Conversation (J)
"တစ်ခါတစ်လေတော့လည်း ငါတို့က ဒီမိသားစုလေး၊အသိုက်အဝန်းလေးကို ထာဝရတည်မြဲနေမယ်လို့ ရူးရူးမိုက်မိုက်ယုံကြည်ချင်နေကြတယ်မှတ်လား"
သူ့စကားသံကြောင့် တိတ်ဆိတ်နေတဲ့ညနေခင်းက ပြန်အသက်ဝင်လာခဲ့တယ်။ ပြည်လမ်းကားဂိတ်မှာ အိမ်ပြန်မယ့်သူတွေ တန်းစီနေတယ်။
"အင်း စကားကြီးစကားကျယ်ပြောတာတော့ မဟုတ်ဘူး၊ မမြဲခြင်းတရားက တကယ်မေ့နေတတ်တဲ့အရာပဲ။ငါတို့ဆီကို ဘာဆုံးရှုံးစရာမှ ရောက်မလာတော့ပဲ အခုပျော်နေရတာတွေဟာ တည်မြဲနေမယ်လို့ ထင်နေတဲ့အချိန်တွေနဲ့"
"နင့်ဘဝမှာ ရနေသမျှထဲ နင့်အတွက် တန်ဖိုးအကြီးဆုံးရယ်လို့ရှိလားဟင်"
"အဲ့လိုကြီး တန်ကြေးသတ်မှတ်လို့တော့လည်း မရဘူးပေါ့။ရခဲ့သမျှက ကောင်းတာဆိုရင်လည်း ပျော်ရွှင်မှုတန်ဖိုးကြီးသလို မကောင်းတာဆိုရင်လည်း အတွေ့အကြုံတန်ဖိုးကြီးတာပဲကို"
"မဟုတ်ဘူးလေ။ငါမေးတာက အရာဝတ္ထုတစ်ခုခုကိုပြောတာ။"
"အော်"
ရုတ်တရက်ဆိုတော့ ဘာဖြေရမှန်းမသိလို့ ကျနော်ငြိမ်သွားတယ်။ခဏနေမှ ဖြေမိတယ်။
"အိမ်"
"အိမ်?"
"အင်းလေ။ နင့်မေးခွန်းကို ငါ့တစ်ဦးတည်းသဘောအရ ဖြေရမယ်ဆို အိမ်ပေါ့။ တစ်ခြားသူတွေကလည်း တစ်ခြားတစ်ခုခုဖြေရင်ဖြေမှာပေါ့ "
"ဘာလို့ အိမ်ကို ဖြေတာလဲ"
"အင်း..."
ကျနော်ဖြေဖို့စကားလုံး ရွေးနေတုန်း သူက ဆေးလိပ်တစ်လ်ိပ်ထုတ်သောက်နေတယ်။ကျနော်ပြောတာကိုလည်း နားစွင့်နေတဲ့ပုံ။
"ငါကတော့ လူဖြစ်ရုံတစ်ခုတည်းနဲ့တင် ဘဝကိုတန်ဖိုးကြီးတယ်လို့ မထင်ချင်သေးဘူး။မိဘကိုလည်း ကျေးဇူးရှင်ကြီးလို့ မသတ်မှတ်ချင်သေးဘူး။ ကလေးတစ်ယောက်မွေးလာတယ်ဆိုတာ လူယောကျာ်းနဲ့လူမိန်းမ ပေါင်းစပ်ကြတယ်။ကလေးက ရွေးချယ်ခွင့်မရှိပဲ လူဖြစ်လာရတယ်။ဒီထိက သဘာဝတပိုင်း။ အဲ့ဒီနောက်ပိုင်းမှာမှ မေတ္တာတရားနဲ့ ချစ်ခြင်းမေတ္တာရဲ့ အကန့်တွေပါလာတယ်။အဲ့နေရာမှာမှ ကျေးဇူးလို့ သဘောထားရမယ့် အရာတွေပါဝင်လာတာပဲလေ
လူတိုင်း လူရယ်လို့ဖြစ်လာနိုင်ကြတယ်။လူတိုင်းတော့ အိမ်ဆိုတဲ့ နေရာလေးကို မရနိုင်ကြတာ မိသားစုဆိုတာလေးကို မရနိုင်ကြတာ စ်ိတ်မကောင်းစရာပါ။ လူသားတိုင်း မိသားစုနဲ့ထိုက်တန်တယ်လို့တော့ ငါထင်တာပဲ။
ငါ့အထင်တော့ ငါတို့ရဲ့ကလေးဘဝဟာ လွမ်းစရာကောင်းခဲ့ရင် ငါတို့ဘဝက တစိတ်တပိုင်းတန်ဖိုးကြီးနေပီရယ်။အိမ်ကိုလည်း နည်းနည်းပဲဖြစ်ဖြစ် ကျေးဇူးတင်သင့်ပီ
