Conversation (K)



"သတ်သေတဲ့သူတွေအများစုက တကယ်မသေချင်ကြဘူး။ သူတို့က အသက်ဆက်မရှင်ချင်ကြရုံပဲ တဲ့။တစ်နေ့က ငါ website တစ်ခုက ဆောင်းပါးတစ်ပုဒ်မှာ ဖတ်လိုက်မိတာ"

မိုးအုံ့နေတဲ့တစ်ရက်မှာ ကျနော်တို့ ဆူဆိုက်အကြောင်းပြောဖြစ်ခဲ့ကြတယ်။ လေကငြိမ်ငြိမ်၊ သစ်ပင်တွေနဲ့တိမ်တွေကငြိမ်ငြိမ်၊ အုံ့မှိုင်းနေတာကလွဲလို့ အိုက်စက်စက် ရာသီဥတုမှာ ကျနော်တို့လည်းငြိမ်ငြိမ်လေး စကားပြောနေကြတာ အကောင်းဆုံးကိုး။ဒီစကားဝိုင်းကို သူက " လူတွေဘာကြောင့် သတ်သေကြတာလဲ " ဆိုတဲ့ မေးခွန်းနဲ့ အစပြုခဲ့ခြင်းပါ။

"သတ်သေတဲ့သူတွေအများစုက တကယ်မသေချင်ကြဘူး။ သူတို့က အသက်ဆက်မရှင်ချင်ကြရုံပဲ တဲ့။တစ်နေ့က ငါ website တစ်ခုက ဆောင်းပါးတစ်ပုဒ်မှာ ဖတ်လိုက်မိတာ"

"ဘာကွာလို့လဲ အဲ့နှစ်ခုက " မျက်မှောင်ကြုံ့ရင်း သူက မေးလာတယ်။

"ကွာသပေါ့။လူဟာ ကိုယ့်ကိုယ်ကိုအချစ်ဆုံးတဲ့။ ကိုယ့်အသက်ကလေး ဆုံးရှုံးရမှာကို အရာအားလုံးထက် ကြောက်ကြတာချည်းပဲ။ မမြင်နိုင်တဲ့နေရာတစ်ခုမှာ အေးချမ်းမှုလေးရှိနေမယ်ဆိုတဲ့ စိတ်နဲ့ အချစ်ဆုံးဆိုတဲ့အရာကို သတ်ပစ်တယ်ဆိုတာ တော်တော်ကြောက်ဖို့ကောင်းတဲ့ အခြေအနေတစ်ခုပဲ။သူတို့ဘယ်သေချင်ကြပါ့မလဲ။ဒါပေမယ့် သူတို့စိတ်မှာ အသက်ဆက်ရှင်နေသရွေ့ မအေးချမ်းပါလားဆိုတာကြီး ရှိနေတော့လည်း သူတို့မှန်တယ်ထင်တဲ့လမ်းကို ရွေးလိုက်ကြတာပဲ "

သူက ငြိမ်ပြီးနားထောင်နေလို့ ကျနော်ပဲ ဆက်ပြောဖြစ်ပါတယ်။

"ငါစစချင်း သတ်သေတယ်ဆိုတာကိုတွေ့ဖူးတာ အသက်ကိုးနှစ်က။ငါတို့လမ်းနားမှာ မုန့်ဖတ်ရောင်းတဲ့ အိမ်တစ်အိမ်ရှိတယ်။အဲ့အိမ်မှာ အဘိုးကြီးတစ်ယောက်ရှိတယ်။ အဘိုးကြီးက ငယ်ငယ်က မိသားစုအပေါ် တော်တော်ကြီးဆိုးခဲ့လွန်းတော့ ခုကျွေးထားရတဲ့သားသမီးတွေက သူ့မိန်းမ(သူတိ့ုအမေ) သေတာနဲ့ အိမ်ပေါ်ကနှင်ချမယ်လို့ကို လုပ်နေတာ။တစ်ရက်တော့ ရုတ်တရက်ကြီး အဘိုးကြီးက ဇွဲကြိုးချသေသွားလေရဲ့။ငါက အကြောက်အလန့်မရှိ သူအိမ်နောက်ဖေးမှာ သေနေတာကိုသွားကြည့်ခဲ့တာ။တစ်လမ်းလုံး အထူးအဆန်းလိုလာကြည့်ကြတာဆိုပေမယ့် ခုထက်ထိ သူ့မျက်နှာကြီးမြင်ယောင်မိတုန်းပဲ။အဲ့တုန်းကတော့ သရဲကိုပဲ ကြောက်သလိုလိုနဲ့ ဆူဆိုက်ဆိုတာကို ကြောက်စရာပါလားလို့ထင်သွားတာပဲ"

