Conversation (I)


"လူတွေရဲ့ ပုံသဏ္ဍာန်အမှန်ကို ဘယ်အချိန်မှာ မြင်ရမလဲ"

၀ရန်တာကနေကြည့်လိုက်ရင် အောက်ဘက်လမ်းပေါ်မှာသွားနေတဲ့သူတွေကို မြင်နေရတယ်။ရွာလုဆဲဆဲကောင်းကင်တစ်ခုလုံးလည်း ညိုညစ်နေတဲ့အရောင်နဲ့ တစ်ချို့တိမ်တွေနားမှာတော့ နေရောင်လက်ကျန်ကြောင့် အလင်းနည်းနည်းမြင်နေရတယ်။၀ရန်တာလက်ရန်းတွေပေါ် လက်တွေတင်ထားရင်း သူက ကျနော့်ကိုမေးတယ်။သူ့မျက်လုံးတွေကတော့ ကျနော့်ကိုမကြည့်ဘူး။လမ်းပေါ်ကလူတွေဆီရောက်နေခဲ့တယ်။

"ပုံသဏ္ဍာန်အမှန်ဆိုတာ nude ဖြစ်သွားတာကို ပြောတာလား "

"နင် သောက်ပေါက်ကရပြောပြန်ပြီ။"

 "လူတွေမှာ ပုံသဏ္ဍာန်ဆိုတာမျိုးရှိရဲ့လား ငါတော့မသေချာဘူး။ပုံစံဆိုတာမျိုးတော့ ရှိမယ်ထင်တယ်။"

"ငါနားမလည်ဘူး"

"အင်း။ငါပြောပြမှာပါ" 

ကျနော်စကားပြောနေတုန်း မိုးဖွဲဖွဲရွာကျလာခဲ့တယ်။မတိုင်ပင်ထားပေမယ့် ကျနော်တို့နှစ်ယောက်လုံး ၀ရန်တာကနေ ခွာဖို့မစဉ်းစားခဲ့ကြဘူး။နေမြဲအတိုင်းပဲ စကားဆက်ပြောနေခဲ့ကြတယ်။

"လူတွေအားလုံးရဲ့ ငါတို့ခုမြင်နေရတဲ့ပုံစံတွေဟာ ပုံစံအစစ်ဖြစ်မယ်လို့ မဆိုလိုဘူး။ပုံစံအားလုံးဖြစ်မယ်လို့လည်းမဆိုလိုဘူး။3D လေးထောင့်တုံးတစ်ခုလိုမျိုးပေါ့။သူတို့ပြချင်တဲ့တစ်ဖက်ကိုပဲ ငါတို့မြင်ရတာ။သူတို့ပြတဲ့ မျက်နှာပြင်ကိုပဲ မြင်ရတာ။တစ်ခြားသော မျက်နှာပြင်တစ်ဖက်ဆီမှာ သူတို့ရဲ့ Dark Side ရှိမယ်၊ နောက်မျက်နှာပြင်တစ်ခုမှာ စိတ်အားငယ်နေတဲ့ ပုံစံတစ်ခုရှိမယ်၊ နောက်မျက်နှာပြင်မှာကျ တစ်ဖက်သားပေါ်ယုတ်မာနေတဲ့ပုံစံတစ်ခုရှိမယ်။နောက်တစ်ဖက်မှာကျ ကောင်းမှုကုသိုလ်တွေလုပ်နေတဲ့ ပုံစံရှိမယ် စသဖြင့်ကွာ။လူတိုင်းဒီလိုမျက်နှာပြင်တွေရှိမယ်လို့ ငါဆိုလိုတာမဟုတ်ဘူး။လူတိုင်းမှာ ငါတို့မမြင်ရတဲ့ ပုံစံတွေရှိနေမယ်လို့ ဥပမာပေးချင်တာ။ငါပြောတာ နားလည်တယ်မှတ်လား"

" အင်း...။ပြီးတော့ရော"