ကလေးဘဝ လွမ်းစရာကောင်းဖို့ဆိုတာ တကယ်တော့မလွယ်ဘူး။ကစားရတဲ့အချိန်တွေ၊ အဖြူအစိမ်းလေးဝတ်ပြီး ကျောင်းသွားရတဲ့အချိန်တွေ၊ အဖေပေးတဲ့မုန့်ဖိုးနဲ့ အမေပေးတဲ့ထမင်းချိုင့်လေးကိုင်ပြီး ကတ္တရာလမ်းပေါ်က ဗွက်အိုင်တွေကို ခုန်သွားရတဲ့အချိန်တွေ.. ။ငါတို့တွေက စားပွဲထိုးကလေးတွေမဖြစ်ခဲ့ကြဘူးလေ။ငါတို့ကလေးဘဝက ကျေနပ်စရာပာပဲ။ နင်ရော နင့်မိသားစုအကြောင်း အမှတ်တရရှိမှာပေါ့"
"အဟား။အများကြီးပဲ။ငါက ဖအေတူသမီးလို့ ဝိုင်းပြောကြလွန်းလို့လားမသိ။အဖေနဲ့ ပိုရင်းနှီးတယ်။ ငါ၄နှစ်သမီး စကားသင်ကာစကကွာ။ငါ့အဖေနဲ့ ငါနဲ့ အင်းစိန်တံတားကြီးပေါ်ကနေ ပြန်လာကြတယ်။ ငါက ပြန်ရတာ ညောင်းလာပြီ။အဖေက ငါ့ကိုဆိုက်ကားစီးမလားတဲ့။ ငါက ဟင့်အင်းပဲ။ဆိုက်ကားဆိုတာကြီး ငါမြင်ဖူးနေတော့ အသစ်အဆန်းတစ်ခုခုနဲ့သွားချင်နေတာကိုး။အဲ့မှာအဖေက ကုန်းကြောင်း သွားမလားတဲ့။ ငါက ကုန်းကြောင်းကို လမ်းလျှောက်တာမှန်းမသိဘူး။ အိမ်သာရောက်သွားတယ်၊ ငါ့စိတ်ကူးထဲက ကုန်းကြောင်းဆိုတဲ့ ယာဉ်အသစ်ကြီး ရောက်မလာဘူး။ငါ့အဖေကတော့ ရီနေခဲ့တယ်"
သူ့စကားကြောင့် ကျနော်ပြုံးမိပါတယ်။ကျနော့်တို့မှာလည်း အ်ိမ်နဲ့အမှတ်တရတွေ အများကြီးပါပဲလေ။ကျနော်စကားပြန်စဖြစ်တယ်။
"နင်သိလား။အိမ်ဆိုတာ သံတွေ၊သွပ်တွေ၊ကွန်ကရစ်တွေနဲ့ ဆောက်ထားတိုင်း အိမ်မဖြစ်ဘူး။ အဲ့အဆောက်အဦးကြီးသက်သက်နဲ့ အိမ်လို့ ငါကတော့ မသတ်မှတ်ဘူး။ ဓိရာမိုရ်ရဲ့ အိမ်သီချင်းထဲက စာသားလေးပဲ သတိရတယ်။ နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အ်ိမ် တဲ့။ ဆင်းရဲချမ်းသာ ဘလိုနေနေ နှလုံးသားတွေနွေးထွေးနေရင် အိမ်ဟာ အိမ်ပဲလေနော်။တစ်ခုရှိတာက ငါတို့ဟာ ဘဝတစ်ခုရခဲ့ကြပြီ။ လူအဖြစ်ကို ရခဲ့ကြပြီ။မိသားစုရယ်လို့ ခံစားဖူးခဲ့ကြပြီ အသက်တွေလည်း တဖြည်းဖြည်းကြီးလာကြပြီ။ ငါတို့ခုရနေတဲ့အရာတွေက ဆုံးရှုံးရဦးမှာပဲရယ်။တွေ့ဖြစ်ဦးမယ်ထင်နေတဲ့ ငါတို့အထက်တန်းကျောင်းက သူငယ်ချင်းဘနှယောက်များ ငါတို့ခုသိနေကြသေးလို့လဲ။
"အဲ့ဒါကတော့ ကြောက်ဖို့ကောင်းတဲ့အပိုင်းဖြစ်သွားပြီ"