"ဟင်။အေးလေ။ကြောက်စရာမဟုတ်လို့လား"

"ဆောရီး။ငါစကားပြောတာလောသွားတယ်။ အင်း ဆူဆိုက်က ကြောက်စရာလေ။ဒါပေမယ့် စိတ်ဓာတ်ကျနေတာက ပိုကြောက်ဖို့ကောင်းတယ်။ဆူဆိုက်အပါအဝင် အရာအားလုံးကိုတွန်းပို့နိုင်တာမို့။ငါပြောချင်တာ သိတယ်မှတ်လား။ ငါဆက်ပြောဦးမယ်။

ခုနက ငါပြောတဲ့အဘိုးကြီးကိုပဲ ကြည့်ကွာ။သူဘာလို့သတ်သေလဲဆိုရင် သားသမီးတွေမကြည်တဲ့အိမ်မှာ ဆင်းဆင်းရဲရဲနေရတာ စိတ်ညစ်လို့။ဒါပေမယ့် သားသမီးတွေက ဘာလို့မကြည်လဲဆိုတာကိုကြည့်ရင်လည်း သူဆိုးခဲ့လို့၊အားလုံးကအကြောင်းရှိလို့ အကျိုးဆက်ဖြစ်နေတာ။ ဥပမာနောက်တစ်ခု။ ကြွေးတွေပူလွန်းလို့ သတ်သေတဲ့သူ။သူဆိုရင်ရော ဒီအထိဖြစ်လာအောင် သူယူခဲ့တဲ့ကြွေးတွေက စိတ်ကိုဆွဲနှစ်သွားတာပဲ။ဆိုတော့ ခု သူတို့အကြောင်းမေ့လိုက်။သူတို့ဘာတွေလုပ်ခဲ့လုပ်ခဲ့ ငါ့ကိစ္စမဟုတ်ဖူး။ငါပြောချင်တာက စိတ်ဒဏ်ရာရဲ့အကျဉ်းအကျယ်အကြောင်းပဲ။

လူတိုင်းမှာ စိတ်ဒဏ်ရာရှိနေကြတာချည်းပဲကွာ။ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် အတိမ်အနက်မတူဘူး။ဘဝအတွေ့အကြုံနဲ့ ဖြတ်သန်းမှုအရလည်း အဲ့အတိမ်အနက်ပေါ် မြင်တဲ့အမြင်မတူဘူး။ ၁၄နှစ်အရွယ်ကောင်မလေးတစ်ယောက်ဟာ သူ့ဘဲက ပစ်သွားလို့ သတ်သေဖို့ကြိုးစားတယ်ဆိုပါတော့။ငါတို့ကို လာပြောရင် ငါတို့က အမလေး တကယ့် စောက်ရူးမလေးလို့ပြောမှာပေါ့။ဒါအသေအချာပဲ။အဲ ငါတို့အရွယ်လူတစ်ယောက် ကျောင်းစရ်ိတ်တွေမတက်နိုင်လို့ သတ်သေသွားတဲ့အကြောင်းကို လူကြီးတစ်ယောက်က မြင်ရင်လည်း မိုက်လိုက်တဲ့ကလေး၊ ဘဝမှာ တခြားကိစ္စတွေရှိပါသေးတယ်ကွ လို့ထင်မှာပဲရယ်။ အဲ့လိုပဲလေ။ ဒဏ်ရာရဲ့ အတိမ်အနက်တွေအကြောင်းကို ဘယ်ဆရာကြီးကမှ လိုက် judge မနေသင့်ဘူး။ကိုယ်ခံစားရတဲ့အကြောင်း ကိုယ်ပဲသိတာကိုး။ဆိုတော့ ကိုယ်ချင်းစာပေးသင့်တယ်။နားလည်စရာတွေ ပြောပြပေးသင့်တယ်။တစ်ယောက်ယောက်သိသိသာသာစိတ်ဓာတ်ကျနေပြီဆို ဆိုးဆိုးရွားရွားတွေ မလုပ်မိအောင် အတူရှိပေးသင့်တယ်"