"ဆိုတော့ လူတစ်ယောက်နဲ့ နင်ကပတ်သတ်ရပြီဆိုပါစို့။သူက စကားပြောကောင်းတယ်။မျက်နှာလေးကို ချိုနေရောပဲ။ခွေးလေးတွေကိုလည်း တအားချစ်တာ။ငါတော့အထင်ကြီးသွားပြီ ဒါမျိုးဆိုရင် အဲ့ဒါ နင်က သူပြတဲ့ မျက်နှာပြင်ဖက်ကိုပဲ ကြည့်ပြီး ဆုံးဖြတ်လိုက်တာ။လူတွေကိုကြင်နာတတ်တယ်လို့ နင်လေးစားနေတဲ့ဘဲကြီးက အနားကအသိမိန်းကလေးတွေကို မထိတထိလုပ်တယ်တဲ့အကျင့်ရှိနေတာမျိုး၊ နင်တအားကြည်ငြိုနေတဲ့ ဦးဇင်းတစ်ပါးက ကျောင်းကကိုရင်တွေကို ခိုင်းစေရိုက်နှက်နေတာမျိုး။စိတ်တအားနူးညံ့တယ်ဆိုတဲ့ ကောင်မလေးက စိတ်ဆိုးလာရင် လူစိတ်ပျောက်နေတတ်တာမျိုး။ဒါကဥပမာပေးတာပါပဲ၊။ဘယ်သူတွေဘယ်လိုနေတယ်ဆိုတာက ငါ့ကိစ္စမဟုတ်ဘူး။မသင့်တော်ဘူးလို့  ကမ္ဘာကြီးကထင်လာရင် တရားကပဲ ဆုံးဖြတ်ပေးလိမ့်မယ်။ငါပြောချင်တာက နင့်ရဲ့ လူတွေအပေါ်အမြင်ဟာသူတို့နင့်ကို ပေးသိတဲ့ ဘက်ခြမ်းနဲ့ပဲ သိထားရသေးတယ်ဆိုတာပဲ။
တကယ်တမ်းမှာ အဲ့လောက်မရိုးရှင်းဘူး။အရမ်းလည်း မရှုပ်ထွေးပါဘူး။

ဆိုတော့ လူတစ်ယောက်ယောက်ကို ဘက်ခြမ်းတစ်ခုတည်းကြည့်ပြီးတော့အဲလို တစ်ယောက်ယောက်အပေါ် အထင်ကြီးမှုဖြစ်ဖြစ်၊ ယုံကြည်ကိုးစားမှုဖြစ်ဖြစ် ၊အချစ်ဖြစ်ဖြစ် ဖြစ်သွားခဲ့ပြီဆိုရင်...။နောက်ဆက်တွဲအနေနဲ့ တခြားသောမျက်နှာပြင်တွေကိုသိလာရင်တောင် ငါတို့က မမှုတော့ဘူး။လျှော်ပေးလိုက်တဲ့သဘော၊နားလည်ပေးလိုက်တဲ့ သဘောတွေပါလာတယ်။သည်းခံပေးတဲ့သဘောတွေပါလာတယ်။အဲ့အချိန်မှ နင်ကလွဲပီး တလောကလုံးက အဲ့လူကိုလူကောင်းသက်သက်လို့ထင်နေကြတုန်းပဲ။ဒီလိုနဲ့ ဟန်ဆောင်နေတဲ့ ကမ္ဘာကြီးတစ်ခုဖြစ်လာတယ်လို့ ဆိုရမယ်"

မိုးက ပိုသည်းလာခဲ့တယ်။၀ရန်တာထောင့်က ထီးကိုယူပြီး ဖွင့်ဆောင်းလိုက်ကြတယ်။အခန်းထဲမ၀င်ပဲ ၀ရန်တာမှာ ထီးနဲ့ အတူရပ်နေတာ ကြောင်တော့ကြောင်ပါတယ်။ဒါပေမယ့် ပြသနာမရှိပါဘူး။ဒါက ကျနော်တို့ရဲ့ ဘက်ခြမ်းတစ်ခုပဲ။စကားဝိုင်းကိုကျနော်ပဲ ဆက်ပြောဖြစ်ပါတယ်။

"ဆိုတော့ လူတွေရဲ့ ပုံစံအမှန်ကို ဘယ်ချိန်သိရသလဲဆိုရင် အစွန်းနှစ်ဖက်နဲ့ကြုံရရင်လို့ ငါထင်တယ်။အောင်မြင်လွန်းရင်ဆိုတော့ စကားလုံးကြီးတော့ မသုံးချင်ဘူး။အရမ်းသာယာတာတွေရလွန်းနေရင် ၊ အာဏာဖြစ်ဖြစ် စည်းစိမ်ချမ်းသာဖြစ်ဖြစ် ရပြီး ဘာကိုမှ မှုစရာမရှိတော့ရင် ပုံစံအမှန်ကိုတွေ့ရမှာပဲ။"

"အဲ့ဒါမျိုးက ပြောင်းလဲသွားတာ မဟုတ်ဘူးလား"

"အဲ့လိုလည်း ယူဆချင်ယူဆလို့ရပါတယ်။ဒါပေမယ့် ငါဖတ်ဖူးတဲ့ စာတစ်ပုဒ်အတိုင်းပဲ။သူတို့က ပြောင်းလဲသွားတာမဟုတ်ပဲ အခြေအနေတစ်ခုရောက်မှ မျက်နှာဖုံးတွေကွာကျသွားကြတာလည်း ဖြစ်နိုင်တာပဲလေ။ပြောင်းလဲတာမဟုတ်ပဲ အမှန်အတိုင်းခုမှမြင်ရတော့တယ်ဆိုတာမျိုးပေါ့။သူတို့ဘယ်လိုမှဆက်ဟန်မဆောင်နိုင်တော့တဲ့အခါပေါ့။သူတို့ကိုယ်သူတို့ဟန်ဆောင်နေမိမှန်းတောင် သိချင်မှသိကြမှာ"

