်ရှိနေတဲ့ မျှော်လင့်ချက်ရဲ့အသံမျိုး။ ငါပြောချင်တာက ချစ်မြတ်နိုးတဲ့အရာတစ်ခုကို ဆုံးရှုံ့းရတာက ပြင်းပြင်းထန်ထန်ခံစားရတတ်တဲ့ ခံစားချက်တစ်ခုပဲ။ ကာလအနေနဲ့လည်း ဘယ်လောက်ကြာမယ်ရယ်လို့ ဘယ်သူမှအတိအကျသိနိုင်တာမဟုတ်။ဘယ်လိုမတွေးပဲနေရမလဲဆိုတာလည်း လမ်းညွှန်ချက်တွေမရှိ။ ဒီလိုပဲ နေရတာပဲလို့ ပြောရမလိုလို။ငါတို့နေရတဲ့ဘဝဆိုတာလည်း အဆုံးမတော့ ဆုံးရှုံးခြင်းပဲမှတ်လား။ ချစ်ရတဲ့ခွေးကလေး သေသွားတယ်။အကြိုက်ဆုံးအင်္ကျီပျောက်သွားတယ်။အဘိုးတွေအဘွားတွေ ကွယ်လွန်သွားကြတယ်။ နောက်ဆုံးအနေနဲ့ကတော့ ငါတို့အသက်ဗူးလေးကို ကိုယ်တိုင် ဆုံးရှုံးပြီး ဘဝတစ်ခုကိုနှုတ်ဆက်ကြရတာမျိုးလေ။ အဆိုးကြီးပဲ ပြောတာမဟုတ်ပါဘူး။ဆုံးရှုံးတယ်ဆိုတာ အသက်ရှင်နေထိုင်မှုနဲ့တသားတည်းဆိုတာကို သိစေချင်ရုံပါ။ချစ်ခြင်းနဲ့ဆုံးရှုံးခြင်းဆိုတာ နှလုံးသားရဲ့ကြိုးနဲ့ တစ်ဖက်စွန်းဆီမှာ ဆက်ထားတဲ့ ပူဖောင်းတွေပါ"
"ပြီးတော့.?"
"အင်း။ပြီးတော့ အရာဝတ္ထုတိုင်းမှာ unique value ဆိုတာရှိပြီးသား။သူ့တစ်ခုတည်းမှာရှိတတ်တဲ့ တန်ဖိုးတစ်မျိုးဆိုတာရှိနေခဲ့တာပဲရယ်။ ဘယ်ဟာနဲ့ဘယ်ဟာဆိုပြီး နှိုင်းယှဉ်လို့မရဘူး။အဲ့မှာ ငါပြောချင်တဲ့အစားထိုးလို့မရဘူးဆိုတဲ့အတွေးဖြစ်လာတာ။ဥပမာတစ်ခုနဲ့ငါပြောပြချင်တယ်။အဖြစ်အပျက်တိုင်း၊မှတ်ဥာဏ်တိုင်းဟာ စာသားတစ်ကြောင်းလို့ဆိုကြပါစို့။ ချစ်တဲ့ တစ်ခုခုကို ဆုံးရှုံးရခြင်းဟာ စာကြောင်းထဲမှာ ကွက်လပ်တစ်ခုဖြစ်သွားတာပဲဟာ။ အဲ့ကွက်လပ်ကို ဆုံးရှုံးသွားတဲ့စကားလုံးနဲ့ပဲ ပြန်ဖြည့်လို့ရမှာသိလား။အဲ့ဝါကျဟာ တခြားစကားလုံးနဲ့ဖြည့်လည်း အရင်အဓိပ္ပါယ်ပြန်ရမှာမဟုတ်။အဓိပ္ပါယ်ရှိတော့မှာမဟုတ်ဘူး။ အဖြစ်အပျက်တိုင်းဟာ နင့်ရဲ့အကြိုက်ဆုံးဝါကျဆိုရင် ကွက်လပ်တစ်ခုဖြစ်သွားတဲ့အချိန်မှာတောင် အဲ့အဓိပ္ပါယ်အတိုင်းလေးပဲ နင်ဖတ်မိနေတော့မှာ။အစားထိုးလို့မရဘူးရယ်"