သူက စာရေးစားပွဲကို တတောက်တောက်ခေါက်နေတယ်။ ပြီးမှ သူပြောတယ်။

"လူတွေဟာ သူတို့ရင်ဘတ်ကိုဖွင့်ထုတ်လိုက်ရင် ဘာဖြစ်သွားမလဲလို့ ဇာတ်ကောင်တစ်ကောင်ကမေးတယ်။နောက်တစ်ယောက်က ဖြေတယ်။ သူတို့ပိုကောင်းသွားတာပေါ့တဲ့။ ဘယ်ဝတ္ထုထဲကလဲတော့ မသိ။ ငါအဲ့စာသားကို သဘောကျတယ်ရယ်"

"အင်း။ဟုတ်တယ်။စိတ်ဓာတ်ကျတဲ့အချိန်မှာ စကားပြောဖို့လိုတယ်။တစ်ယောက်တည်းအချိန်တွေမှာ ညတွေကပိုမှောင်တယ်။နာရီသံကပိုကျယ်တယ်။အတွေးတွေက ပိုရျုပ်တယ်။တစ်ခုခုအရမ်းခံစားနေရပြီဆိုရင် တစ်ယောက်ယောက်ကို တိုင်ပင်သင့်တယ်။ ငါဆို တခုခုချရေးလိုက်တိုင်း အမြဲသက်သာသွားတတ်တယ်။ တိုင်ပင်တဲ့သူဆီက ဘာအကြံဥာဏ်မှမရရင်တောင် ပြောလိုက်ရတာနဲ့ပဲ နည်းနည်းလေးတော့ သက်သာသွားတယ်။Linking park သီချင်းစာသားရှိတယ်။ ငါတို့ကိုမသတ်နိုင်တဲ့အရာအားလုံးက ငါတို့ကိုသန်မာစေခဲ့တာပဲတဲ့။ကမ္ဘာကြီးမှာ မရောက်ဖူးသေးတဲ့နေရာတွေ၊ မစားဖူးသေးတဲ့ အစားအသောက်တွေနဲ့ မကြုံဖူးသေးတဲ့ပျော်စရာတွေက ငါတို့ဒီတောင်တွေကိုကျော်နိုင်ခဲ့ရင် ဆုလာဘ်အဖြစ်စောင့်နေကြမှာ။ဘဝရှိနေသရွေ့ အားလုံးဖြစ်နိုင်သေးတယ်။ While there's life , there's hope ။ဘဝရှိနေသရွေ့ မျှော်လင့်ချက်လေးတွေ ကြယ်တွေလိုလင်းနေနိုင်ပါတယ်။

တကယ်တော့ တစ်ယောက်ယောက်က ငါတစ်နေရာရာကိုထွက်သွားချင်နေပြီ။ငါသေပလိုက်ချင်နေပြီလို့ပြောလာတာဟာ အတန်းရှင်းယူနေတာမဟုတ်ဘူးရယ်။အဲ ဒီကိစ္စနဲ့မှ အတန်းရှင်းယူနေရတယ်ဆိုရင်လည်း သူ့ဘဝကဘယ်လောက်အထီးကျန်ပြီး အဖက်လုပ်မခံနေရလည်း ဆိုတာတွေးကြည့်လို့ရပါတယ်။သူတို့က သူတို့အသက်ဗူးလေးကိုကိုင်ပြီး ငါဒါကိုပစ်ချလိုက်မှာနော်၊ ငါလုပ်လိုက်မှာနော်လို့ ခြိမ်းခြောက်ချင်တာမဟုတ်ပါဘူး။ငါ့ကို ဒီစိတ်ဒုက္ခတွေထဲက တတ်နိုင်သလောက်ဆွဲထုတ်ပေးကြပါလို့ ပြောချင်ကြတာ။ဒါမှမဟုတ်လည်း စိတ်သက်သာစေမယ့် ဂါထာလို့ သဘောထားပြီး ရွတ်ဖတ်နေခဲ့ကြတာ။သူတို့ရဲ့ အော်သံတွေဖြစ်နေမှန်း သူတို့ကိုယ်တိုင်တောင် သိချင်မှသိမယ်။ကြောက်စရာအော်သံတွေပဲ။