"အင်း။ခဏလေး။ငါဆေးလိပ်သောက်ချင်လာလို့"

တော်တော်ကို ကိုးလို့ကန့်လန့်နိုင်တဲ့အပြုအမူပါ။မိုးတွေက၇ွာနေတယ်။ကျနော်တို့က အထဲမ၀င်ပဲ ၀ရန်တာမှာ ထီးတစ်ချောင်းနဲ့ တူတူရပ်နေတယ်။သူက ဆေးလိပ်ကိုမီးညှိနေသေးတယ်။။ရေစက်တွေက ကျနော်တို့မျက်နှာကို လာရောက်ထိခတ်လို့။သူတဖွာရှိုက်ပြီးမှ ကျနော်ဆက်ပြောဖြစ်တယ်။

"နောက်ထပ်အစွန်းတစ်ဖက်ကတော့ ဒုက္ခ၊ဆင်းရဲခြင်းအစွန်းပဲ။ ဒီအချိန်မှာလည်း လူတွေရဲ့ပုံစံအမှန်ကိုမြင်ရမယ်လို့ငါထင်တယ်။ The Dark Knight ဆိုတဲ့ ရုပ်ရှင်ကားထဲက ဇာတ်၀င်ခန်းတစ်ခုမှာ Joker က Batman ကို ပြောခဲ့တဲ့ ဒိုင်ယာလော့တွေကို ငါပြောပြမယ်။သူပြောတာမှန်တယ်မှားတယ်ဆိုတာထက် သူ့အမြင်ကို ငါကိုကသဘောကျနေရုံသက်သက်ပဲမို့။သူပြောခဲ့တာက ဒီလို 

လူတွေအတွက်တော့ မင်းလည်း သောက်ရူးပါပဲ။ငါ့ကိုသူတို့မြင်ကြသလိုပဲပေါ့။ခု သူတို့မင်းကိုလိုနေသေးတယ်။ဒါပေမယ့်..။ မလိုတော့တဲ့တစ်နေ့မှာ သူတို့က မင်းကို လူနာကောင်လိုစွန့်ပစ်ကြမှာပဲ။တွေ့လား။ သူတို့ပြောနေတဲ့ ကိုယ်ကျင့်တရားဆိုတာတွေဘာတွေက မရီရတဲ့ပြက်လုံးကြီးသက်သက်ပဲ။ဒုက္ခရောက်ကြလေ ဒါတွေပိုသိသာလေ။သူတို့ ကောင်းကြတယ်ဆိုတာ ကမ္ဘာကြီးက သူတို့အပေါ်ခွင့်ပြုထားသလောက်လေးပဲ ရှိတာ။ဒုက္ခဆိုတဲ့ မိုးရေစက်လေးတွေ တဖွဲဖွဲကျလာတာနဲ့ ယဉ်ကျေးလှပါချည်ရဲ့ဆိုတဲ့ ဟောဒီလူ့အဖွဲ့အစည်းကြီးဟာ အချင်းချင်းကုတ်ဖဲ့စားသောက်ကြတော့မှာ။ငါက မကောင်းဆိုးဝါးမဟုတ်ပါဘူး။သူတို့နဲ့ မတူရုံပါပဲ တဲ့"

" ဒီတော့ နင်က ဒီလူ့အဖွဲ့အစည်းကြီးက စိတ်ပျက်စရာချည်းပဲလို့ပြောချင်တာလား။"

"အဲ့လိုလည်း တသမတ်တည်းမဟုတ်ပါဘူး။ကောင်းကွက်တွေရှိလို့လည်း နှစ်သန်းပေါင်းများစွာ လူသားမျိုးနွယ်ကြီးတည်မြဲနေသေးတာပေါ့။ငါက နင့်မေးခွန်းကိုဖြေချင်ရုံ သက်သက်ပါ"

သူက သောက်လတ်စဆေးလိပ်ကို ပစ်ချလိုက်တယ်။ရေတွေရွှဲနေတဲ့သံမံတလင်းကြမ်းပြင်မှာ ဆေးလိပ်မီးဟာ ခဏအတွင်းငြိမ်းသွားတယ်။ရေစိုသွားတဲ့ ဆေးလိပ်ကို သူက ခြေထောက်နဲ့ဖိလိုက်သေးတယ်။ ပြီးမှ ငါကော်ဖီသွားဖျော်လိုက်ဦးမယ်တဲ့။ကျနော်တစ်ယောက်တည်း ၀ရန်တာမှာ ကျန်ခဲ့တယ်။သူ့ကိုပြောပြခဲ့တဲ့ Joker ရဲ့စကားတွေ စိတ်ထဲစွဲနေတုန်းပဲ။

-ဆပ်ရိပ်
၁၀.၅.၂၀၁၉


Comments