"အဲ့လိုကျတော့လည်း ဟုတ်သလိုခံစားမိပါတယ်။ ဒါပေမယ့်လည်း ကွက်လပ်ဖြစ်သွားတဲ့ဝါကျတွေကို တခုခုနဲ့အစားထိုးလို့ရမယ်ထင်နေကြတာပဲနော်"
" အခိုက်အတန့်တစ်ခုရဲ့ တကယ့်တန်ဖိုးအစစ်ကို အမှတ်တရအနေနဲ့ဖြစ်သွားတဲ့အခါမှသာ ငါတို့ကမြင်နိုင်ကြတာတဲ့။ Rememory ရုပ်ရှင်ကားထဲက ဒိုင်ယာလော့တစ်ခုပါ။တကယ်တော့ အရာဝတ္ထုတစ်ခုကို ဆုံးရှုံးရတယ်ဆိုတာ အဲ့အရာဝတ္ထုတင်မဟုတ်ပဲ သက်ဆိုင်တဲ့ အခိုက်အတန့်တွေ၊ အဖြစ်အပျက်တွေ၊ ပျော်ရွှင်ခြင်းတွေပါ ပျောက်ဆုံးသွားတာမျိုးပဲ။မီးခိုးငွေ့တွေနဲ့အတူ ပါးပါးလာတဲ့ ဆေးလိပ်လိုမျိုးဆိုလည်းဟုတ်။ငါတို့အနေနဲ့ လွမ်းဆွတ်နေဖို့ပဲ တတ်နိုင်တယ်။အတိတ်တွေမှာ အဓိပ္ပါယ်တစ်ခုရှိဖူးတဲ့ ဝါကျတွေ၊ လွတ်ခဲ့တဲ့ကွက်လပ်တွေ ကိုယ်စီနဲ့။လူတွေဘဝထဲကထွက်ခွာသွားတာ ၊ရာသီဥတုတွေပြောင်းလာတာ။ငါတို့လည်း ဟာလာဟင်းလင်းဖြစ်မှုတွေနဲ့ နေထိုင်တတ်လာတာ။ဒါတွေက ကြုံနေကြရမှာလေ။ကိုယ့်အတွေးထဲမှာပဲ တွေ့နိုင်တော့တဲ့့အရာတွေကို ငါတို့က သေတဲ့အထိ သတိတရရှိနေကြတော့မှာ"
"ဒါဆို အဲ့အချိန်တွေမှာ ဘယ်လိုနေတာအကောင်းဆုံးဖြစ်မလဲဟင်"
"ငါပြောခဲ့ပါတယ်။ဘယ်လိုနေပါဆိုတဲ့ လမ်းညွှန်ချက်မှမရှိတာ။ရှိရင်လည်း ငါမသိဘူး။ ငါတစ်ခါပြောဖူးပါတယ်။ချစ်တဲ့အရာတွေကို ဆုံးရှုံးရတယ်ဆိုတာ ငါတို့ကိုယ်တွင်းမှာ အပေါက်တစ်ခုဖြစ်သွားတာပဲ။အချိန်နဲ့အမျှ အကောင်းအတိုင်းပြန်ဖြစ်လာရင်တောင် အမာရွတ်က ရှိနေတော့မှာ။ ဝါကျတစ်ခုအနေနဲ့ဆိုရင်လည်း ကွက်လပ်ရဲ့ ဟာလာဟင်းလင်းနိုင်မှုကို သတိရတိုင်းသတိရနေမိတော့မှာ။ ငါတို့ဘာလုပ်နိုင်မယ်ထင်လို့လဲ။ဘယ်လိုအစားထိုးနိုင်မလဲ။လုပ်နိုင်မယ်ဆိုလည်း အဲ့အဖြေကိုငါကိုယ်တိုင်သိချင်ပါတယ်"
စကားဝိုင်းက တိတ်ဆိတ်လို့။ဝရန်တာက ဆေးလိပ်ငွေ့တွေရဲ့ အနံ့ကို ကျနော်သဘောကျနေမိခဲ့တယ်။
-ဆပ်ရိပ်
၃၀.၅.၂၀၁၉
Comments
Post a Comment