ဆူဆိုက်နဲ့ပတ်သတ်လို့ သရုပ်ဖော်ပုံတစ်ပုံတွေ့ဖူးတယ်။ သတ်သေခါနီးလူတစ်ယောက်က ကြိုးကွင်းရှေ့မတ်တပ်ရပ်နေတယ်။ ကြိုးကွင်းအပြင်ဘက်နေရာအားလုံးက မှောင်မဲလို့။ကြိုးကွင်းကနေ သူမြင်နေရတာကကျ မြက်ခင်းစိမ်းလေးရယ်၊ အိမ်လေးတစ်လုံးရယ်၊ ယုန်လေးတစ်ကောင်ရယ်တဲ့။ သူတို့လိုချင်တာက ဒါပါပဲ။ငြိမ်းချမ်းသော နေရာတစ်ခု။အဲ့ဒီနေရာကို ဒီလိုလုပ်မှပဲ ရတော့မယ်လို့ သူတို့ထင်နေခဲ့ကြတာ။တခြားနည်းလမ်းတွေရှိကြောင်းလည်း ပြောပြမယ့်သူမရှိခဲ့ကြလို့လားပေါ့လေ။ တကယ်လို့ အရမ်းစိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ကို နင်က စောက်ပိုလို့ထင်နေခဲ့ရင်တောင် ဘာမှမပြောပါနဲ့။ရှောင်နေလိုက်ပါ။ရေနစ်သူဝါးကူထိုးတာ လူမဆန်ဘူးလေ။ "

"ဆူဆိုက်ဆိုတာ ဘဝကိုအရှုံးပေးတာလား။ဘဝကိုအနိုင်ပိုင်းတာလား"

"အနိုင်ပိုင်းတယ်ဆိုတာ ဘဝမှာ တခုခုနိင်နေခဲ့မှရမှာ။အနိုင်ဆိုတာကရော ဘလိုသတ်မှတ်တာတဲ့လဲ။ ပရိသတ်သန်းချီရှိတဲ့အဆိုတော်တယောက်က သတ်သေသွားခဲ့ရင် အနိုင်ပိုင်းတယ်လို့ပြောမလား။ဟင့်အင်း အဲ့လိုပြောလို့မရဘူး။သူသတ်သေရတာဟာ ငယ်ငယ်ကရခဲ့တဲ့ ရှက်စရာကြောက်စရာ စိတ်ဒဏ်ရာကြီးက သူ့ကိုအရိပ်လို လိုက်နေလို့လည်း ဖြစ်နိုင်တာပဲလေ။တခြားအရာတွေ၊မိသားစုတွေရှိသေးတာပဲလို့လည်း ပြောလို့မရ။စိတ်ဓာတ်ကျနေသူတွေဟာ စာရွက်ပေါ်က အမဲစက်လေးကိုပဲ မြင်တတ်ကြသူတွေပဲ။သူတို့ရဲ့အမဲစက်ဟာ အမဲရောင်အရိပ်ကြီးတစ်ခုလိုဖြစ်နေခဲ့ကြတာ။ ငါတို့ကိုယ်ချင်းစာပေးနိုင်ဖို့လိုတယ်။သူဟာ ရုပ်ရှင်တွေထဲမှာ မပြောရင်သတ်ပစ်မယ်လို့ခြိမ်းခြောက်ခံနေရတဲ့သူတစ်ယောက်လို မမြင်ရတဲ့စိတ်ဒုက္ခတွေက သူ့ကိုသေအောင်ခြိမ်းခြောက်နေခဲ့ကြတာရယ်။ဆူဆိုက်ဟာ အရှုံးရော အနိုင်ရောမဟုတ်ပါဘူး။ခိုကိုးရာမဲ့နေတယ်လို့ ခံစားနေရတဲ့လူတစ်ယောက် သူ့အသက်ဘူးလေးကို လွှတ်ချပြီး လူအဖြစ်ကနေ ကြောက်လန့်တကြား ငိုကြွေးပြေးထွက်သွားခြင်းမျိုးပါ။"

နှစ်ယောက်လုံးစကားသံတွေတိတ်ဆိတ်။
လေတွေငြိမ်နေတုန်းပဲ။ကျနော်တို့စကားပြောနေတုန်း ဘယ်နှစ်ယောက်များ ဆူဆိုက်နေကြမလဲ စဉ်းစားနေမိခဲ့တယ်။

#HelpSuicidalThoughts #HelpYourHomies

-ဆပ်ရိပ်
၂၁.၅.၁၉


Comments

  1. Social Media ကနေ ပျောက်ပျောက်မထွက်သွားပါနဲ့ . ရင်ထဲသို့ စာလေးတွေ ဆက်ရေးပေးပါဦး

    ReplyDelete

Post a Comment