Conversation (H)
"ဘဝမှာ အရေးအကြီးဆုံးက ဘာလို့ထင်လဲ"
"နင့်မေးခွန်းကြီးက အရမ်းမနက်လွန်းဘူးလား။ဘယ်ကစဖြေရမလဲတောင် ငါမသိဘူး"
"နင့်စိတ်ထဲရှိတာပဲ ဖြေပါ။ပေါ့ပေါ့ပါးပါးဖြစ်ဖြစ် လေးလေးနက်နက်ဖြစ်ဖြစ်"
"ဘဝမှာ အရေးအကြီးဆုံးတော့ ညနေတိုင်းဘီယာသောက်နိုင်ဖို့ပဲ"
ရယ်ကျဲကျဲနဲ့ စကားဆုံးတော့ သူကျနော့်ကို မျက်မှောင်ကျ ုပ်ပြီး ကြည့်နေတယ်။ချက်ချင်းနပန်းထလုံးတော့မယ့် ပုံစံမျိုးနဲ့။
ကျနော် မျက်နှာပိုးသတ်လိုက်ပါတယ်။
"ကိုယ့်အဓိပ္ပါယ်နဲ့ကို ရှင်သန်တတ်ဖို့"
"ကိုယ့်အဓိပ္ပါယ်နဲ့ကို ရှင်သန်တတ်ဖို့..." ကျနော့်စကားကို သူကလိုက်ရွတ်တယ်။ပြီးတေ့ာ အဲ့ဒါဘယ်လိုမျိုးလဲလို့ ဆက်မေးတယ်။
"အင်း။အဆိုအမိန့်တွေ၊ခံယူချက်တွေ၊အလုပ်အကိုင်တွေ၊ အောင်မြင်တယ်ဆိုသူတွေ၊အရှုံးသမားလို့သတ်မှတ်ခံရတဲ့သူတွေနဲ့ စိတ်ရှုပ်စရာကောင်းလောက်အောင် ရောထွေး ပြွမ်းတီးနေတဲ့ကမ္ဘာကြီးမှာ ကိုယ့်အဓိပ္ပါယ်နဲ့ကို အဆင်ပြေအောင်နေထိုင်တတ်ဖို့ပဲလုိ့ ငါထင်တယ်"
"အမှန်ပြောရရင် ဒါက လွယ်တော့မလွယ်ဘူးကွာ။လူရယ်လို့စမွေးလာတည်းက ဘယ်လိုလူကြီးဖြစ်ရမယ်၊ဘယ်လိုအောင်မြင်ကြီးပွားရမယ်ဆိုတဲ့ ပြိုင်ကွင်းထဲကို အလိုလိုရောက်သွားသလိုပဲ။ ကိုယ်ဝါသနာပါရာ ကိုယ်လုပ်ပါတို့ အိပ်မက်နောက်ကိုလိုက်ပါတိုိ့့ဆိုတာတွေက ကြားရတာလွယ်ပေမယ့် လုပ်ရတာမလွယ်ဘူး။ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွေရဲ့ လက်ညှိုးထိုးမေးငေါ့တာတွေကို မခံနိုင်ရင် ပိုတောင်မလွယ်ဘူး။
"အင်း" သူနားထောင်နေတာ မျက်တောင်တောင်ခတ်ရဲ့လားမသိ။လက်ထဲက မီးခြစ်ကိုတတောက်တောက်ခေါက်နေသေးတယ်။
"ဥပမာ နင်က ပန်းချီဆရာ၊အနုပညာသည်တစ်ယောက်ဖြစ်ချင်ဆိုပါတော့။ အဲ့အရာကိုမလုပ်ရရင် နင့်ဘဝကြီး လူဖြစ်ရှုံးပါပြီလို့ခံစားမိပြီး အနုပညာတစ်ခုခုဖန်တီးနေရရင် အဆင်ပြေနေပြီလို့ ခံယူထားတယ်ဆိုပါတော့။အနုပညာရှင်ဆိုလို့ facebook က တစ်ချို့မီဒီယာတွေက အင်တာဗျူးနေတဲ့ စောက်ပေါတွေကိုပြေးမြင်မနေနဲ့ဦးနော်။ထားပါ။