"ငါတစ်ခါဖတ်ဖူးတယ်။လူကြီးဖြစ်ခဲ့ပြီလို့ ကိုယ့်ကိုယ်ကိုသိတဲ့အချိန်ဟာ နင်အိပ်ယာနိုးလာမယ်။နှုတ်ဆက်စရာ နင့်အဖေနဲ့အမေမရှိတော့ဘူး။နင့် achievement တွေကို ဝမ်းသာအားရ နားထောင်ပေးမယ့် အဖေမရှိတော့ဘူး။မနက်စာကိုယ့်ဘာသာပြင်။နင်ဂျီကျစရာ ဘယ်သူမှမရှိ။အလုပ်က ပင်ပန်းတကြီး ပြန်လာတဲ့ရက်တွေမှာ နင်ဟာ နင်ရခဲ့ဖူးတဲ့ မိသားစုအကြောင်းကို aww.. It was beautiful လို့ တွေးနေတာပဲ တတ်နိုင်တော့မယ်။
ခြောက်ကပ်နေတဲ့အိမ်မှာ ဘဝရဲ့မကုန်တဲ့အရှုပ်တွေကို ရှင်းဖို့ တစ်ယောက်တည်းရင်ပူနေရတဲ့နေ့တွေဟာ နင်လူကြီးဖြစ်နေမှန်းသိမယ့်အချိန်ပဲတဲ့။ဘော်ဒါတွေတော့ ရှိမှာပေါ့ဟာ။ငါဆိုလိုတာက ဒီမိသားစုအသိုက်အဝန်းလေးနဲ့ ပတ်သတ်တာကိုပဲပြောချင်တာပါ"
"တော်တော် ဖရိုဖရဲနိုင်မှာပဲနော်။ အားကိုးစရာ မိသားစုရှိနေတာက ဂိမ်းထဲမှာ နှစ်သက်ရှိနေသလိုပဲရယ်"
"အဆင်တော့ပြေသွားကြတာပါပဲလေ။ငါကတော့ နောက်အနှစ်သုံးဆယ်၊ဒါမှမဟုတ်လည်း လေးဆယ်။ငါ့မိဘတွေ မရှိတော့ရင် ငါဘယ်လိုဘဝမှာနေထိုင်ပြီး သူတို့ကိုဘယ်လိုသတိရနေမိမလဲ တစ်ခါတစ်လေစဉ်းစားမိပါတယ်"
သူက သက်ပြင်းချတယ်။မြက်ခင်းပြင်ပေါ် လှဲချလိုက်တယ်။မှုန်မှိုင်းနေတဲ့မျက်ဝန်းတွေဟာ ရီဝေဝေညနေဆည်းဆာကို ငေးလို့နေတယ်။
"ငါတို့ ဘာလုပ်နိုင်မလဲဟင်။"
"ဆုံးရှုံးတာကတော့ ဆုံးရှုံးရမှာပဲလေ။ ခွဲခွာတဲ့အချိန်မှာ နောင်တတွေအစား ချစ်ခြင်းမေတ္တာတွေ ပြည့်နေဖို့ကတော့ ငါတို့လုပ်နိုင်မယ်ထင်တယ်။မိသားစုတွေအချင်းချင်း ခွာတွေပြဲပြီး သေခါနီးမှ တွေ့ချင်ကြတာတွေ ကြားရင် စိတ်မကောင်းဘူးရယ်။ကတောက်ကဆ၊အမြင်မတူတာတွေတော့ မိသားစုတိုင်းရှိကြမှာပဲကို။ မမုန်းကြသရွေ့တော့ ချစ်နေနိုင်ကြဦးမှာပဲဟာ။နောင်ဘဝရှိခဲ့ရင်
ဘဝက ဘဝတိုင်းရရင်ရမယ်။မိသားစုကတော့ ဘဝတိုင်းရချင်မှရမယ်။ရနေတော့ တန်ဖိုးထားသင့်ပါတယ်။ သံသရာတကွေ့မှာ ပြန်တွေ့ရင် အဖေတို့သားပဲ ဖြစ်ချင်ပါတယ်ဆိုတဲ့ဆုတောင်းမျိူးပဲ နောက်အနှစ်လေးငားဆယ်မှာ တောင်းနေမိတဲ့အထိ ငါကတော့ မိသားစုကို ချစ်နေခဲ့ချင်ပါသေးတယ်။"
"ပြန်စရာ အိမ်ရှိတာဟာ ပျော်စရာဘဝပါပဲ။ ငါတို့ဟာ ဘယ်ချိန်ထိပျံရမယ်မသိတဲ့ ငှက်ကလေးတွေပါ..."
ကားဂိတ်မှာ ဝါကျင့်ကျင့်မီးရောင်တွေ စလင်းလာခဲ့တယ်။ ကြော်ငြာဘုတ်တွေဟာ ကျနော်တို့နဲ့အတူ ငြိမ်သက်လို့။
-ဆပ်ရိပ်
17.5.2019
Comments
Post a Comment