တစ်ရက်မှာ အောင်မြင်ကျော်ကြားနေပါတယ်ဆိုတဲ့သူတစ်ယောက်က နင့်ကိုတွေ့ပြီး မိုက်လိုက်တာ။လူဖြစ်လာရင် ဘာလေးတွေတော့ ပိုင်ဆိုင်မှုရှိမှပေါ့။အနုပညာက ဘာလုပ်လို့ရလို့လဲလို့မေးလာချိန်မှာ ရှင်ကျွန်မနဲ့ဝေးဝေးနေစမ်းပါ ဒါကျွန်မဘဝ။ရှင့်အပူမပါဘူးလို့ သူ့ကိုကြည့်ပြီး ပြောနိုင်လာတာမျိုးဟာ နင့်ဘဝရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့နင် နေထိုင်တတ်သွားတာပဲ။ငါ့အထင်တော့ ဘယ်သူ့ဘဝကိုမှ အာချောင်ပြီး judge မလုပ်သင့်သလို ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ့်ဘဝကို နေထိုင်နေဖို့ပဲအရေးကြီးတယ်ထင်တယ်"
ကျနော်စကားခဏရပ်လိုက်တော့ သူမက စကားဝိုင်းကိုဆက်ပြောတယ်။
"လူတွေက သူတို့မြင်နေရတဲ့ ဘဝတွေကို ကိုယ့်ပေတံနဲ့ပဲ တိုင်းတာချိန်ထိုးနေတယ်လို့တော့ ငါလည်းထင်တယ်။ အာချောင်လိုက်ရမှကို နေသာထိုင်သာရှိတဲ့သူတွေလည်း ရှိကိုရှိတယ်။ပိုဆိုးတဲ့ အသိုင်းအဝိုင်းတွေရဲ့ စံနှုန်းအရဆို ဘဝအတွက် ရွေးစရာ option နှစ်ခုရှိတယ်။တစ်ခုက ဆရာဝန်နဲ့အင်ဂျင်နီယာ ၊ နောက်တစ်ခုက မိသားစုကိုစိတ်ပျက်အောင်လုပ်ခြင်းတဲ့"
"ဟဲဟဲ။အဲ့စံနှုန်းအရဆို ငါတို့နှစ်ယောက်တော့ ဒုတိယတစ်ခုကိုရွေးမိနေပြီထင်တယ်။ ငါဆိုလိုတာက အဲ့ဒါမျိုးပဲလေ။ အားလုံးက ဘဝအတွက် Program ကိုယ်စီနဲ့ရောက်လာခဲ့ကြတာ။ ဘာဖြစ်မှ ဘဝမှာနေပျော်မယ်ဆိုတာထက် အရေးကြီးတာတွေရှိတယ်။ဘဝမှာ လူတိုင်းအောင်မြင်ချင်တယ်လို့နင်ထင်လား။ငါတော့ မထင်ဘူး။ဒါပေမယ့် အသက်ရှင်ဖို့တော့ လိုအပ်တဲ့ရုန်းကန်မှုလေးတွေတော့ လိုတာပေါ့။ နင်ကခရီးတွေအမြဲတမ်းသွားချင်နေတဲ့သူဆိုရင် လိုအပ်တဲ့ငွေကြေးအတွက် နင်အလုပ်လုပ်ရမှာပဲ။ဒီထဲမှာ တစ်ချို့က အေးဆေးပဲနေချင်ကြတယ်။ပြိုင်ဆိုင်နေကြတဲ့ အသိုင်းအဝိုင်းတွေနဲ့ ဝေးလေကောင်းလေဆိုတဲ့ပုံစံမျိုး။ငါဆိုရင် အပေါင်းအသင်းအများကြီးရှိပေမယ့် အချိန်အများစုကိုတစ်ယောက်တည်းနေချင်တယ်။တစ်ခါတစ်လေလည်း ထိပ်ဆုံးဆိုတဲ့နေရာတစ်ခုရောက်ပြီး လူတွေအားကျတာခံချင်သလို တစ်ခါတစ်လေလည်း အလုပ်ကပြန်လာတဲ့တစ်ရက်မှာ ခေါက်ဆွဲပြုတ်ထုတ်လေးဝယ်၊စာအုပ်တွေနဲ့ရှုပ်ပွနေတဲ့
တိုက်ခန်းပေါ်တက်ပြီး အကြိုက်ဆုံးရုပ်ရှင်လေးပြန်ကြည့်ရင်း အိပ်ပျော်သွားတဲ့ဘဝမျိုးလဲ ဖြစ်ချင်နေပြန်တယ်။ငါ့ကိုယ်ငါ နားမလည်သေးလို့လည်း ဖြစ်ပါလိမ့်မယ်။နင်ကရော"
သူမကခေါင်းခါပြတယ်။တဆက်တည်း နှုတ်ကလည်း မသိသေးဘူးလို့ ပြောတယ်။ကျနော်ပဲ ဆက်ပြောဖြစ်လိုက်တယ်။
ကမ္ဘာကြီးက အရောင်စုံတဲ့ပန်းတွေနဲ့ပဲကွာ။ အားလုံးက အောင်မြင်သူဖြစ်စရာမလိုသလို အားလုံးက အနုပညာရှင်ကြီးဖြစ်စရာလည်းမလိုဘူး။ကိုယ့်ဘဝနဲ့ကို ကမ္ဘာကြီးရဲ့အရောင်အဆင်းပြည့်စုံခြင်းမှာ အရောင်တစ်ခုအနေနဲ့ အဓိပ္ပါယ်ရှိရှိပါဝင်နေဖို့ပဲလိုတာ။အဓိပ္ပါယ်ဖွင့်ဆိုမှုက တခြားသူတွေအပေါ် စောက်ကျင့်မယုတ်မိဖို့တော့ လိုမှာပေါ့လေ။ နင့်အဓိပ္ပါယ်ဖွင့်ဆိုပြီးလို့ အဆင်မပြေလာရင်လည်း တစ်ခြားဘဝတွေကို အပူမကပ်နဲ့။ကိုယ်ချစ်တဲ့ဘယ်ဘဝပုံစံနဲ့နေရလို့ လူဖြစ်ရှ့ုံးသွားပြီဆိုတာမရှိဘူးဟာ။လူဖြစ်ရှုံးတယ်လို့ခံစားမိနေတာကမှ တကယ်ရှုံးတာပဲ။ ဆရာသစ္စာနီရဲ့ ကဗျာတစ်ကြောင်းမှာ ပန်းများသည် အရောင်စုံသော်လည်း ရန်မဖြစ်ကြပေ တဲ့။ ငါတို့ကမ္ဘာကြီးကလည်း ကိုယ့်ဘဝနဲ့ကိုအရောင်စုံနေကြတာ ပြသနာမရှိကြဘူး။တစ်ယောက်ဘဝကိုတစ်ယောက်ပေတံနဲ့လိုက်နှိုင်းပြီး ရန်ဖြစ်မနေကြဖို့တော့လိုတယ်လို့ထင်တယ်။"
မေးခွန်းအတွက် သူမစိတ်ကျေနပ်ရဲ့လား ကျနော်မသိဘူး။ကော်ဖီတစ်ခွက်တော့ သူဝယ်တိုက်တယ်။ပြီးတော့ ဆူးလေဘက်ကိုခဏသွားပြီး စာအုပ်ဆိုင်ဝင်ဖြစ်ကြတယ်။သူမကို ဆရာအောင်ခင်မြင့်ရဲ့ ဆိုနာတာ စာအုပ်ဝယ်ပေးခဲ့တယ်။
-ဆပ်ရိပ်
၂၆.၄.၁၉
Comments
Post a Comment